VZOchat Blogs RSS Available

Posts of prettygloria friends

"တကယ်လို့"

Posted on 4/5/2012 by prettygloria

တကယ်လို့..နင်သာဆွဲထားခဲ့ရင်
ငါနင့်ဘေးမှာ ရှိနေချင်ခဲ့တာပါ....
တကယ်လို့...နင်သာတားခဲ့မယ်ဆိုရင်
ငါနင့်ဘေးက ထွက်မသွားချင်ခဲ့တာပါ...
တကယ်လို့...နင်သာဆန္ဒရှိခဲ့ရင်
ငါနင့်ဘ၀ထဲကို ၀င်လာချင်ခဲ့တာပါ....
တကယ်လို့...နင်သာသေချာခဲ့မယ်ဆိုရင်
ငါနင့်ဘေးကို လာချင်ခဲ့တာပါ...
တကယ်လို့....နင်သာနားထောင်ချင်ခဲ့မယ်ဆိုရင်
ငါနင့်ဘေးမှာ ပြောလိုက်ချင်ခဲ့တာပါ
"ငါနင့်ကို သတိရနေမယ်နော်"

Read article   Add Comment

facebook ၏ရန်ဖြစ်သံ

Posted on 2/22/2012 by shweyoat

face book ပေါ်ရန်ဖြစ်

အော်ဟစ်ပြီးမနေသာ

စာသားများရှာ ။    ။

 

ကိုယ်ထင်ရာဇွတ်ရေး

မအေပေး တွေပါပါ။   ။

 

မရေရာဇွတ်ပြော

တောအရမ်းကျတာ

စရိုက်ဆန်ဆန်ရန်တွေ့

အပြင်မှာတွေ့ရင်

ပါးရိုက်ပစ်ဦးမှာ။     ။

 

အမှန်တတင်းကိုမတွေ့

ရန်ဖြစ်ရင်းပျော်မွေ့တာ

စစ်ကူအဖြစ် အဖော်တွေမပါတော့

နှုတ်ဆိတ်စွာ အမြီးကုတ်ပြန်ကြတာ  တာ့တာ  တာ့တာ။      ။

------------------------------------------------------------------

ဟီး.....မည်သူ့ကိုမှမရည်ရွယ်ပါ ။ မျက်လုံးထဲမြင်မနေတတ်လို့ လျှောက်ရေးမိတာ ။

                                                                                           ရွှေရုပ်

Read article   Discuss [2]

အွန်လိုင်းအက်ဒမင်တဲ့

Posted on 2/16/2012 by shweyoat

အလွန့်အလွန်တိုးတက်နေသော ခေတ်(အခုခေတ်) တွင် စာရေးချင်သော စာရေးရင်လက်စလက်နရှိသော  စာရေးရန် ပိုးရှိသော သူများသည် အွန်လိုင်းတည်းဟူသော ဆိုရှယ်ဆိုဒ်များကနေ လက်ရည်စမ်းကာ  ကဏ္ဍစုံ အကြောင်းရာစုံတို့အား တစ်ကမ္ဘာလုံးမြင်တွေ့ ဖတ်ရှိနိုင်ရန် ရေးသားနေကြပါသည်။ ထိုစာရေးသော သူများသည် မိမိရင်တွင်းမှလာသောခံစားချက် တစ်စုံတရာကို ဖြစ်စေ၊ သိမြင်ခဲ့သော အကြောင်းအရာ တစ်စုံတစ်ရာကိုဖြစ်စေ ရေးသားကြသလို သူများရေးထားသောပို့စ် အားကြိုက်သောအားဖြင့်ဖြစ်စေ (သို့မဟုတ်) အွန်လိုင်းတွင် နာမည်ကြီးရန် ရည်ရွယ်ချက်ထား၍ဖြစ်စေ  ပြန်လည်ကူးချ ဖော်ပြကြသည်။ ထိုသို့ ဖော်ပြရာ အရင်နစ် (၂)နှစ်လောက်တုန်းကတော့ ဆိုဒ်ပိုင်ရှင်တွေသာရှိခဲ့ပြီး အက်ဒမင်ဆိုသောရာထူးဆိုတာ မကြားဖူးခဲ့ပါ။

          ခုပို၍ ပို၍တိုးတက်လာသည်နှင့် အညီ အွန်လိုင်းအက်ဒမင်ရာထူးများခန့်အပ်လာကြပါသည်။ အရင်နှစ်(၂) နှစ်လောက်တွင် ပို့စ်တင်လျှင် တစ်ချိန်တည်းတက် တစ်ခါတည်းဖတ်နိုင်ခဲ့ပေမယ့် အခုအခါမှာတွင်တော့ အက်ဒမင်တည်းဟူသော စာစီစစ်သူများ စနစ်တကျရှိလာသောကြောင့် နိုင်ငံရေးကိုသော်လည်းကောင်း ဘာသာရေးကိုသော်လည်းကောင်း လှုမှုရေးကိုသော်လည်းကောင်း ထိခိုက်မှုများရှိလာသည့်အခါ မတင်သင့်က မတင်ဘဲထားကာ စိစစ်ကြပါသည်။ တစ်နည်းအားဖြင့် အွန်လိုင်းအက်ဒမင်ဆိုသည်မှာ အွန်လိုင်းအယ်ဒီတာများသာဖြစ်ပါသည်။ စာပေလောကတွင်ရှိသော အယ်ဒီတာများသည် ဂျာနယ်တွင်ဖြစ်စေ မဂ္ဂဇင်းတွင်ဖြစ်စေ ပေးပို့လာသောစာမှုများကို စီစစ်ကာ အရေးအသား သတ်ပုံ အကြောင်းအရာပြေပြစ်ခြင်းတို့ကိုစီစစ်၍ ဂျာနယ်စာမျက်နှာတွင် အကန့်အသတ်ဖြင့် ဒီအပတ်မဟုတ်လျှင် နောက်ထုတ်မည့် အပတ်အတွက် စီစစ်ရပါသည်။သို့ရာတွင် အွန်လိုင်းအယ်ဒီတာများအနေဖြင့် ဂျာနည် စာမျက်နှာလောက်မလောက် စီစစ်ရန်မလိုပေ။ တင်ပေးသင့်သော ပို့စ်များကို ဆိုဒ်သူဆိုဒ်သားများဖတ်ရှုစေရန် တင်ပေးကြပါသည်။

          သို့ရာတွင် အချို့ အချို့သောဆိုဒ်ပိုင်ရှင်များသည် မိမိပေးဝယ်ထားသော ဆိုဒ်အားစနစ်တကျရှိစေရန် အက်ဒမင်များစွာ( စည်းကမ်းပိုင်းအက်ဒမင်၊ကဗျာအက်ဒမင်၊ ၀ထ္ထုတိုအက်ဒမင် ၊ဆောင်းပါးအက်ဒမင်...) စသည်ဖြင့် မိမိတို့ဝယ်ထားသော်ဆိုဒ်ကို အက်ဒမင်ပေါင်းသောင်းခြောက်ထောင်ဖြင့် အသက်ရှင်လှုပ်ရှားစေပါသည်။ ထိုသို့ အွန်လိုင်းအက်ဒမင်ရွေးချယ်ရာတွင်လည်း အွန်လိုင်းပေါ်မှာတစ်နေကုန် တစ်နေခန်း ထိုင်နေနိုင်သူကိုသာဦးစားပေး အက်ဒမင်ခန့်ပါသည်။ ထို အက်ဒမင် ခန့်အပ်ခြင်း ခံရသောသူများသည်ဝထ္ထုတစ်ပုဒ်ကို အစဆုံးရေးဖူးကြသူများရှိသလို ၊ စာပေါင်းမြောက်များစွားကို ဖတ်ကြည့်ပြီးသူများ စာပေချစ်သူများလည်းပါရှိကြပါသည်။ အချို့ စာရေးနေသောသူများပင်ပါရှိပါသည်။ မည်သို့ပင်ဆိုစေကာမှု ဆိုဒ်သူဆိုဒ်သားများတင်ထားသော ပို့စ်ကို အရင်ဆုံးဖတ်ကာ တင်ပေးသည့်သူများသည် မိဘပိုက်ဆံ တစ်နေကုန်ထိုင်ဖြုန်းကာ အက်ဒမင်ရာထူးကို လိုလိုချင်ချင်လက်ခံယူကြပြီး စာဆိုတာကို နားကန်းတစ်လုံးမျှပင်မသိဘဲ တကယ့် စာပေချစ်သော စာရေးနေသော သူများ၏ ပို့စ်များကို ပိုင်ပိုင်နိုင်နိုင် တည်းဖြတ်ပိုင်ခွင့်ရှိနေကြပါသည်။

          အချို့ အချို့သောဆိုဒ်များတွင် ထို အက်ဒမင်များဖြစ်သောပြဿများကြောင့် ဆိုဒ်တွင်ပြသာများပေါင်းစုံဖြစ်ကာ ထို အက်ဒမင်များမုန်းတီးသော သူများ ဘန်းခြင်းများ(ဆိုဒ်မှထုတ်ပယ်ခြင်း) အက်ဒမင်အချင်းချင်း ဘန်းခြင်းများ ရှိခဲ့ဖူးပါသည်။

          ထို့ကြောင့် ဆိုဒ်ပိုင်ရှင်တို့စေတနာထားကာ စီစစ်ရန်တင်ပေးထားသော အက်ဒမင်များကြောင့် ဆိုဒ်ပိုင်ရှင်များသည်လည်း စေတနာအရင်းခံကာမှ ဝေဒနာအတင်းနှံနေရသူများဖြစ်ကြရပါသည်။ ထို့ကြောင့် အွန်လိုင်းထိုင်နေရုံဖြင့် ချက်တင်တစ်နေကုန်တက်နေရုံဖြင့် စာရေးသော သူများ၏စာများကို ဦးဦးဖျားဖျားမြည်းစားပြီး ဝေဖန်သည်ကိုလက်ခံပါနိုင်ကြပါသည်။ သို့သော် စာကိုစာလိုမမြင် စာကိုမသိ စာအကြောင်းနားမလည်ဘဲပိုက်ဆံ လေးရာပေးလျှင် တစ်နာရီ ထိုင်နိုင်ရုံမျှဖြင့် တစ်ကယ် စာရေးသောသူများကို ၏ပို့စ်ပေါင်းစုံကိုဖတ်ကာ ဒီပို့စ်ကဖြင့် ရီရတယ် ၊ဒီပို့စ်ကဖြင့် ဖတ်တော့ပါဘူးလေ တင်လိုက်ဦးမယ်။ ဒီပို့စ်ခေါင်းစဉ်ကဖြင့် ညှိနေသလားဘဲဆိုတာမျိုးဖြင့် စာရေးသူများ၏ခေါင်းစဉ်များကိုပါ ပိုင်ပိုင်နိုင်နိုင်ကြီးပြုပြင်လာပါတော့သည်။ ထိုသို့သောလုပ်ရပ်များသည်။ အလွန်ပင်ရိုင်းလှပါသည်။ အမှန်တကယ် အက်ဒမင်တစ်ယောက်လုပ်သင့်သည်မှာ အကယ်၍ ပို့စ်ခေါင်းစဉ်မှားနေလျှင်လည်း စာရေးသူနှင့်သာတိုင်ပင်ကာ မည်သို့ မည်ပုံ ပြင်ဆင်ရမည်ကို ဆွေးနွေးသင့်ပါသည်။

          ထို့အပြင် ထိုနားမလည်ဘဲ လူရည်လည်ပုံစံ အက်ဒမင်များသည် ဆိုဒ်မှ မျက်မုန်းကျိုးသောသူများကို စာများစောင်းမြောင်းရေးသားကာ ပို့စ်တင်ပြီးဖတ်စေခြင်းများလည်းရှိပါသည်။ ထိုအခါတွင် စောင်းမြောင်းရေးသားခံရသူ ထိုပို့စ်အားဖတ်ချိန်တွင် စာရေးတတ်သော်လည်း ပြန်လည်ချေပရာတွင် ထိုဆိုဒ်၌ပြန်လည်ချေပရန်မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော ထိုစာတတ်ပေတတ် အက်ဒမင်လက်ချက်ဖြင့် ပြန်လည်ချေပစာ ဆိုဒ်ပေါ်မရောက်ချေ ။ ထိုသို့သောအကြောင်းအရာများကို စာရေးသူတော်တော်များများ ကြုံဖူးကြပါလိမ့်မည်။

ထို့ကြောင့် ဆိုဒ်ရှင်သန်လိုသော သဘောရှိ ဆိုဒ်ပိုင်ရှင်များသည် စာရေးသူများကို စေတနာထားသောအားဖြင့် မိမိဆိုဒ်အတွက် စာကိုစာလိုသိသူများကိုသာ လက်ခံကာ မိမိတို့ဆိုဒ် ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ကြပါစေ ဆန္ဒပြုလိုက်ရပါတော့သည်။

 

                                                                             ရွှေရုပ်

Read article   Add Comment

သီတဂူဆရာတော်နာမည်သုံး ခုတုံးလုပ်စားနေကြသည် သတိထား (ဖြစ်ရပ်မှန် ကိုယ်တွေ့ )

Posted on 2/14/2012 by shweyoat

၁၁.၂.၂၀၁၂ ရက်နေ့  နေ့လည်ကလေ ရွှေရုပ်ဆီကို ဖုန်းလာပါတယ်

“..၀၉၇၃၀…….” ကလားခင်ဗျာ

“ဟုတ်ကဲ့ပါရှင့်”

“ကျွန်တော်တို့က မိုးယံရွှေလမင်းနဲ့မြတ်ဆုကဋေထီဆိုင်ကပါ လွန်ခဲ့တဲ့သုံးလေးလလောက်က အမ ကျွန်တော်တို့ထီဆိုင်မှာထီထိုးထားပါသေးလားခင်ဗျာ”

ရွှေရုပ်ရင်တွေ အရမ်းခုန်သွားပါတယ်။ ထီပေါက်ပြီလားလို့ပေါ့ ။မျက်နှာက ချက်ချင်းကြီးဖြီးကျသွားပါတယ် ဖွဟဲ့ သိန်းဂဏန်းလောက်တော့ အသာလေးဖြစ်ပါစေ ။အသံကလဲ တော်တော်ချိုသွားတာကို ကိုယ့်ဘာသာကိုယ်သတိထားမိသွားတယ်။

“ဟုတ် ထိုးတာပေါ့ရှင်”

“အမကို ၀မ်းသာစရာစကားပြောမလို့ပါ ”

“ရှင် ဟုတ်ကဲ့ ဟုတ်ကဲ့ ”

“အမထီပေါက်လို့တော့မဟုတ်ပါဘူး”

“ဟင်….”

ဒါများဘာဝမ်းသာစရာကောင်းလို့လဲ ။ ဟွန်း….

“ဒါပေမယ့် အမ ကျွန်တော်တို့ဆီက ကံစမ်းမဲပေါက်ပါတယ်ခင်ဗျ အမကို ကျွန်တော်တို့ဝန်ထမ်းတွေ အကြောင်းမကြားခဲ့တာ ကျွန်တော်တို့ရဲ့ပေါ့လျှော့မှုမို့တောင်းပန်ပါတယ်ခင်ဗျ”

“ဟုတ်ကဲ့ ရပါတယ်ရှင့်”

ဟယ် ကံစမ်းမဲပေါက်တယ်ဆိုဘဲ အနည်းဆုံးတော့ CDMAဖုန်း လောက်ဖြစ်ပါစေ…ဟိဟိဟိ…..

ရွှေရုပ်အူမြူးလာပါတယ်။ ပျော်လိုက်တာ ။

“အမပေါက်တာ ၄၂လက်မ ဖလက်တီဗွီ တိုရှီဘာပါခင်ဗျ”

“သြော် ဟုတ်ကဲ့ပါရှင့်”

ဖုန်းတော့မဟုတ်ဘူးဘဲ အို လေးဆယ့်နှစ်လက်မဆိုလဲ အနည်းဆုံးလေးသိန်းလောက်တန်မယ်ထင်တာဘဲ …

“ဟယ်လို ဟယ်လို……အယ် ….ဟယ်လို”

အဲ့အချိန်မှာဘဲရွှေရုပ်ဖုန်းလိုင်းကျသွားပါတယ်။ အိမ်ကိုတော့အမြန်သွားမှပါ။ ၄၂ နှစ်လက်မ ဖလက်တီဗွီဆိုတော့လဲလေ။အိမ်ရောက်တော့လဲ မျက်နှာပိုးကမသေပါဘူး သြော် ၄၂ လက်မပါဆိုမှလေ ။အဖေ့ကို ခြံထိပ်မှာတွေ့တယ် အဖေအပြင်ထွက်ဖို့လောကြီးနေတာနဲ့ ဘာမှမပြောဖြစ်လိုက်ဘူး ပါးစပ်တပြင်ပြင်နဲ့ အိမ်ထဲရောက်တော့

“မေမေ သမီးခုအရမ်းကံကောင်းနေတယ်သိလား …နေဦးဖုန်းဆက်လိုက်ဦးမယ် ဟိဟိ”

“ဘာဖြစ်လို့လဲသမီးရဲ့ ”

“သမီးကံစမ်းမဲပေါက်တာလေ ၄၂လက်မ ဖလက်တီဗွိ မေမေရဲ့ ”

“ဟယ်…”

အမေလဲ ခုနက ရွှေရုပ်ပြုံးဖြီးဖြီးဖြစ်သလိုမျိုး ဖြစ်သွားပါတယ်။ ရွှေရုပ်လဲ ရှိသမျှသွားသုံးဆယ့်နှစ်ချောင်း အပြင်ထုတ်ပြီး အိမ်ဖုန်းကနေ ခုန ဟန်းဖုန်းမှာပေါ်တဲ့ ဂဏန်းတွေကိုနိုပ်လိုက်ပါတယ်။

“ဟဲလို ခုနက ကံစမ်းမဲပေါက်တဲ့သူပါ”

“သြော်ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်ဖုန်းပြန်ခေါ်ပါသေးတယ် အမရဲ့ ဖုန်းနံပါတ်က ဧရိယာပြင်ပရောက်နေတယ်ဆိုတာနဲ့လေ ဒါနဲ့ နာမည်လေးတစ်ချက်လောက်ပြောပေးပါလား ”

အယ် သေရော ငါ ထီထိုးတုန်းက ဘာနာမည်နဲ့ပေးခဲ့ပါလိမ့်နော် ။နာမည်အရင်းပေးထားတာနေမယ်

“ရွှေရုပ်ပါ”

“သြော်ဟုတ်ကဲ့ ရွှေရုပ်ဆိုရင် မှန်ပါတယ် ..စိတ်မရှိပါနဲခင်ဗျာ ကျွန်တော်တို့ဘက်ကလဲသေချာအောင် စစ်ရတာပါ  ကံစမ်းတဲ့သူပေါင်းတစ်သိန်းထဲမှ ဆုကြီးပေါက်တဲ့သူက နှစ်ထောင်ကျော်ဘဲရှိတယ် ခင်ဗျ ”

“သြော် ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်။”

အိုငါတော်တော်ကံထူးတာဘဲ ။တစ်သိန်းထဲက အယောက်နှစ်ထောင်ဆိုတော့

 

“ဒါနဲ့ ကျမကအဲ့ဆုကို ဘယ်မှာလာထုတ်ရမှာလဲရှင့် ”

“သြော် အဲ့ကိစ္စတော့ မပူပါနဲ့ခင်ဗျာ ကျွန်တော်တို့က ဆုရတဲ့သူတွေကို အိမ်တိုင်ရာရောက် ပို့ပေးမယ့်အစီစဉ်ရှိပါတယ်။ လိပ်စာလေးသာ ပေးစေလိုပါတယ်”

“အို…အဲ့ဒါဆို ပိုပြီးကျေးဇူးတင်ပါတယ် လမ်းနံပါတ်က(&hellip နဲ့ (    )ရပ်ကွက် မှာပါ မှော်ဘီမှာပါဘဲရှင့်။ ”

“ဟုတ်ကဲ့ပါ  အမ ကျွန်တော်တို့ မိုးယံ ရွှေလမင်းနဲ့ မြတ်ဆုကုဋေ သူဌေးနဲ့ စကားပြောချင်စိတ်များရှိ

မလားခင်ဗျာကျွန်တော်တို့သူဌေးက ဆုရတဲ့သူတွေကို ဂုဏ်ပြုစကားပြောချင်လို့ပါတဲ့”

“သြော် ပြောမှာပေါ့ရှင် ။”

လေးဆယ့်နှစ်လက်မတီဗွီနဲ့ ရွှေရုပ်တစ်ယောက် အာသွက်လျှာသွက်ဖြစ်လာပါတယ်။

“ကျွန်တော်တို့သူဌေးနာမည်က ဦးအိုက်ထွန်းပါ  ။အန်ကယ်ဦးအိုက်ထွန်းလားလို့မေးပြီး အမ နာမည်ပြောပြီးဆက်လိုက်ပါ ခုချက်ချင်းဆက်ပေးပါနော်”

………………………………….

“ဟဲလို အန်ကယ် ဦးအိုက်ထွန်းပါလားရှင် ။ သမီးရွှေရုပ်ပါ”

“ဟုတ်ပါတယ် ။အန်ကယ်က မိုးယံရွှေလမင်းနဲ့မြတ်ဆုကုဋေရဲ့ သူဌေးပါသမီး မင်္ဂလာပါနော် ။”

“ဟုတ် …မင်္ဂလာပါ အန်ကယ်ရှင့်”

 

“အင်း သမီးလေး သမီးလေးက လေးဆယ့်နှစ်လက်မ တီဗွီတင်ကံထူးတာမဟုတ်ဘူး သမီးရဲ့ အခြား တစ်နိုင်ငံလုံးမှာ သမီးတစ်ယောက်တည်းကံထူးတာကတော့  ဒီနှစ်မှာ သာသနာပြုဖို့ သမီးကံထူးတယ်ကွဲ့ ”

ဟယ်….. ဗုဒ္ဒဂါယာကို သွားရမယ်နဲ့တူတယ်…ဒါနဲ့

“ဟုတ်ကဲ့ပြောပါ အန်ကယ်ရှင့်…”

“အန်ကယ်ပြောတာ သေချာနားထောင်နော် ။ သမီးလေးကံထူးတာကတော့ အန်ကယ်တို့မိသားစု ကိုးကွယ်နေတဲ့ ဆရာတော်တစ်ပါးရှိတယ်ကွဲ့ အဲ့ဆရာတော်ဘုရားရဲ့ အလှူပွဲကြီးကို မတ်လ ၁၇နေ့မှာ ကျင်းပမှာ ဖြစ်တယ်။ အဲ့ပွဲကို သမီးရော သမီး မိသားစုပါ တက်စေချင်တာပါ ”

“သြော်…..ဟုတ်ကဲ့”

“ အဲ့ဒီဆရာတော်ဘုရားကို သမီးကြားဖူးရင်လဲ ကြားဖူးမယ် ဖူး ဖူးရင်လဲဖူးမြင်ဖူးလိမ့်မယ်ကွဲ့ အဲ့ဆရာတော်ဘုရားကတော့ မန္တလေးက သီတဂူဆရာတော်ဘုရားပါဘဲ သမီးသိလားမသိဘူး”

“ဟုတ်ကဲ့ ဆရာတော်ဘုရားကြီးကိုတော့ အပြင်မှာမဖူးမြင် ဘူးပါဘူး ၊ဒါပေမယ့် ဆရာတော်ဘုရားကြီးရဲ့ တရားတွေတော့ ကြားဖူးနေပါတယ်ရှင့်”

“အင်းနော် …အဲ့ဆရာတော်ဘုရားကိုသမီးဖူးရမယ် ။ဒီလိုတစ်နိုင်ငံလုံးမှာ သာသနာပြုဖို့ဆိုတာကလဲ အန်ကယ်တစ်ဦးတည်းရွေးချယ်ရတာမဟုတ်ဘူး အန်ကယ်တို့လဲရွေးချယ်လို့မရဘူး သမီးရဲ့ …အဲ့ဒါက လူနှစ်ထောင်ကို ဆရာတော်ဘုရားကိုပြတဲ့အခါ ဆရာတော်ဘုရားက အဓိဌာန်နဲ့ရွေးတာ သမီးရွှေရုပ်ကို ပေါ့ အဲ့တော့ သမီးရဲ့ နာမည်နဲ့ ရွှေတိဂုံဘုရားမြောက်ဘက်မုဒ်မှာ ပွဲတင်ပေးထားတယ် နောက်လမှာထွက်မယ့် ထီဂဏန်းကိုလဲ ဆရာတော်ဘုရားကရွေးပေးထားတယ်သမီးရဲ့ အဲ့ထီလက်မှတ်တွေကိုလဲအဲ့ပွဲမှာတစ်ခါတည်း ထည့်ထိုးပေထားတယ်”

“ဟုတ်…”

“သမီးကိုအဲ့ထီလက်မှတ်တွေကိုပေးဖို့ မင်္ဂလာရက်က မြန်မာလိုဆို ၁၃၇၃ခု တပို့တွဲလဆုတ် လေးရက်သမီး ခရစ်သက္ကရာဇ်ဆို ၁၁၊၂၊၂၀၁၂ခုသမီး အဲ့ဒါကဘယ်နေ့လဲသမီးသိလား”

“ဟင် ….အဲ့ဒါက ဒီနေ့ဘဲလေ”

“အေးဟုတ်တယ်သမီးရဲ့ …သမီးကိုယ်တိုင်ရော ထီထိုးချင်လားသမီးရဲ့ သာသနာပြုချင်လား”

“ဟုတ် ထိုးချင်ပြုချင်ပါတယ်”(ထီထိုးတာရယ် သာသနာပြုတာရယ်ကို ရည်ရွယ်ပါတယ်)

  “အဲ့ဒါဆို အဲ့ထီလက်မှတ်တွေရဲ့ ဈေးက ၇၅သိန်းလောက်ရှိတယ် သမီးရဲ့”

“အဲ…..”

“သြော် အဲ့ထီလက်မှတ်တန်ဖိုးကိုသမီးကတစ်ပြားတစ်ချပ်မှပေးစရာမလိုပါဘူး ။သမီးပေးရမှာက ဆရာတော်ဘုရားကြီးက မန္တလေးမှာ ကိုးန၀င်းအဓိဌာန်နဲ့ ကိုးထောင်ပြည့်ဘုရား တည်နေတယ် သမီးကအဲ့မှာ ကိုးသိန်းတိတိလှူရမယ်သမီးရဲ့ …ဒါပေမယ့် အဲ့ကိုးသိန်းလည်းခုလှူစရာမလိုပါဘူး သမီးဒီဖေဖ၀ါရီထီပေါက်ပြီးမှ မတ်လမှာလှူရမယ်သမီးရဲ့ ”

အမယ်တယ်ဟုတ်ပါလား….

“ဟုတ်ကဲ့ အန်ကယ်”

“သမီးဖေဖ၀ါရီလမှာ ပေါက်မယ့်ထီက သိန်းပေါင်း ၁၇၅၀ ကျော်သမီးရဲ့”

အယ် …..စားရကံကြုံတော့မုတ်ဆိတ်ပျားတုတ်တာဘဲ ဂလု ဂလု….

“အယ်…ဟုတ်ကဲ့ အန်ကယ် ကျေးဇူးတင်ပါတယ်”

“အင်း သမီးနားထောင်ဦးနော်….. အဲ့တော့  သမီးကိုခု အန်ကယ်ကပွဲထဲက ထီလက်မှတ်တွေစွန့်ပြီးလာပို့တော့မယ်သမီးရဲ့  သမီးတစ်ခုလုပ်ရမှာက အန်ကယ်လာပို့ရင် သမီးက ပိုက်ဆံကိုးသိန်းကိုရှာပြီး အန်ကယ့်ကိုပေးလိုက်ရမယ် အဲ့ဒါကလဲ အဲ့ပိုက်ဆံတွေကို အန်ကယ်က ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်မှာတင်ထားတဲ့ပွဲမှာ သွားစိုက်လှူထားရမယ် သမီး ။အဲ့လိုစိုက်လှူရမှာလဲ တစ်ရက်ပါဘဲ နှစ်ဆယ့်လေးနာရီတိတိပေါ့ သမီးရယ် နောက်နေ့ဒီလိုချိန်မှာ အဲ့ပိုက်ဆံကို အန်ကယ်က ပြန်စွန့်ပြီး သမီးကိုပြန်လာပေးရုံဘဲ ဒါကလဲ ဆရာတော်ဘုရားကြီးရဲ့ အမိန့်တိုင်းဘဲသမီးရဲ့ အဲ့တော့မနက်ဖြန်ကျရင် အဲ့ပိုက်ဆံကိုးသိန်းရယ် သမီးကံစမ်းမဲပေါက်တဲ့ ၄၂လက်မ ဖလက်တီဗွီကို လာပို့မယ်သမီးရဲ့”

ဟင်…………..နောက်ဆုံးတော့လဲ အဖျားရူးသွားပါပေါ့လား ….

“အန်ကယ်ရယ် သမီးပွင့်ပွင့်လင်းလင်းတစ်ခုပြောမယ်နော် ။သမီးကအဲ့လောက်ပိုက်ဆံမရှိပါဘူး သမီးအဖေကလဲ ပင်စင်စားဆိုတော့  အန်ကယ်ရယ် ကိုးသိန်းမပြောနဲ့ ကိုးသောင်းတောင်မှတစ်မိသားစုလုံးမရှိပါဘူး .အဲ့တော့ဘယ်လိုလုပ်ရမလဲဟင်”

“သြော်…အေးကောင်းပါတယ်သမီးရယ်  သမီးဘက်ကအဲ့လိုပွင့်ပွင့်လင်းလင်းပြောတာကောင်းပါတယ် အန်ကယ်တို့ ဒီလိုသာသနာပြုပုဂ္ဂိုလ်တွေရွေးလာတာ ဆယ်ကြိမ်ရှိပြီသမီးရဲ့ ဆယ်ကြိမ်လုံး ဆရာတော်ကြီးပြောတဲ့အတိုင်း ထီတွေပေါက်ခဲ့တာကြီးဘဲ ။ သမီးလို တစ်ယောက်ဖြစ်ဖူးတယ် ငါးကြိမ်မြှောက်မှာပေါ့ ဒေါ်စောရီတဲ့ သူကလဲ သမီးလိုပိုက်ဆံမတတ်နိုင်ဘူးသမီးရဲ့ သူ့တုန်းကဆို ၁၈ သိန်းကိုသုံးရက် ဘုရားမှာကပ်လှူရတာ ရွှေစေတီ ငွေစေတီနဲ့ ပတ္တမြားစေတီဆိုပြီးတော့သမီးရဲ့ အဲ့တုန်းက သူ့မှာလဲ ပိုက်ဆံမရှိလို့ ပထမတစ်ရက်မှာ ငွေသုံးသိန်းနဲ့ ဒုတိယရက်မှာသူ့မှာရှိတဲ့လက်စွပ်ရယ် တတိယရက်မှာ နားကပ်ရယ်ကို ကပ်လှူပြီး နောက်နေ့ပြန်စွန့်ရတာပေါ့ သူ့တုန်းကပေါက်တာက သိန်းပေါင်းနှစ်ထောင်ကျော်လေ…အဲ့တော့သမီးမှာရော အဲ့လို ……..”

ဟင် လာညာနေပြီ…ရတာယူတော့မှာပါလား

“အန်ကယ် သမီးတစ်ခုပြောပါရစေ ၊ သမီးမှာရွှေနဲ့တူတဲ့ လက်ဝတ်ပစ္စည်းလဲဘာမှမရှိပါဘူး အဲ့တော့ဘာလုပ်ရမှန်းလဲမသိပါဘူး အန်ကယ်တို့က လုပ်ငန်းရှင်တွေဆိုတော့ သမီးကို အဲ့ငွေလေးကိုစိုက်ပေးထားလို့ရမလားမသိဘူး..ထီပေါက်တဲ့အခါကျတောပြန်ပေးမယ်လေ….”

“ဟင်…….. အဲ့လိုတော့ အန်ကယ်လဲမပြောတတ်ဘူးသမီးရဲ့ ဆရာတော်ကြီးအဓိဌာန်နဲ့လုပ်တယ်ဆိုတော့ ဆရာတော်ကြီးကိုမေးကြည့်ပြီးမှ သမီးကိုဖုန်းပြန်ဆက်ပေးမယ်လေ…. ”

“သြော်…ဟုတ်ကဲ့ရပါတယ်… သမီးဖုန်းကိုဆက်ရင် အန်ကယ့်ဆီမှာပေါ်နေတဲ့ဖုန်းနံပါတ်ဆက်တာနဲ့မရောက်ပါဘူး သမီးတို့ဖုန်းကလိုင်းခွဲဖုန်းပါ အဲ့တော့ လိုင်းခွဲနံပါတ် ၁၉၉ကို ထပ်ဆက်မှရောက်မှာပါ ”

“ဟင်….၁၉၉လား ”

“ဟုတ်ကဲ့ မှတ်ရလွယ်အောင်အဲ့ဖုန်းနံပါတ်ကို ဖေဖေက ယူထားတာပါ”

“သြော်….. အန်ကယ်ပြန်ဆက်ပေးပါ့မယ်”

…………………………………………………

“ဟားဟားဟားဟား………………………..”

ဖုန်းချပြီးရီနေတဲ့ ရွှေရုပ်ကို မေမေက

“ဟဲ့ ရူးများသွားပြီလား”

“မရူးဘူးမေမေရေ …သမီးကိုပိုက်ဆံကိုးသိန်းလိမ်တောင်းတာ ဟိဟိ သမီးမှာက ကိုးထောင်တောင်ပြည့်အောင်ရှိတာမှမဟုတ်တာ ဟိဟိ……”

“ဟင်…. အဲ့ဒါဆို ငါ့ဖုန်းဖိုးတွေကုန်ပါပြီ ..နင်ဆက်တာ တစ်နာရီကျော်တယ်…”

“ဟာ…မေမေကလဲ စာရေးဖို့ရတာပေါ့လို့ ဟိဟိ ရွှေရုပ်ကိုများကိုးသိန်းလာတောင်းနေသေးတယ် ။ အော်ရီချင်တယ် …”

 

ရွှေရုပ် ရီပြီး အိမ်ထဲဝင်သွားတော့ မေမေက ပွစိပွစိကြီး ကျန်ခဲ့ပါတယ်။ ဟင်း……….ငါ့ရဲ့ လေးဆယ့်နှစ်လက်မ တိုရှီဘာဖလက်တီဗွီလေးတော့သွားပါပြီ ။ ရွှေရုပ်မတတ်မသာနဲ့ အိပ်ယာပေါ်လှဲချပြီး ဒီဇာတ်လမ်းကိုဘယ်လိုရေးရင်ကောင်းမလဲစဉ်းစားလို့ နေလိုက်ပါတော့တယ်။

ပြုံးပျော်နိုင်ပါစေ။

မှတ်ချက် -ယခုဇာတ်လမ်းလေးသည် တကယ်ကို ရွှေရုပ်ဆီမှ ပိုက်ဆံညာတောင်းတဲ့ ဇာတ်လမ်းပါ ။ ရွှေရုပ်လိုဘဲ ဘယ်နှစ်ယောက်များ ဒီလိုလိမ်တောင်းခံပြီးပြီလဲမသိပါ။ ပိုက်ဆံလိမ်တောင်းတဲ့သူတွေရဲ့ ဖုန်းနံပါတ်ကတော့ ပထမ မန်နေဂျာဆိုသူက -၀၉၄၃၀၇၄၉၂၃ ဖြစ်ပြီး သူဌေး ဦးအိုက်ထွန်းဆိုသူရဲ့ ဖုန်းနံပါတ်ကတော့ ၀၉၇၃၂၁၀၁၈၉ဖြစ်ပါတယ် ။   ပိုက်ဆံညာတောင်းတဲ့ရန်မှ ကင်းဝေးနိုင်ပါစေရှင်

 

                                                                                                     ရွှေရုပ်

Read article   Discuss [1]

လောကမှာ မိန်းမမရသင့်သောယောင်္ကျားများ

Posted on 2/1/2012 by shweyoat

လောကမှာ မိန်းမမရသင့်သောယောင်္ကျားများ

(က)မှ (အ)အထိ  အူကြောင်ကြောင်ယောင်္ကျားများ

၁။ကြောင်တောင်တောင်အထာနဲ့ အိမ်ပစ္စည်းဗလာနဲ့ယောင်္ကျား

၂။ခွေးချစ်ဟန်ဆောင် ဖွန်အလွန်ကြောင်တဲ့ယောင်္ကျား

၃။ဂိုက်ပေးကြမ်းပြီး လက်သရမ်းတဲ့ယောင်္ကျား

၎။ငိုင်တိုင်တိုင်နဲ့ အလွန်မှိုင်တဲ့ယောင်္ကျား

၅။စိတ်ကပျို ကိုယ်ကမနု အပျိုဆို “အခု” “အခု” ဖြစ်နေတဲ့ယောင်္ကျား

၆။ဆရာကြီး အရမ်းလုပ် ဘာမှမဟုတ်ဘဲ ဟန်လုပ်တဲ့ယောင်္ကျား

၇။“ဇ”ကိုမသုံး အကြံတုံးတဲ့ယောင်္ကျား

၈။ဈေးဝယ်ရင်ကပ်စီး လက်ချည်းပြန်လာတဲ့ယောင်္ကျား

၉။ညစ်ငြမ်းတဲ့ကား မတရားကြည့်တဲ့ယောင်္ကျား

၁၀။တရားဗန်းပြ သြကာသတောင် မရတဲ့ယောင်္ကျား

၁၁။ထိုင်ရာမထ တိုင်ပင်ဖော်တောင်မရတဲ့ယောင်္ကျား

၁၂။ဒီနားဆိုပြီး ကာရာအိုကေသွားတဲ့ယောင်္ကျား

၁၃။ဓူဝံကြယ်တောင်ဘက်ပြောင်းမယ် အပြောနဲ့ ဗိုက်မှာဟောင်းလောင်းယောင်္ကျား

၁၄။နားကပ်တစ်ဖက်နဲ့ ရှိုးထုတ် အပုတ်အသိုးရုပ်နဲ့ယောင်္ကျား

၁၅။ပလီပလာစကားတွေနဲ့ မှုယာတွေများတဲ့ယောင်္ကျား

၁၆။ဖုန်းတစ်လုံးနဲ့ဟန်လုပ် အကြံပုတ်တဲ့ယောင်္ကျား

၁၇။ဗိုင်းကောင်းကျောက်ဖိဆိုပြီး အမတွေ အများကြီးရှိတဲ့ယောင်္ကျား

၁၈။ဘိုင်ပြတ်ကျရင် တိုင်ပတ်ကချင်တဲ့ယောင်္ကျား

၁၉။“မ”၀ါသနာထုံ မှုံယိုနေတဲ့ယောင်္ကျား

၂၀။ယိမ်းနွဲ့ကာလမ်းလျှောက် အခြောက်စတိုင်နဲ့ယောင်္ကျား

၂၁။ရစ်ထုတ်ကြီးဘွဲ့နဲ့ အတင်းတုတ်ပြီးနေတဲ့ယောင်္ကျား

၂၂။လူရာကဖြင့်မ၀င် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတဲ့ယောင်္ကျား

၂၃။ဝမရှ်ိဘဲဝိလုပ်ချင်တဲ့ယောင်္ကျား

၂၄။သေရည်သေရက်ကိုအသေမက်တဲ့ယောင်္ကျား

၂၅။ဟိုလိုဒီလိုနဲ့ အထာပိုတဲ့ယောင်္ကျား

၂၆။အအိပ်အရမ်းမက် ပုဆိုးလည်ပင်းပက်တဲ့ယောင်္ကျား

ဒါကတော့ ကကြီးကနေအအထိပါ နောက်ဆက်တွဲလေးတွေကို အားပေးကြပါကုန်

၂၇။ရှိုးပွဲမှာ အချိန်ဖြုန်း ပိုက်ဆံအလွန်သုံးတဲ့ယောင်္ကျား

၂၈။ အစားကိုချွေတာ အရက်နဲ့ပတ်သတ်ရင် လက်ဖွာတဲ့ယောင်္ကျား

၂၉။ဘောင်းဘီဖင်ကျပ်နဲ့ လင်မက်တဲ့ယောင်္ကျား

၃၀။ဘီယာအလွန်ကြိုက် ဗိုက်အလွန်ပူတဲ့ယောင်္ကျား

၃၁။Talkyအရမ်းပြော ရုပ်မချောတဲ့ယောင်္ကျား

၃၂။ပိုက်ဆံချွေတာသုံး နှပ်ချီင်္းလုံးစားတဲ့ယောင်္ကျား

၃၃။Oneway ဆံပင်ထောင်နဲ့ ဘောင်းဘီတိုဖင်ပြောင်တဲ့ယောင်္ကျား

၃၄။ တစ်မျက်နှာလုံးအပေါက်ဖောက် စာခြောက်ရုပ်နဲ့တူတဲ့ယောင်္ကျား

၃၅။ပါးစပ်ဟောင်ဖွာပြော လူတောဆိုမတိုးတဲ့ယောင်္ကျား

၃၆။အရက်ဆိုသောက်ပါဘိ မက်လောက်စရာ တစ်ကွက်မှမရှိတဲ့ယောင်္ကျား

၃၇။လမ်းတကာသွားလေကျယ် လူတကာကြားလေလည်တဲ့ယောင်္ကျား

၃၈။စားသောက်ဆိုင်နေ့တိုင်သွား အဆိုတော်မလေးတွေကြားပန်းကုံးစွပ်တဲ့ယောင်္ကျား

၃၉။အားကစားကြောင်းအရမ်းပြော ခြေငါးလမ်းလောက်လျှောက်ရင်တောင် အမောမခံနိုင်တဲ့ယောင်္ကျား

၄၀။မိန်းမမြင်အလွန်ကြိုက်လူမိုက်နဲ့တူတဲ့ယောင်္ကျား

၄၁။လမ်းသွားရင်မြှောက်ကြွ လမ်းပေါက်က ပြုတ်ကျတဲ့ယောင်္ကျား

၄၂။ပိုက်ဆံဆိုမရှိကြောင်းပြော ဘောပွဲ အသေအလဲလောင်းတဲ့ယောင်္ကျား

၄၃။“မ”မြင်ရင် အရှိန်တက် နွားသိုးကြိုးပြတ်နဲ့ယောင်္ကျား

၄၄။ပိုက်ဆံကို အိမ်ပြန်ခိုး နှစ်လုံးထီလိုက်ထိုးတဲ့ယောင်္ကျား

၄၅။အသက်ကြီးပြီး အရာမထင် အလုပ်ပင် မယ်မယ်ရရ မရှိတဲ့ယောင်္ကျား

၄၆။ဘောလုံးအကြောင်းမတရားပြော လ္ဘက်ရည်ဆိုင်အလွန်ထိုင် ရေနွေးကြမ်းကို ဖရီး(free) ကိုင်တဲ့ယောင်္ကျား

၄၇။ရည်းစားနဲ့လမ်းသွား ပိုက်ဆံများများမပါတဲ့ယောင်္ကျား

၄၈။အခက်အခဲတစ်ခုဖြစ် အကူညီဖြင့် မရတဲ့ယောင်္ကျား

၄၉။ဖွန်ဆိုအရမ်းကြောင်ဘာကိုမှဦးမဆောင်နိုင်တဲ့ယောင်္ကျား

၅၀။အိုင်တွေ့ခြေဆေး၊ ဘိုင်ကျဗိုက်မှောက် အလကားနေ“တောက်”ခေါက်နေတတ်တဲ့ယောင်္ကျား

၅၁။အွန်လိုင်းတက်ပြီး ဖူးစာရှာ ၊ ဗူးတာတောင် အထာမကျတဲ့ယောင်္ကျား

၅၂။နှမချင်းမစာနာ ပါးစပ်ဟောင်ဖွာပြောတတ်တဲ့ယောင်္ကျား

၅၃။ပိုက်ဆံကို အလွန်သုံး အိမ်ကတောင်ပြန်ဘုံးတဲ့ယောင်္ကျား

၅၄။ တွေ့ကရာလူ မြှောက်ပင့်ကပ်စား အကျင့်တပြားမှ မကောင်းတဲ့ယောင်္ကျား

ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး တစ်ခုခုကိုဖတ်မိလို့ ငါရောရေးတတ်ပါ့မလားဆိုပြီး စမ်းရေးကြည့်တာပါ ။ လွန်တာရှိရင် အပြစ်မယူကြပါနဲ့ အဖတ်တွေယူကြပါကုန်။(ဟိ…ဟိ)

                                                                                         ရွှေရုပ်

Read article   Discuss [5]

ကိုယ်အရင်လုပ်ပြပါ

Posted on 1/12/2012 by shweyoat

                        လူ့လောကကြီးမှာကျင်လည်ကျက်စားပြီဆိုရင်လူတိုင်းဟာ ကောင်းတယ်ဆိုတဲ့အရာတွေကို

ဘဲရွေးချယ်တတ်ကြပါတယ်။ကာင်းတယ်ဆိုတာနဲ့ ပတ်သတ်ပြီး  မိမိကိုယ်တိုင်လူတော်လူကောင်းဖြစ်ချင်သလို

မိမိချစ်ရတဲ့ သူတွေကိုလဲ ကောင်းစေချင်တယ်။ လူတော်လူကောင်းတွေ ဖြစ်စေချင်ကြတာပေါ့။မိမိတို့၏တပည့်အပေါ်

သူငယ်ချင်းအပေါ် ညီမ/အမတွေအပေါ် ဂရုဏာဒေါသနဲ့ ပြောဆိုမိကြတာလဲရှိတာပေါ့။  ဒီလိုအချိန်မှာအားမလိုအားမရ

“နင်လုပ်တာ ဒါကတော့မှားနေတယ်/ဒါကတော့မမှန်ဘူး/ဒါကလမ်းကြောင်းလွှဲနေတယ်ဒါကတော့ ရေလိုက်

လွှဲနေတယ် ”စသဖြင့်ပြောဆိုလာတတ်ကြပါတယ်။အဲ့လိုပြောဆိုတတ်တဲ့သူတွေကကိုယ်ကိုယ်တိုင် ထိုအမှားကို

မရှောင်နိုင်ဘဲသူတစ်ပါးကိုရှောင်ခိုင်းတာကတော့ကိုယ်သွန်သင်တဲ့၊ကိုယ့်အုပ်ထိမ်းမှုအောက်မှာရှိတဲ့

သူတွေကို

သက်သက်ဟာသစကားပြောသလို ဖြစ်နေတယ်ဆိုတာ စဉ်းစားကြည့်ဖို့လိုအပ်ပါတယ်။ ဥပမာ အိမ်ထောင်

တစ်ခုမှာရှိတဲ့ အိမ်ဦးနတ်ဆိုတဲ့ ဖခင်က ဆေးလိပ်အလွန်ကြိုက်တယ်ဘဲထားပါတော့။ အဲ့အချိန်မှာသူမွေးထားတဲ့

သူ့သားဆေးလိပ်သောက်မှာမကြိုက်တဲ့အတွက်သူ့ရဲ့သားကို ဆေးလိပ်မသောက်ပါနဲ့

ပြောကောင်းပြောလိမ့်မယ်။ သားလုပ်တဲ့သူကလည်း  အဖေရှေ့မှာကြောက်လို့ မသောက်ကောင်း

မသောက်လိမ့်မယ်။ သူ့အဖေရဲ့ ကွယ်ရာမှာတော့ဆေးလိပ် သောက်မြဲသောက်မှာပါဘဲ။

ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေကိုယ်တိုင်ဆေးလိပ် သောက်တာသူမြင်နေကျ

ဖြစ်နေပြီကိုး။ ဒါကြောင့်သူတစ်ပါးကိုဖြစ်စေချင်တဲ့အရာဆိုရင် ကိုယ်ကိုယ်တိုင်လုပ်ပြပြီး

ဆုံးမတာအကောင်းဖြစ်ပါ လိမ့်မယ်။ နောက်ဆုံး မတတ်နိုင်တဲ့ခါမှာတော့ သားရှေ့မှာ ပေါ်ပေါ်တင်တင် မသောက်နဲ့ပေါ့

ဒါက မေတ္တာရှေ့ထားတဲ့စေတနာတစ်ခုပါ။

          အချို့အချို့ဆို မေတ္တာမထားနိုင်တာကြောင့် သူတစ်ပါးကို နစ်နာစေချင်တဲ့သဘောအရပြောဆိုတာ တွေလဲ

ရှိပါတယ်။ ဥပမာပြောရရင် “ဒီကောင်မပေါ့ အမြဲတန်း ကာရာအိုကေဆိုင်မှာတွေ့နေရတယ် ”

ဆိုတာမျိုး အေးပေါ့လေ တွေ့နေရမှာပေါ့ ပြောတဲ့သူကိုယ်တိုင်ရောက်နေမှပေါ့ တွေ့နေရပြီပေါ့။

“အဲ့တော့ အဲ့ဒီနေရာမှာလဲ “သူများမျက်ချေးပေနေတာကိုမြင်တယ် ကိုယ်ပေနေတာ

ကြတော့မမြင်ဘူး”ဆိုတဲ့ စကား အလကား ရှိတာမှ မဟုတ်ဘဲ  သူတစ်ပါးကိုပြောချင်ရင်

ကိုယ်ကိုယ်တိုင်ကောင်းအောင် အရင်နေဖို့လိုပါတယ်။

         အချို့ ကုမ္ပဏီလူကြီးတွေလဲရှိပါသေးတယ်။သူဌေးဖြစ်သူက ဒီပရောဂျက်ပြီးအောင်လုပ်လို

ပြောသွားတဲ့ အတွက်ကြောင့် ထိုလူကြီး ကိုယ်တိုင် အားသွန်ခွန်တိုက် ကြိုးစား အိပ်ကာ

အောက်လက်ငယ်သားကို “မင်းတို့ ညံ့လိုက်တာ မပြီးနိုင်ဘူး ဘာညာ ဘာညာ နဲ့ ”

ခုခေတ်စကားလိုဆို အီးပေါက်တယ်ပေါ့လေ ။ ကဲ အဲ့လိုဆိုရင် ဘယ်

အလုပ်သမားက ဒီလူကြီးကိုလေးစားတော့မလဲ အလုပ်သမားတွေကိုယ်တိုင်ကိုက သုံးလောက်ဆိုတော့

(အဲရောပြီ)ဘယ်လေးစားတော့မလဲလေ။ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတာလိုမျိုး

ဖြစ်စ်နေမှာပေါ့။ ထိုလူကြီးလိုအားကြိုးမာန်တက်ကြိုးစားအိပ်ကြတော့မှာပေါ့။ ဒီတော့

ဒီပရောဂျက်ကြီးဘယ်တော့မှ ပြီးတော့မလဲလေ။ ဒါကြောင့်သူတစ်ပါးကိုဖြစ်စေချင်ရင်

ကိုယ်ကိုယ်တိုင်လုပ်ပြမှ တော်ရာကျတော့မပေါ့။

       အချို့တွေကျတော့  ကိုယ်ဖြစ်ချင်တဲ့အရာကို ကိုယ်မဖြစ်ခဲ့ရတော့ ကိုယ့်ရဲ့နောက်မျိုးဆက်

တွေကို ဖြစ်စေချင်တဲ့ စေတနာနဲ့ “ဒါတော့ ဖြစ်စေချင်တယ် ဖြစ်အောင်လုပ်ပေးပါလား

ငါ့အလှည့်တုန်းက မဖြစ်ခဲ့လို့ပါ ဆိုတာမျိုး ။ဥပမာ ခုခေတ် ဘောလုံးသမားတွေ ကို အရင့်အရင်

သဘာရှိ ဘောလုံးသမားတွေက ကမ္ဘာဖလားယူခိုင်းတာမျိုးပေါ့ ။ အဲ့တော့မှလည်း

 နောက်မျိုးဆက်သစ်တွေလဲ အားရှိတော့မပေါ့ ။ ငါတို့အလှည့်ရရမယ်ဆိုတဲ့အတွေးမျိုးနဲ့

ခြေစစ်ပွဲလောက်ဖြစ်ဖြစ် နိုင်အောင် ကန်ချင်စိတ်လေးတွေပေါ်လာမှာပေါ့။ဖလားကို မရသော်ရှိ အင်တာနက်ကနေ ဒေါင်းပြီး စကန်ဖတ် အိမ်မှာကပ်တော့မပေါ့နော်။

          အချုပ်ဆိုရသော် ကိုယ့်အရင်လုပ်ပြပြီးမှ သူများနမှုနာယူသူဖြစ်ပါစေ။ ကိုယ်ကတော့ သူများကို လူရှေ့သူရှေ့ ဒါမဖြစ်ဘူး ညံ့လိုက်တာဟုပြောလိုက်ပြီးမှ အပြောခံရသူက ကိုယ့်ရဲ့ ကွယ်ရာမှာ

သူရောဟုတ်လို့လားဆိုတာမျိုး အပြောမခံရအောင်နေတတ်နိုင်ပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

ပြုံးပျော်နိုင်ပါစေ

                                                                  ရွှေရုပ်

Read article   Add Comment

လမ်း

Posted on 8/30/2011 by prettygloria
Tags: လမ်း

အတွေးတိုင်း၏သခင်

အိပ်မက်တို့၏ဘုရင်

စိတ်ကူးများ၏ပလ္လင်

စိုးမိုးထားသူ အသင်

ပြိုကွဲလုလုငါ့ရင်ခွင်

ကြေကွဲခြင်းများနှင့်ယခင်

အတိတ်တို့အားပြန်မြင်

ကြည်နူးခြင်းများကိုယ်စီ

ပြန်တွေးမိတိုင်းနာကျင်ရက်စက်ခြင်းဖြင့်

သူသည်ထားရစ်ခဲ့တော့

ဒီရင်ပျော်ရွှင်ခြင်းဟာ ဘယ်ဆီ

ပြန်တွေ့ဖို့လမ်းတော့ မမြင်ပြီ.

Read article   Add Comment

၂၀၁၁ အမိုက်စားငိုချင်း

Posted on 8/22/2011 by shweyoat


အို
   ကျမမောင်
    မောင်သာစည်ပင်ဆို
    ကျမက ကားလမ်းဘေးမျာ ဓါတ်ကြိုးမလွတ်တဲ့သစ်ပင် ဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို..
မောင်ကျမကိုခုတ်ထွင်ရှင်းလင်းပြီးဖြစ်၏။
     မောင်သာမုဆိုးဆို
     ကျမကသားကောင်ရှေ့က တောကြမ်းလမ်းတစ်ခုဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
 မောင်ကျမကို ခုတ်ထွင်ကာ လမ်းရှင်းပြီးဖြစ်၏။
    မောင်သာအိမ်တစ်လုံးပိုင်ရှင်ဆို
    ကျမက ထိုအိမ်ကိုအုပ်မိုး ရုပ်ဆိုးစွာပြိုကျဟန်တူတဲ့ သစ်ပင်အိုကြီး တစ်ပင်ဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
မောင်က ကျမကိုခုတ်ထွင်  အိမ်အတွက်ပင် ရှင်းပြီးဖြစ်၏။
   မောင်သာ သိုက်တူးသူဆို
   ကျမကမောင့်သိုက်ရဲ့ ဂူအပေါက် ပိန်းပိန်းပျောက်အောင် လုပ်တဲ့ခြုံပုတ်ကြီး တစ်ခုဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
မောင်ကျမကိုခုတ်ထွင်ဂူထဲဝင်ပေလိမ့်မည်။
အိုဘယ့်
   ဘယ်လိုပင်ဆိုစေကာမှု
သစ်တစ်ပင်ကောင်းမောင်တစ်ယောက်သာနားနိုင်သည်ကို ခုတ်ထွင်၏ အဟင့်......
နွယ်မြက်သစ်ပင်ဆေးဘက်ဝင်သည်ကိုမောင်ဖျက်စီး၏ အဟင့်........
ခုဆို...
    ကျမရဲ့သံယောဇဉ်တော ဟောလို့ဟင်းလင်း ဟာလာဖြစ်လို့ ထိုးထိုးထောင်ထောင်နဲ့ မီးလောင်ပြီးနေရာအလား   အဟင့်.......
ဒီမှာမောင်...
သစ်တစ်ပင်စိုက် အကြိုက်ခူးစားနိုင်အောင် နှစ်ချီ ကြိုးစားရတာမသိပေဘူးလား
သစ်တစ်ပင်ရဲ့အောက်ဆီဂျင် လူအတွက်အသုံးဝင်တယ်ဆိုတာ သိပေဘူးလား
အား.......ဟား..........ဟား..........(ငိုတာနော်)
အခုတော့ ကျမငိုချင်းချ
အနှစ်သုံးဆယ်နီးပါး မွေးတဲ့သံယောဇဉ်တော မောင်ရဲ့ရှင်းလင်းခြင်းသဘောအရ တောလဲပြုန်း တောင်လဲကတုံးဖြစ် ခဲ့ရပြီ...အဟင့်........
တောင်ကတုံးလဲ နေရှိန်ရင်ပူ လေတိုက်ရင်အေး   သြော် မောင်အမွေပေးခဲ့ပေါ့..........
ခုတော့လေ
ကံအထာမကျ နှစ်သုံးဆယ်နီးပါး သံသရာက ကျမလေ တောင်ကတုံးမ....
ဝါးးးးးးးးးးးးးး ၀ါးးးးးးးးးးးးးးးး လုပ်ရက်လိုက်လေခြင်း.......................
------------------------------------------------------------------
ပြုံးပျော်နိုင်ပါစေ

                  “မောင်ရဲ့  သံယောဇဉ်ဖြတ်ကပ်ကျေးကြောင့် ကျမရဲ့ကြွက်မြီးတိုချိန်၌ စပ်သော ၂၀၁၁ ငိုချင်း..”

                                                                                 ရွှေရုပ်
                                                                                                                                                      ရွှေရုပ်

Read article   Discuss [1]

ထာဝရ သူငယ်ချင်း ထာဝရ အဖော်

Posted on 8/19/2011 by prettygloria
Tags: ထာဝရ သူငယ်ချင်း ထာဝရ အဖော်


အခန်းကျဉ်းလေးထဲမှာ ...ငါ တစ်ယောက်တည်း...
ဒါပေမယ့်... အထီးကျန်ခြင်းက...ငါ့ဆီ အလည်မလာဘူး..။

ငါ့ အိမ်ခန်း ရှေ့မှာ ...ဖြတ်သန်းစီးဆင်းနေတဲ့..ချော
င်းကလေး...

လှမ်းမြင်နေရတယ်... မင်းဟာ ...ငါ့ သူငယ်ချင်းပဲပေါ့....
တောအုပ်ကလေးက...မင်းရဲ့အနားမှာ...စိမ်းစို ယိမ်းနွဲ့လို့...
မင်းကို ကြည့်လိုက်တိုင်း...မင်းရဲ့ ငြိမ်းချမ်းတဲ့ ရှင်သန်စီးဆင်းမှုဟာ...
ငါ့ဆီကို စီးကူးလာနေတယ်...ကျေးဇူးပါ..သူငယ်ချင်း...။။

လေပြေညင်းကလေး...ချောင်းကလေးကို ဖြတ်သန်းပြီး...
ခွင့်မတောင်းဘဲ...တိုးသက် ညင်သာစွာနဲ့...ငါ့ဆီ ...မင်းအလည်လာတယ်...
ငါ့ကို နှုတ်ဆက် နမ်းရှိုက်ပြိး...ငါ့ဆံနွယ်တွေကို ဆော့ကစားတယ်...
လတ်ဆတ်အေးမြတဲ့ ရနံ့ကို လက်ဆောင်..အဖြစ်..ယူလာသေးတယ်...
ကျေးဇူးပါ...သူငယ်ချင်း...။။။

နေမင်းကြီးက...ငှက်ကလေးတွေ တေးဆိုတဲ့ မနက်ခင်းမှာ...
သူရဲ့ ရွှေရောင်အလင်းတန်းတွေကို ငါ့အိပ်ခန်းအထိ ဖြန့်ကျတ်...
အိပ်မောကျနေတဲ့...ငါ့ မျက်ဝန်းတံခါးတွေကို လာခေါက်တယ်...
ကျေးဇူးပါ...သူငယ်ချင်း ရေ...
တစ်နေ့တာကို ဖြတ်သန်းဖို့ ...နွေးထွေးမှုနဲ့ခွန်အားတွေ..လာပေးတဲ့ အတွက်ပေါ့....။။။။

လမင်းကြီးရေ...ငါ့ရဲ့ နေမင်းကြီး နှုတ်ဆက်အပြန်မှာ...
မင်းထွက်ပေါ်လာပြီး..အေးမြတဲ့ အလင်းရောင်တွေနဲ့
တစ်နေ့တာ ဘ၀..အမောတွေကို ဖြေဖျောက် ပေးပြန်တယ်...
ကျေးဇူးပါ...သူငယ်ချင်း....။။။။။

ကြယ်ကလေးတွေ...လမင်းကြီး အလည်လွန်တဲ့...ညတွေမှာ...
မင်းတို့တွေက ``မှိတ်တုတ်´´ ``မှိတ်တုတ်´´နဲ့ ...
ငါ့ကို အားပေးစကား တီးတိုးပြောနေသယောင်...
စစ်မှန်တဲ့ (သူငယ်ချင်း/အဖော်) ကောင်း ကို
တောင်းတနေတဲ့....ငါ့ဆန္ဒတွေ ပြည့်ဝ အောင်... တခါတရံ မှာ...
လှပတဲ့ အလင်းတန်းတွေနဲ့... ကြွေ လွင့် ပေးကြသေးတယ်နော်....။။။။။။

သူငယ်ချင်းတို့ရေ.......
ငါ့ဆီကို ...အထီးကျန်ခြင်းတွေ...
အလည်..လာလို့မရအောင်... မင်းတို့တွေက...အဖော်ပြုပေးကြတယ်နော်...
သူငယ်ချင်းတို့ရဲ့ ...ပေးဆပ်ခြင်း သာရှိပြီး...
တုံ့ပြန်မှု ...တစုံတရာကို ...မမျှော်လင့်တက်ကြတဲ့...
ဖြူစင်..မွန်မြတ် တဲ့ ခင်မင်မှုကို..`` ထာဝရ´´...ကျေးဇူး တင်နေမှာပါ...။။။။။။။

ငါ့ဖက်က ..ပြန်ပေးနိုင်တာ က....
သူငယ်ချင်းတို့ အားလုံး....``ထာဝရ´´ တည်တံ့ပြီး...
ကျန်းမာ..ပျော်ရွှင် စေကြောင်း...
တောင်းဆု မေတ္တာ တစ်ခု....
ငါ့ အသက်...ရှင်သန်နေသရွေ့...ပေးဝေေ နပါရစေ....။။။။။။။။

Read article   Add Comment

တချို့က အချစ်ကို ဒီလိုပြောကြတယ်

Posted on 8/19/2011 by prettygloria
Tags: တချို့က အချစ်ကို ဒီလိုပြောကြတယ်


(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ............Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွား
နှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့
တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။.....Paul Jiruidi

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထား
တဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့
ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။......George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူ
နဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။....W. Somerset Maugham
အင်္ဂလိပ်စာရေးဆရာ W. Somerset Maughamနဲ့ အချို့စာရေးဆရာရဲ့ စာ
အချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိ
မှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်း
ကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါ
ကတော့ အသက်လိမ်ခြင်းပဲ။........ Shakespeare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။..........Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။......

Shakespeare

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူ
တယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....History Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။
အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ
ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ
ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ
ထက်စာရင် ကောင်းသေးတယ်။ Alfred Tennyson

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့
တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်
လုံးဖြစ်တယ်။ Lord Byron

အချစ်.....အချစ်.....အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး
တစ်ပုဒ်ဖြစ်တယ်။( ငယ်လေး)

Read article   Add Comment

CTRL earlier
http://vzochat.com/en/blogroll/prettygloria/page/2
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.