ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ RSS Available

Filtrados por etiqueta သတင်း

Recent posts en este blog. Buscar esta etiqueta en otros blogs.

ရခိုင်ဆရာတော် ဦးပညာစာရကို မည်သည့်ထောင် ပြောင်းရွှေ့မှန်း မသိရ

Publicado el 19/10/2010 por kyaukphru
Etiquetas:သတင်း

2010-10-18

ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို စစ်အစိုးရ အာဏာပိုင်တွေက မိသားစုနဲ့ ရှေ့နေကို အကြောင်းမကြားပဲ စစ်တွေ အကျဉ်းထောင်ကနေ အခြားထောင်တခုကို ပြောင်းရွှေ့လိုက်တယ်လို့ ဆရာတော့်ကို အောက်တိုဘာ ၁၈ ရက် ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ဖို့ ကြိုးပမ်းခဲ့သူတွေက RFA ကို ပြောပါတယ်။

(Map: AAPP)

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ နာမည်ဆိုးဖြင့် ကမ္ဘာကျော်သော အင်းစိန်ထောင်ကို အနီရောင် အမှတ်အသား ပြထားပါသည်။ (Map: AAPP)

ဒကာ ဒါယကာမတွေအနေနဲ့ ဆရာတော် ဘယ်ထောင်ကို ပြောင်းရွှေ့ခံရတယ်ဆိုတာ ဆက်လက် စုံစမ်းနေကြဆဲ ဖြစ်တယ်လို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ထောင်ဝင်စာ တွေ့ခွင့်ပြုထားတဲ့ ဆရာတော်ရဲ့ တူ ဒကာပေါ့လေ၊ အဲဒါ ဒီနေ့ သွားပြီးတော့ ထောင်ဝင်စာ သွားတွေ့တဲ့ အချိန်မှာမှ မရှိတော့ဘူးဆိုတာပဲ သိရပါတယ်။ ဘယ်ကို ပို့လိုက်လဲဆိုတော့ မသိပါဘူးပေါ့။ မရှိဘူးဆိုတာကိုပဲ အတည်ပြုလိုက်ပါတယ်။ ဘယ်ထောင်ကို ပို့လဲဆိုတာတော့ အခုထိ မသိရသေးပါဘူး။ ဆိုတော့ ဒီနေ့တော့ စုံစမ်းနေကြပါတယ်။ ဒကာတွေ အဖွဲ့ကပေါ့။”

ဆရာတော် ဦးပညာစာရဟာ သက်တော် ၅၇၊ ဝါတော် ၃၇ ဝါ ရှိပြီး၊ အခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ စစ်အစိုးရက ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ စည်ပင်သာယာ အက်ဥပဒေ၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုခဲ့ပြီး၊ စက်တင်ဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၈ နှစ်နဲ့ ၃လအပြင် ငွေဒဏ် ကျပ်ငွေတသောင်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဆရာတော်ဟာ စစ်တွေ အကျဉ်းထောင်မှာ ရှိခဲ့စဉ်အတွင်း အာဟာရ ချို့တဲ့မှုကြောင့် ဖောရောင်တဲ့ ဝေဒနာ ခံစားနေခဲ့ရတယ်လို့လည်း သိရပါတယ်။

ဆရာတော် ဦးပညာစာရရဲ့ ရှေ့နေ ဒေါ်အေးနုစိန်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

 

http://www.rfa.org/burmese/news/arakanese_abbot_transferred_to_another_prison-10182010160136.html

Leer artículo   Añadir comentario

ပဉ္စ၀တီ FM မှ ဆရာတော် အရှင်ပညာစာရ မကောင်းကြောင်း သတင်းများ ထုတ်လွှင့်

Publicado el 02/10/2010 por kyaukphru
Etiquetas:သတင်း

Listening FM Radio

စစ်တွေမြို့မှ ထုတ်လွှင့်နေသော ပဉ္စ၀တီ FM မှ ဆရာတော် အရှင်ပညာစာရ မကောင်းကြောင်း သတင်းများကို ထုတ်လွှင့်နေကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ လူငယ် တစ်ဦးက “ သူတို့က သီချင်းတွေ လွင့်တယ်။ ပီးရင် ဆရာတော် မကောင်းကြောင်း သတင်းတွေကို လွှင့်တယ်။ နောက် သတင်းတွေလာတယ်။ သီချင်းတွေက လူငယ်တွေ အကြိုက်ဆိုတော့ လူငယ် အများစုက နားထောင်ကြပါတယ်။ အဲသလို နားထောင်တဲ့ လူငယ်တွေကို ဆရာတော်ကို အရေးယူရတာဟာ မကောင်းမူ ကိုလုပ်တဲ့ အတွက် ဖြစ်တယ်ဆိုပီး သူတို့က ၀ါဒဖြန့်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် တခြား ရဟန်းငယ် တစ်ပါးကလည်း “ ပြည်ပ သတင်းဌာနတွေက ဆရာတော် ပညာစာရ သတင်းလာပီဆိုရင် နောက်တစ်နေ့မှာ ပဉ္စ၀င်္တီက ဆရာတော် မကောင်းကြောင်းကို လွင့်ထုတ် ပါပြီ။ ဦးဇင်းတစ်နေ့ နားထောင်တော့ သူတို့က ဘယ်လို လွင့်သလဲဆိုရင် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အထူးတည်ငြိမ်အေးချမ်းတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ်။ ဒါကို မနာလို မရှု့စိမ့်တဲ့ သူတွေက ဗုံးခွဲဖို့ ကြံစည်ကြိုးစားတဲ့ အတွက် အချိန်မှီ ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်။ ခုလည်း ဆရာတော် ပညာစာရဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်လာတဲ့ အတွက် သာသနာ့ သန့်ရှင်းရေး အတွက် ဖမ်းဆီး အရေးယူရတာ ဖြစ်တယ်ဆိုပီး ထုတ်လွှင့်သွားတာကို ဦးဇင်း နားထောင်လိုက်ရပါတယ်” ဟု ပြောသည်။

ပဉ္စ၀တီ FM မှာ ရခိုင်ပြည်နယ်ကို ဖွဲ့စည်းထားသော ဒွါရ၀တီ၊ ရမ္မာဝတီ၊ မေဃ၀တီနှင် ဓည၀တီတို့ အပြင် ဧရာဝတီတိုင်းသို့ပါ ထုတ်လွင့်သဖြင့် ပဉ္စ၀တီဟု အမည်ပေးထားင်္ပြီး နံနက် ၆ နာရီမှ ညနေ ၁၀ နာရီထိ ထုတ်လွှင့်ကြောင်း သိရသည်။

ယခင်က ရခိုင်စကားဖြင့် တစ်နာရီနီးပါးခန့် ထုတ်လွင့်ခွင့်ရရှိခဲ့သော်လည်း ယခုအခါ နာရီဝက်ခန့်သာ ရရှိပြီး နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တစ်ရက် နှစ်ကြိမ်စီ ထုတ်လွင့်ကြောင်း သိရသည်။

“ အစပိုင်းကတော့ လူတွေ အတော်များများ နားထောင်ကြပါတယ်။ ခုတော့ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကိုတော့ သိလာတဲ့ အတွက် နားထောင်တဲ့သူက အရမ်းနည်းလာပါတယ်။ FM တစ်ခု ရှိတာတောင် ဒေသစကားပြောနဲ့ မလွင့်ရဘဲ ဗမာစကားနဲ့ လွင့်တယ်ဆိုကတည်းက ဘာရည်ရွယ်ချက်လဲ ဆိုတာ လူတွေက အခုတော့ အကုန်လုံး နားလည် သဘောပေါက်လာကြပြီ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

ယခုအခါ ပဉ္စ၀တီ FM မှ နအဖ အကျိုးပြု ဆောင်းပါးများ၊ လုပ်ဆောင်ချက်များကိုသာ အဓိက ထုတ်လွင့်လာသဖြင့် လူထု အကျိုးပြုရေးထက် နအဖ ပေါ်လစီ မူဝါဒများကို ၀ါဒဖြန့်ရန်အတွက် ရခိုင်တွင် အခြေစိုက် လာခြင်း ဖြစ်သဖြင့် နားထောင်သူ အရေအတွက် ယခုအခါ အထူး လျော့နည်းလာကြောင်း သတင်း ရရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

http://www.narinjara.com/detailsbur.asp?id=2769

Leer artículo   Añadir comentario

အရှင်ပညာစာရကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

Publicado el 30/09/2010 por kyaukphru
Etiquetas:သတင်း

စစ်တွေမြို့ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၁၀၀၀၀ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။

“အမှုစစ်ဆေးရာမှာ ဥပဒေနဲ့ မလျော်ညီဘူး ၊ ရဲက တရားပြိုင်ပြသက်သေတွေကို ဖိအားပေးတာတွေရှိတယ် ၊ အခု စီရင်ချက်ဟာ လည်း တရားမျှတမှုမရှိတဲ့အတွက် ဆရာတော်ရဲ့ ရှေ့နေက တရားရုံးချုပ်အထိ ပြင်ဆင်ခွင့်တင်သွားမယ်လို့ သိရတယ်"ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။

အရှင်ပညာစာရကို နိုင်ငံခြားငွေကိုင်ဆောင်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ၊ ညစ်ညမ်းမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ ၊ သာသနာညိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ၊ ပစ္စည်းအလွဲသုံးစားလုပ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် နှင့် စည်ပင်အက် ဥပဒေ အရ ဒဏ်ငွေကျပ် ၁၀၀၀၀ သီးခြားစီကျခံစေရန် ဒုတိယခရိုင်တရားသူကြီး ဒေါ်ဝါ၀ါထွန်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှုစွဲတင်စဉ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅ (ခ) နှင့် လိမ်လည်မှု ပုဒ်မ ၄၂၀ တို့ကိုပါ ထည့် သွင်း ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပုဒ်မများကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့သည်။ ထို့နောက် ဆရာတော် ထိန်းသိမ်းစောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကိုလည်း အစိုးရပိုင် လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့သည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ကြောင်း မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေ စုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ၊  နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆနေကြသည်။

အရှင်ပညာစာရ၏ တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့သည့်အပြင် တရားလိုပြသက်သေများကို တရားလို ရဲရှိရာ ရဲစခန်းအတွင်း ခေါ်ယူထားခြင်း ၊ တရားပြိုင်ပြ သက်သေများကို ရဲက ဖိအားပေးနှောင့်ယှက်ခြင်းများ ရှိခဲ့ကြောင်း အမှုကို စောင့်ကြည့်နေသူများက ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် အနောက်ပိုင်းတိုင်း တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ပေ။

လတ်တလောတွင် ရခိုင်ပြည်နယ်ရှိစာသင်သားသံဃာများက ဆရာတော်လွတ်မြောက်ရေးထပ်မံတောင်းဆိုရန် ပြင်ဆင်နေကြ ကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။

 

http://irrawaddy.org/bur/index.php/news/1-news/4172-2010-09-29-10-01-14

Leer artículo   Añadir comentario

အရှင်ပညာစာရအမှု မနက်ဖြန်စီရင်ချက်ချမည်

Publicado el 29/09/2010 por kyaukphru
Etiquetas:သတင်း

ပုဒ်မ ၇ ခုဖြင့် ဒေသခံရဲက အမှုစွဲတင်ထားသော စစ်တွေမြို့ရှိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို မနက်ဖြန်တွင် တရားရုံးက စီရင်ချက်ချရန် ရုံးချိန်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

rakhaing-sayartaw

နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုအပါအဝင် ပုဒ်မ ၇ ခုနှင့် တရားစွဲခံထားရသည့် အရှင်ပညာစာရ နှင့် ကလေးငယ်များ(ဓာတ်ပုံ - Freedom Burma)

ထိုအမှုကို စောင့်ကြည့် နေသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ အတွင်းရေးမှူး ကိုခိုင်ပြည်စိုးက “မနေ့က အထိ တောက်လျှောက် ရုံးထုတ် စစ်ဆေး လာပြီး မနက်ဖြန်မှာ စီရင်ချက် ချတော့မယ်လို့ ရုံးချိန်းပေး လိုက်ပါတယ်။ ကျနော်တို့ မြို့ခံတွေ ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ အစိုးရ တရားရုံးက ကိုင်တွယ်ခွင့် မရှိဘဲ သံဃာ့ အရေးကို သံဃာ့ အဖွဲ့အစည်း တွေကပဲ ဆောင်ရွက်ခွင့် ရှိတယ်လို့ မြင်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး စစ်တွေအမှတ် ၁ ရဲစခန်းတွင် လူဝတ်လဲပေးကာ ချုပ်နှောင်ခဲ့သည်။ 

ထို့နောက် စစ်တွေအမှတ် ၁ ရဲစခန်းမှူး ရဲအုပ်မြို့ဆွေက တရားလိုပြုလုပ်၍  ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထားသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ) စသည့် ပုဒ်မ တို့ဖြင့် စွဲချက်တင်ကာ စစ်တွေ တရားရုံးသို့ တင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က တရားရုံးမှာ ရှေ့နေဒေါ်အေးနုစိန်က တရားခံကို အနားမပေးဘဲ နေ့စဉ်ရက်ဆက် ရုံးတင်စစ်ဆေးနေတာဟာ ဥပဒေနဲ့ လျော်ညီပါရဲ့လား၊ ဒီလို စစ်ဆေးနေတာဟာ ရခိုင်တပြည်နယ်လုံးမှာ ဒီအမှုတခုပဲ ရှိနေလို့လား၊ တရားပြိုင်ရှေ့နေ တဦးအနေနဲ့ အသေးစိတ် စုံစမ်းမေးမြန်းပိုင်ခွင့်မရှိဘူးလား၊ တရားပြိုင်ပြ သက်သေတွေကို လိုအပ်တာထက် ပိုမိုစစ်ဆေးတာဟာ ဥပဒေနဲ့ ညီရဲ့လား စတဲ့ အချက် ၄ ချက်ကို တရားရုံးကို မေးမြန်းခဲ့ပြီး ရုံးပြောင်း စစ်ဆေးပေးဖို့ တောင်းဆိုတာကို တရားသူကြီးမက ဒါဟာ ရုံးတော်ကို မထီမဲ့မြင်ပြုတာဆိုပြီး အချေအတင်ဖြစ်ခဲ့ရပါသေးတယ်” ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။

တရားပြိုင်ရှေ့နေ ဒေါ်အေးနုစိန် ခရီးထွက်ခိုက် လွှဲအပ်ခဲ့သော အမျိုးသမီးရှေ့နေ ၂ ဦးကိုလည်း စစ်တွေတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင် ရှေ့နေပါဝါများ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“ဆရာတော်ကို မာတုဂါမနဲ့ ဖောက်ပြားတယ်ဆိုပြီး စွပ်စွဲတယ်။ အခု သူတို့ စွပ်စွဲတဲ့ မာတုဂါမကိုယ်တိုင်က သူနဲ့ မကျူးလွန် ပါဘူးဆိုပြီး တရားရုံးမှာ ထွက်ဆိုထားတယ်။ တကယ်ဆို ဒီအမှုတွေဟာ သံဃာ့အဖွဲ့အစည်းကသာ ၀ိနည်းနဲ့ အညီ စစ်မေးပြီး လိုအပ်သလို ရွက်ဆောင်ခွင့်ရှိတာ။ အခုဟာကတော့ အစိုးရက သက်သက်မဲ့ ဆရာတော်ကို ထောင်ချဖို့ ကြံစည်နေတာပါ။ ဒါကြောင့် ဦးပဉ္ဇင်းတို့ စာသင်သားတွေက ဒီအမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဆရာတော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမှာပါ” ဟု စစ်တွေမြို့မှ သံဃာတော်တပါးက မိန့်သည်။

ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ခြင်းကြောင့် နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက  သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း  ဒေသခံတဦးက ပြောသည်။ 

ယမန်နေ့ကလည်း မွန်သံဃာတပါးကို အင်းစိန်ထောင်အထူးတရားရုံး၌ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။

http://www.irrawaddy.org/bur/index.php/news/1-news/4162-2010-09-28-11-40-51

Leer artículo   Añadir comentario

အရှင်ပညာစာရ လွတ်မြောက်ရေး တပြည်နယ်လုံး အတိုင်းတာဖြင့် သံဃာတော်များ လက်မှတ်ထိုး တောင်းဆိုမည်

Publicado el 26/09/2010 por kyaukphru
Etiquetas:သတင်း

-------------
မောင်အေး
-------------

Photo by: Rammawaddy.blogspot

စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲခံရပြီး တရား ရင်ဆိုင်နေရသည့် ဆရာတော် အရှင် ပညာစာရ လွတ်မြောက်ရေး အတွက် ရခိုင်ပြည်နယ် တခုလုံး အတိုင်းအတာဖြင့် သံဃာတော်များ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဦးဆောင်ရာတွင် ပါဝင်သည့် ရဟန်းတော် တပါးက “ အခု အစီအစဉ်ကို စာသင်သား ရဟန်းတော် တွေက ဦးဆောင်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဆရာတော် ပညာစာရမှာ အပြစ်မရှိတဲ့ အတွက် တရား ဥပဒေအတိုင်း ဖြစ်စေလိုတဲ့ အတွက် ခုလို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို ယခုအခါ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်၊ ပုဏ္ဍားကျွန်းနှင့် မင်းပြား မြို့နယ်များတွင် စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သူကပြောသည်။

“ဦးဇင်းတို့အခု လက်မှတ်တွေ ကောက်ခံနေတယ်။ နယ်ခံ ကိုယ်တော်တွေက မြို့နယ် အလိုက် ကောက်ခံနေတာ ဖြစ်တယ်။ တချို့ဆရာတော်ကြီးတွေလည်း ပါဝင်လာပါတယ်။ အခုတော့ ၂၀၀ လောက်ပဲ ရသေးတယ်။ ဘယ်လောက်ထိ ရမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး။ မကြာမှီ တင်ဖြစ်ဖို့ ဦးဇင်းထင်တယ်။”

ယခုကဲ့သို့ သံဃာတော်များ တစ်ပြည်နယ်လုံးအတိုင်းတာဖြင့် တောင်ဆိုရန် စီစဉ်လာရခြင်းမှာ စစ်တွေမြို့မှ တကာတကာမများ၏ တိုက်တွန်းမှုကြောင်း ဖြစ်သည်ဟု အဆိုပါ ရဟန်း တော်မှ ဆက်ပြောသည်။

“ဒီလိုဖြစ်လာဖို့ အဓိကအားပေးတာက ဒီကတကာတကာမတွေ အားပေးမှုကြောင့်ပါပဲ။ ဦးဇင်း တို့ ဆွမ်းခံကြွရင် တကာ တကာမတွေက ပြောတယ်။ ဦးဇင်းတို့ တောင်းဆိုလို့ ရွှေဝါရောင် တော် လှန်ရေးတုန်းကလည်း ရေလှူလို့ အဖမ်းခံရတဲ့ ကလေးနှစ်ဦး လွတ်လာတယ်။ ဒီကိစ္စမှာ လည်း ဦးဇင်းတို့ စုပေါင်း တောင်းဆိုရင် လွတ်နိုင်တယ်။ ဦးဇင်းတို့လုပ်သင့်တယ်ပေါ့။ ဒီလိုတကာတွေ တိုက်တွန်းလာတော့ ဦးဇင်းတို့လည်း အမှန်တရားအတွက် လုပ်သင့်တယ် ထင်ပီး ခုလို စီစဉ် လုပ်ကိုင်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။”

ဆရာတော် ပညာစာရမှာ အမျိုးဘာသာ သာသနာ အကျိုးကို ဆောင်ရွက်နေသော ရဟန်းတော် တပါးဖြစ်သည့် အပြင် မိဘမဲ့ လူမမယ် ကလေးများ အကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ဖြစ်၍ သက်ညှာသောအားဖြင့် လွတ်ပေးရန် အနောက်ပိုင်တိုင်းမှူးကို မေတ္တာရပ်ခံသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

စက်တင်္ဘာလ ၇ ရက်နေ့ကလည်း ဆရာတော်ပညာစာရအား တရားမျှတစွာ စစ်ဆေးရန် စစ်တွေ ပုဏ္ဍားကျွန်း မင်းပြားမြို့နယ်များမှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းထံ စာရေး မေတ္တာ ရပ်ခံခဲ့သော်လည်း တစုံတရာ ပြန်ကြားမှု မရှိကြောင်း သိရသည်။

ယခုအကြိမ်တွင်လည်း အာဏာပိုင်များဘက်မှ တစုံတရာတုန့်ပြန်မှု မရှိပါက သံဃာတော်များ အနေဖြင့် ဆရာတော် လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သူပြောသည်။

ဆရာတော် အရှင်ပညာစာရကို နေ့စဉ်ဆက်တိုက် ရုံးထုတ်စစ်ဆေးနေပြီး ဆရာတော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေနှစ်ဦးကိုလည်း တနင်္လာနေ့က ရှေ့နေပါဝါ ရုတ်သိမ်း လိုက်သည့်အတွက် ရှေ့နေဒေါ် အေးနုစိန်တဦးသာ လိုက်ပါဆောင် ရွက်နေကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

 

http://www.narinjara.com/detailsbur.asp?id=2761

Leer artículo   Añadir comentario

အရှင်ပညာစာရ အတွက် ရဟန်းတော်များ ပြုလုပ်သော အစည်းအဝေး ရဲအဖွဲ့က ၀င်ရောက် တားဆီး

Publicado el 23/09/2010 por kyaukphru
Etiquetas:သတင်း

 

ချိပ်ပိတ်ထားသော မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတံခါးကို ယခု ပြန်လည် ဖွင့်လှစ်ထားသည်ကို မြင်တွေ့ရစဉ်

စစ်တွေမြို့ရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတွင် ရဟန်းတော်များ ပြုလုပ်ရန် စီစဉ် ထားသော အစည်းအဝေးကို ရဲအဖွဲ့က၀င်ရောက် တားဆီးသဖြင့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ရဟန်းတော် တစ်ပါးက “ အစည်းအဝေးကို စက်တင်္ဘာလ ၂၁ ရက်နေ့ နေ့လည် တစ်နာရီ မှာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းထဲမှာ ပြုလုပ်မယ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ရဟန်းတော်တွေ ရောက်လာပီး အစည်း အဝေး မစခင် အချိန်ပိုင်း အတွင်းမှာဘဲ မင်းဂံရဲစခန်းက စခန်းမှူးနဲ့ အဖွဲ့ ရောက်လာပြီး အစည်းအဝေး မလုပ်ရဘူးဆိုပီး လာတားတဲ့ အတွက် အစည်းအဝေး ကို ဖျက်သိမ်းလိုက်ရပါတယ်” ဟု ပြောသည်။

အစည်းအဝေးကို ဝေသာလီ ဓမ္မပါလ ကျောင်းဆရာတော်မှ ဦးဆောင်၍ နီးစပ်ရာ ရဟန်းတော်များကို ဖိတ်ကြားကာ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

“ ဆရာတော်က နီးစပ်ရာ ရဟန်းတော်တွေကို ခေါ်ယူပြီး အရှင်ပညာ စာရ အတွက် နှီးနှော တိုင်ပင်လိုတယ်ဆိုပီး ခေါ်ယူတာ ဖြစ်ပါတယ်။ အရှင်ပညာစာရ အတွက် ဘယ်လို လုပ်ဆောင် မလဲ ဆိုတာကို ဆွေးနွေးရေး အတွက် ဖြစ်ပါတယ်။ ရဟန်းတော် ဆယ်ပါးခန့် ရောက်ရှိလာတဲ့ အချိန်မှာ ရဲသားတွေက သတင်းရသွားပီး လူစု လူဝေး မလုပ်ရဘူး။ အစည်း အဝေး လုပ်ရင် အာဏာဖီဆန်မူနဲ့ ဖမ်းမယ်ဆိုတော့ ပြဿနာ မတက်ချင်တာနဲ့ ဦးဇင်းတို့ အစည်းအဝေး လုပ်မှာကို လက်လျော့ လိုက်ပါတယ်” ဟု အဆိုပါ ရဟန်းတော်က ပြောသည်။

ယခုအခါ ဆရာတော် အရှင်ပညာစာရ သတင်းသုံးခဲ့ရာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းအား ချိတ်ပိတ်ထားရာမှ ကျောင်းတံခါးကို ဖွင့်လှစ်ထားပြီး ရဲအဖွဲ့ဝင်များက အနီးအနားမှ စောင့်ကြည့် နေကြောင်း သိရသည်။

“ သူတို့ ဘာကြောင့် ကျောင်းကို ချိတ်ပိတ်ထားရာကနေ ပြန်လည် ဖွင့်လှစ် လိုက်တယ် ဆိုတာကို မသိရဘူး။ တစ်ခုခုတော့ နောက်ကွယ်က အကြောင်းအရာတွေ ရှိမယ်။ ဆရာတော်ကို စွပ်စွဲထားတဲ့ အမူတွေလည်း တစ်ခုပီး တစ်ခု မဟုတ်မမှန်း သိလာတော့ အာဏာပိုင်တွေရဲ့ မတရားလုပ်ရပ်ကလည်း ပေါ်လာပြီလေ။ သူတို့ ဘာဆက် လုပ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ရဟန်းတော်က မိန့်ကြားသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဆရာတော်အား စစ်ဆေးရန် အမူ တစ်ခုတည်းသာ ကျန်ရှိပြီး အဆိုပါ အမူမှာ နိုင်ငံတကာမှ ကျောင်းအတွက် ပို့သော ငွေကြေးများကို အလွဲသုံးစား လုပ်မူ ဖြစ်သည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

http://www.narinjara.com/detailsbur.asp?id=2755

Leer artículo   Añadir comentario

အရှင်ပညာစာရ အမှုကို ယခု အပတ်အတွင်း အပြီးသတ် ဆုံးဖြတ်ရန် အခြေအနေရှိ

Publicado el 22/09/2010 por kyaukphru
Etiquetas:သတင်း

မောင်အေး
--------------

အရှင်ပညာစာရ ဖမ်းဆီးခံရပြီးနောက် လူသူ မရှိ ခြောက်ကပ်နေသော မဟာမုနိ ဗုဒ္ဓ၀ိဟာရ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲ ခံရပြီး အမှုရင်ဆိုင်နေရသည့် ဆရာတော် ပညာစာရ၏ အမှု ကို ယခု အပတ် အတွင်း အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ကြောင်း စစ်တွေမြို့မှ တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဆရာတော်၏ အမှုကို အမြန်ဆုံး တရား ဆုံးဖြတ်နိုင်ရန် အတွက် ဆရာတော်ကို နေ့စဉ် ရက်ဆက် ရုံးထုတ် စစ်ဆေးနေကြောင်း အဆိုပါ မြို့ခံမှ ပြောသည်။

“ဒီအပတ်ထဲမှာ အပြီးစစ်မယ်လို့ သိရတယ်။ တနင်္လာနေ့က ရုံးထုတ်တဲ့ အခါမှာလည်း ဆရာတော်နဲ့ စွပ်စွဲထားတဲ့ အမျိုးသမီး နှစ်ယောက်က ဆရာတော်နဲ့ ပြစ်မှားတာ မရှိလို့ထွက်ဆို သွားတယ်။ မနေ့ကလည်း စစ်တွေက အမျိုးသမီးတွေ တချို့ ဆရာတော်ဘက်က သက်သေ ထွက်ဆိုကြတယ်။ ဒီနေ့လည်း ရုံးထုတ်လို့ မြို့ကလူကြီး တချို့ ဆရာတော်ဘက်က သက်သေထွက်ဖို့ တရားရုံးကို လိုက်သွား ကြတယ်။”

ဒေါ်မာလာနှင့် မသန်းမေတို့မှ မိမိတို့မှာ ဆရာတော်နှင့် တစုံတရာ ပြစ်မှားမိခြင်း မရှိကြောင်း ရုံးတော်တွင် တိုက်ရိုက် လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ဆရာတော် အမူတွင် အစိုးရဘက်က အနိုင်ရရေး အတွက် ရှေ့နေ သုံးဦး လိုက်ပါ ဆောင်ရွက်နေကြောင်း၊ ဆရာတော်ဘက်မှ ရှေ့နေမ ဒေါ်အေးနုစိန်က တဦးတည်းသာ လိုက်ပါ ဆောင်ရွက်နေကြောင်း၊ မြို့ခံအများအပြားကလည်း ဆရာတော်ဘက်မှ ရပ်တည်ပြီး သက်သေထွက် ဆိုနေကြကြောင်း သူက ပြောသည်။

လက်ရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရ

ယခုအခါ ဆရာတော်အား မဟုတ် မတရား စွပ်စွဲထားသည့် အမှု ၇ မှု အထဲမှ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုနှင့် တခြား စွဲချက်တခုကို တရားရုံးမှ လုံးဝ ပလပ် လိုက်ပြီး ကျန် ၅မှုကိုသာ စစ်ဆေး နေကြောင်း သူက ပြောသည်။

စစ်တွေမြို့ခံအများအပြားမှာ ဆရာတော်အား ဖမ်းဆီးစဉ်က ဆရာတော်နှင့် ပတ်သက်ပြီး ယောင်လည်လည် ဖြစ်နေခဲ့သော်လည်း ယခုအခါ ဆရာတော်ဘက်မှာ သိသိသာသာ ရပ်တည် လာကြပြီး အဖြစ်မှန်ကို နားလည် သဘောပေါက် လာကြောင်း သူကပြောသည်။

“ပထမကတော့ မြို့လူထု အများစုက ဆရာတော်နဲ့ပတ်သတ်လို့ ယောင်ဝါးဝါး ဖြစ်နေကြတယ်။ အခုတော့ မာတေဇာက လူတွေ မမှန်မကန် လုပ်တယ်ဆိုတာ သိလာကြတဲ့ အတွက် အများကတော့ ဆရာတော်ဘက်က ရပ်တည်လာကြပါတယ် ”ဟု ပြောသည်။

သို့သော်လည်း ဆရာတော်မှာ ရခိုင် အမျိုးသားရေးကို ဆောင်ရွက်သော ပုဂ္ဂိုလ် တပါး ဖြစ်သဖြင့် ဗြိတိသျှ နယ်ချဲ့ အင်္ဂလိပ်တို့ ဆရာတော် ဦးတ္တမအား ထောင်ချသကဲ့သို့ နအဖ စစ်အစိုးရမှ ဆရာတော် ပညာစာရကိုလည်း အမူတခုခုဖြင့် အကွက်ဆင် အပြစ်ရှာပြီး ထောင်ချနိုင်ကြောင်း တတ်သိ နားလည်သူများက ပြောဆိုနေကြသည်ဟု သူက ပြောသည်။

ဆရာတော်ကို တနည်းနည်းဖြင့် ထောင်ကျအောင် ချမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွေ့မည် ဆိုသော သတင်းလည်း စစ် တွေမြို့တွင် ထွက်ပေါ်နေကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

 

http://www.narinjara.com/detailsbur.asp?id=2753

Leer artículo   Añadir comentario

ဖမ်းဆီးခံထားရသော ဦးပညာစာရနှင့်ပတ်သက်ပြီး ဆရာတော်ကြီး ၁၄ ပါးက မေတ္တာရပ်ခံစာပေးပို့

Publicado el 13/09/2010 por kyaukphru
Etiquetas:သတင်း

ဝင်းမြတ်၊ ရန်ကုန်
စက်တင်ဘာ ၁၂၊ ၂၀၁၀
လွန်ခဲ့သည့်ဇူလိုင်လက ရခိုင်ပြည်နယ်စစ်တွေမြို့တွင် အာဏာပိုင်များက ဖမ်းဆီးပြီး တရားစွဲဆိုခြင်းခံထားသော စစ်တွေ ဓမ္မ၀ိဟာရကျောင်းထိုင် ဆရာတော်အရှင်ပညာစာရ၏အမှုနှင့် ပတ်သက်၍ စစ်တွေ၊ မင်းပြား နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့မှ ကျောင်းထိုင် ဆရာတော် ၁၄ ပါးက လက်မှတ်ရေးထိုးပြီး တိုင်းမှူးထံသို့ မေတ္တာရပ်ခံစာပို့ထားသည်ဟုသိရသည်။ စစ်အစိုးရက ဖမ်းဆီးအရေးယူခြင်းမှာ ကျောင်းကော်မီတီများက တိုင်တန်းသောကြောင့်ဟု သိရပြီး ဆရာတော်အား သာသနာ ညှိုးနွမ်းစေမှု၊ လိမ်လည်မှု နိုင်ငံတော် အကြည်ညိုပျက်စေသည့် စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှု အပါအ၀င် ပုဒ်မ ၆ ခုဖြင့် တရားစွဲဆိုထားသည်။

 

 စစ်အစိုးရသည် ၄င်းတို့အား နိုင်ငံရေးအရ ထောက်ခံခြင်းမပြုပဲ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေခြင်း တို့ကြောင့် အပြစ်ရှာပြီး ဖမ်းဆီးတရားစွဲဆိုခြင်း ဖြစ်သည်ဟု မြို့နေလူထု အများစုက ယုံကြည်လျက်ရှိကြသည်။
ယခုပေးပို့သည့် စာတွင် ဆရာတော်များက `မတော်မတရား အလွယ်တကူစွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာရဟန်းတစ်ပါး တိုင်းတပါးဘာသာခြားတို့ အထင်အမြင်မသေးရအောင် ဥပဒေဘောင်အတွင်းမှဆောင်ရွက်ကြရေးအတွက် မေတ္တာရပ်´သည် ဟု  ဖော်ပြထားသည်။
ဆရာတော်အား ဖမ်းဆီးပြီးနောက် ရက်ပိုင်းအတွင်း ဆရာတော်ကျောင်းတွင် စောင့်ရှောက်ထားသည့် ကလေးငယ် ၁၀၀ ၀န်းကျင်ကိုပါ အခြားသောမြို့များသို့ စစ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် အတင်းရွှေ့ပြောင်းခဲ့သည်။ ဆရာတော်ဦးပညာစာရသည် မိဘများစွန့်ပစ်ထား၍ လေလွင့်နေသောကလေးငယ်များ ဘာသာခြားသို့ကူးပြောင်း ၀င်ရောက်သွားမည်ကိုစိုးရိမ်သဖြင့် ကယ်တင်ပြုစုပေးနေသော ရဟန်းတစ်ပါးဖြစ်သည်။
ရခိုင်ပြည်နယ် အနောက်ဘက်ရှိမြို့နယ်များတွင် ဘင်္ဂါလီကုလားများ တဖြည်းဖြည်း များပြားလာပြီး မောင်တောမြို့တွင် လူဦးရေ ၉၅ ရာခိုင်နှုန်းမှာ ဘင်္ဂါလီမွတ်ဆလင်ကုလားများဖြစ်ကြသည်။
၁၉၉၀ ခုနှစ်ဝန်းကျင်က မန္တလေးမြို့မှ သြဇာကြီးမားသည့် ဆရာတော် သံဃာတော်များအား ပတ္တနိကုဇ္ဖနကံ ဆောင်ခြင်းကြောင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သကဲ့သို့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ အရေးအခင်းတွင်လည်း အစိုးရအား ဆန့်ကျင်သည့် အကြောင်းပြချက်ဖြင့် သံဃာတော်များအား ရိုက်နှက် ဖမ်းဆီး ထောင်ချအရေးယူခဲ့သည်။

(ပူးတွဲမှာ - ဆရာတော်ကြီးများ ပေးပို့သော လက်မှတ်ထိုးစာဖြစ်သည်)

http://moemaka.com/index.php?option=com_content&task=view&id=7144&Itemid=1

Leer artículo   Añadir comentario

အရှင် ပညာစာရအတွက် တရားမျှတမူကိုလို၍ တိုင်းမှူးထံ စာရေးရခြင်း ဖြစ်ကြောင်း ဆရာတော်တပါးက ပြော

Publicado el 12/09/2010 por kyaukphru
Etiquetas:သတင်း

9/11/2010

Adjust font size:  

 

ဖမ်းဆီး လူဝတ်လဲခံထားရသော ဆရာတော် ရမ္မာဝတီ ပညာစာရအပေါ် တရား စွဲဆို ထားသော အမူများမှာ တရားဥပဒေနှင့် ညီညွတ်မူ မရှိသဖြင့် အမူကို လျော့ပေါ့ ပေးရန် စစ်တွေမြို့မှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူးထံ မေတ္တာရပ်ခံစာ တစ်စောင်ကို ယခုလ ၇ ရက်နေ့က ရေးသား ပေးပို့ ခဲ့သည်။

အသစ်ရောက်ရှိလာသော တိုင်းမှူး အသစ် ဗိုလ်မှူးချုပ် စိုးသိန်းထံ စာရေးရခြင်း အပေါ် စာရေးသား ပေးပို့ရာတွင် ပါဝင်သူ ဆရာတော်တပါးက နိရဉ္စရာသို့ ယခုကဲ့သို့ မိန့်ကြားသည်။

“ စာရေးသားပေးပို့တဲ့ ဆရာတော်တွေဟာ ဦးပညာစာရနဲ့ ကျောင်းနေဘက် ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။ ဆရာတော် အရှင် ပညာစာရဟာ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို နှစ်ပေါင်းမြောက်မြားစွာ ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီလို ပုဂ္ဂိုလ် တဦးအပေါ်မှာ မလိုလားအပ်တဲ့ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားတယ်။ ဒါကို တရားဥပဒေနှင့် ညီမျှအောင်၊ ဓမ္မအားဖြင့် ညီညွတ်အောင် ဆုံးဖြတ်ပေးဖို့၊ လျော့ပေါ့ပေးဖို့ တိုင်းမှူးထံ အသနားခံ တင်ပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တိုင်းမှူးမှ စွဲဆိုထားသော အမူများကို မလျော့ပေါ့ ပေးပါက ရှေ့ဆက် လုပ်ဆောင်ရန် မည်ကဲ့သို့ အစီအစဉ်များ ရှိပါသလဲဟု မေးကြည့်ရာ ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။

“ ဆရာတော်တို့ အနေနဲ့ လုပ်စရာ ဘာမှ မရှိပါဘူး။ မေတ္တာရပ်ခံရပ်ခြင်း သဘောနဲ့ စာရေး မေတ္တာ ရပ်ခံရတာ သက်သက်သာ ဖြစ်ပါတယ်။ ဆရာတော် အရှင် ပညာစာရ ကို စွဲဆိုထားတဲ့ အမူကို လျော့ပေါ့နိုင်၊ မလျော့ပေါ့နိုင် ဆိုတာကတော့ သူတို့ရဲ့ သဘောဘဲ ဖြစ်တယ်” ဟု ပြောသည်။

နအဖ စစ်အာဏာပိုင်များက ဆရာတော် အရှင် ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေး ကို ထိခိုက်ပျက်ပြားစေသည် ဆိုသော အမူ အပါအ၀င် မာတုကာမနှင့် ဖေါက်ပြန်မူ၊ ငွေကြေး အလွဲသုံးစားမူ စသည့် အမူပေါင်း ၇ မူဖြင့် တရား စွဲဆိုထားသည်။

ယခု စွဲဆိုထားသော အမူများမှာ တရားဥပဒေနှင့် ညီညွတ်မူ ရှိမရှိ မေးကြည့်ရာ ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။

“ တရားဥပဒေနဲ့ ညီညွတ်တယ်။ မညီညွတ်ဘူးဆိုတာကိုတော့ ဆရာတော်တို့ အနေနဲ့ မပြောလိုပါဘူး။ ဒါပေမယ့် ဘာသာရေး ရှုထောင့်က ပြောရမယ်ဆိုရင် ပထမ ပါရာစိက ကျတဲ့ ဆရာတော် တပါးကို ပထမ ပါရစိကနဲ့ အရေး ယူလိုက်ရင် ပီးတာပါဘဲ။ အခုတော့ ဒီလိုမှ မဟုတ်ဘဲ ၀ိဓါတ် ၀ိဟာရတွေ အမျိုးမျိုး ထုတ်ပီးတော့ တရား စွဲဆို ထားတယ် ဆိုတော့ ခံရတဲ့ ဆရာတော် ဘက်ကလည်း ၀င်စဉ်းစားကြည့်ရင် သိနိုင် ပါတယ်။ အဲသလို အခြေအနေတွေကြောင့် တိုင်းမှူုးဆီကို အသနားခံစာ ရေးသား ပေးပို့ရတာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

အနောက်ပိုင်းတိုင်းမှူးထံ စာရေးသား ပေးပို့သော ဆရာတော်များမှာ စစ်တွေ ပုသိမ် ကျောင်းတိုက်၊ ဘင်္ဂလာ အ၀ကျွန်း ကျောင်းတိုက်၊ ဝေသာလီ ဓမ္မရတနာကျောင်းတိုက်၊ နိဂြောဓါရုံ ကျောင်းတိုက်၊ ဓမ္မပါလ ကျောင်းတိုက်၊ သုစိတ္တာရာမ ကျောင်းတိုက်၊ သုဓမ္မရက္ခိတ ကျောင်းတိုက်၊ ဦးဝါယမ ကျောင်းတိုက်၊ ဓမ္မ၀ိဇယျ ကျောင်းတိုက်၊ ဥဿလင်းကျောင်းတိုက်နှင့် ပုဏ္ဍားကျွန်း မြို့နယ် ငပြောက်ဆည် ကျောင်းတိုက်နှင့် မင်းပြားမြို့နယ် ပန်းမြောင်း ရွှေဖေါင်တင် ကျောင်းတိုက်တို့မှ ဖြစ်ကြသည်။

ဆရာတော်များ ရေးသားပေးပို့သော စာမှာ ၅ မျက်နာ ရှိပြီး စာထဲတွင် “ ဦးပညာ စာရသည် အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော ပရဟိတ ဘုန်းကြီး ဖြစ်ခြင်း၊ မိမိတို့ ဗုဒ္ဓဘာသာကို အသက် သိက္ခာနှင့် ကာကွယ် စောင့်ရှောက်ခြင်း၊ အရာရာသည် သည်းခံ ခွင့်လွှတ်တတ်ခြင်း စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့် အလုပ်ကို လုပ်ဆောင်နိုင်ခြင်း တို့ကြောင့် မတော် မတရား အလွယ် တကူ စွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာ ရဟန်း တစ်ပါး တိုင်းတစ်ပါး ဘာသာခြားတို့ အထင်အမြင် မသေးရအောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက် ကြရေး အတွက် မေတ္တာရပ်ရင်း နိဂုံးပြုအပ်ပါသည်” ဟု ဖေါ်ပြ ပါရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

 

http://www.narinjara.com/detailsbur.asp?id=2729

Leer artículo   Añadir comentario

ဥပဒေအရ စစ်ဆေးရန် ရခိုင်ဆရာတော်ကြီးများ တောင်းဆို

Publicado el 11/09/2010 por kyaukphru
Etiquetas:သတင်း

နယူးဒေလီ (မဇ္ဈိမ)။     ။ ရခိုင်ပြည်နယ်မှ ထင်ရှားသော သက်တော်ဝါတော်ကြီး ဆရာတော်ကြီးများက ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို သွေးစည်းခိုင်မာမှု ပြသသည့်အနေဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးထံ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုထားသော မေတ္တာရပ်ခံစာကို ပေးပို့ခဲ့သည်။

sayatawစစ်တွေ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းရှိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှ ကျောင်းထိုင် ဆရာတော်များက ဦးပညာစာရကို  စစ်ဆေးရာတွင် ဥပဒေဘောင် အတွင်းကသာ ဆောင်ရွက်ရန် လက်မှတ်ရေးထိုး တောင်းဆိုသော မေတ္တာရပ်ခံစာကို ယခုလ ၇ ရက်နေ့တွင် တိုင်းမှူးထံ လိပ်မူ၍ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ဦးပညာစာရ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဥပဒေဘောင်အတွင်းက တရားစီရင်မှုတခု ဖြစ်နိုင်အောင်လို့၊ ပြီးတော့ သူ အခုလို ကြုံနေချိန် ဆရာ၊ တပည့် သာသနာ့ ညီအကိုချင်း လုပ်သင့်တယ်ထင်လို့ ဒီလို စာပို့တာပါ” ဟု လက်မှတ်ထိုး တောင်းဆိုရာတွင် ပါဝင်သည့် အမည်မဖ်ာလိုသော စစ်တွေမြို့မှ ဆရာတော် တပါးက မဇ္ဈိမကို မိန့်တော်မူသည်။

အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော၊ အရာရာကို သီးခံခွင့်လွှတ်ခြင်း စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့်အလုပ်ကို လုပ်ဆောင်ခြင်းတို့ကြောင့်  မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာ ရဟန်းတပါးကို တိုင်းတပါး ဘာသာခြားတို့ အထင်အမြင် မသေးရအောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရေးအတွက် မေတ္တာရပ်ခံပါသည်ဟု စာထဲတွင် ရေးထားသည်။

“ဦးပညာစာရမှာ အပြစ်ရှိမရှိကိုတော့ ဦးဇင်းတို့ မသိနိုင်ဘူး။ တနှစ်လောက် အလုပ်လုပ်တဲ့ NGO လည်း မသိနိုင်၊ ကာယကံရှင်တို့ပဲ အသိဆုံး ဖြစ်ပါတယ်။ အခု စစ်ဆေးတဲ့ အခါမှာလည်း မမှန်တဲ့အကြောင်း ငြင်းဆိုချက်တွေ ထွက်လာနေပါပြီ” ဟု စစ်တွေ ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ကျောင်းတိုက် ၁၅ တိုက်တွင် မင်းပြားမြို့နယ်မှ ရွှေဖောင်တင် ပရိယတ္တိစာသင်တိုက်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ငပြောက်ဆည်ကျောင်းတို့အပြင် စစ်တွေမြို့နယ်မှ သုစိတ္တာရာမ၊ ဝေသာလီ ဓမ္မရတနာ၊ နိဂြောဓာရုံ၊ ဥဿာလင်း၊ ဓမ္မပါလနှင့် ပုသိမ် ကျောင်းတိုက် အပါအဝင် ကျောင်းတိုက်ပေါင်း ၁၃ တိုက် ပါဝင်သည်။

ဘုန်းတော်ကြီး ကျောင်းတိုက်များက ယခုလို မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မပခ တိုင်းမှူးထံမှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ဆရာတော် အမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ဦးရေ ၂ဝ ခန့် စစ်ဆေးမည်ဖြစ်ပြီး၊ ၄ ဦးသာ စစ်ဆေးရန် ကျန်ရှိကြောင်းနှင့် အမှု အခြေအနေမှာလည်း ဆရာတော်ဘက်က အားသာမှု ရှိလာကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။

“မာတုကာမနဲ့ ဖောက်ပြားတယ်ဆိုတဲ့ အချက်ကို တရားလိုပြ သက်သေတွေဖြစ်တဲ့ ဒေါ်မာလာနဲ့ မသန်းနွယ် ၂ ဦးလုံးက ငြင်းဆိုလိုက်ကြပါတယ်။ ဖောက်ပြားတာကို မြင်ပါတယ်ဆိုတဲ့ သက်သေကိုလည်း လုပ်ကြံစွပ်စွဲမှု ဖြစ်ကြောင်း  ရှေ့နေ ဒေါ်အေးနုစိန်က ပေါ်လွင်အောင် မေးနိုင်ခဲ့တယ်လို့ သိရပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

sayatawဆရာတော် ဦးပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေ အာဏာပိုင်များက မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး လိမ်လည်မှု (ပုဒ်မ ၄၂ဝ)၊ သာသနာတော် ညှိုးနွမ်းစေမှု (၂၉၅၊ ၂၉၂)၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (၄ဝ၆)၊ အစိုးရကို အကြည်အညို ပျက်စေသော စာရွက်စာတမ်းများ လက်ဝယ် ထားရှိမှု (၅ဝ၅ - ခ)၊ စည်ပင်အက်ဥပဒေ (၆၈ - ဂ)၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ (၂၄ - ၁) တို့ဖြင့် ယခုလ ၁ဝ ရက်နေ့မှစ၍ စစ်တွေခရိုင် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့မှစ၍ တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း ရုံးတင်စစ်ဆေးသည်။ ယနေ့တွင်လည်း စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့သေးသည်။

ဆရာတော်သည် ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲဇာတိ ဖြစ်သော်လည်း မြောက်ပိုင်းမြို့ စစ်တွေတွင် သီတင်းသုံးကာ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသည့်အပြင် ရှေးရခိုင်စာပေ သမိုင်းအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းသူဖြစ်ကြောင်းနှင့် ဖမ်းဆီးလိုက်ခြင်းသည် ရခိုင်ပြည် တောင်ပိုင်းနှင့် မြောက်ပိုင်း နေထိုင်သူတို့ကို အာဏာပိုင်များက သွေခွဲခြင်းနည်းလမ်း ဖြစ်သည်ဟု ဆရာတော်နှင့် နီးစပ်သည့် တကာတဦးက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဆရာတော် ပြုစုစောင့်ရှောက်ခဲ့သော ကလေးငယ် ၁ဝဝ နီးပါးခန့်ကို အာဏာပိုင်များက ဝေးလံသည့် မြန်မာပြည် အလယ်ပိုင်းဒေသများသို့ ပို့ဆောင်လိုက်ပြီး အချို့မှာ စစ်တွေမြို့၌ ကျန်ရှိသည်။

“အခု ကျန်ခဲ့တဲ့ ၇ တန်း၊ ၈ တန်း ကျောင်းသားတချို့ကို စစ်တွေ အရံရဲတပ်ဖွဲ့မှာ ထားတယ်။ သူတို့လေးတွေ တချို့က ကျောင်းမသွားဘဲ ရည်ရွယ်ချက်မရှိ ဖြစ်နေတယ်။ သူတို့လေးတွေကို ဆရာတော် ရှိတုန်းကလိုပဲ ပုံမှန်ဖြစ်စေချင်တယ်” ဟု RNDP ပါတီ အတွင်းရေးမှူး ခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

RNDP က ရပ်ဝေးသို့ ပို့ဆောင်ထားသည့် ကလေးသူငယ်များကို မူလနေရာတွင် ပြန်လည်ထားရှိရန် ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ ဦးပညာစာရ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ပြည်ပရောက် ရခိုင်အဖွဲ့အစည်းများနှင့် ရခိုင်လူမျိုးများက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

http://www.mizzimaburmese.com/news/inside-burma/6016-2010-09-10-15-34-58.html

 

Leer artículo   Añadir comentario

CTRL anterior
http://vzochat.com/es/blog/kyaukphru/page/2
© 2006-2012 Free Video Chat VZOchat! Todos los derechos reservados.
Encontrado un fallo o error en la traducción? Seleccione con el ratón y pulse Ctrl Enter para informe.