သည်ကနေ့ဖြစ်မည့် အရောင်းအ၀ယ်ကိစ္စကို စောပေါလုစိတ်ဝင်စားသည်ဆိုက၀င်စားလောက်သည်။
သည်နေ့ရောင်းမည့်ပစ္စည်းက စောပေါလုတို့ရောင်းနေကျသစ်ဝါးမဟုတ်.ထို့အတူကျွဲနွားလည်းမဟုတ်။
လူသားတစ်ဦးဖြစ်သည်။လူသားမှသုံးနှစ်အရွယ်ချစ်စရာသမီးလေးဖြစ်သည်။
သူ့အမေနော်ဖေါမူနှင့်တူသဖြင့်ရွန်းလဲ့သောမျက်လုံးဝိုင်းကလေးများနှင့်မျက်တောင်ကော့များကိုပိုင်
ဆိုင်ခဲ့သောလည်းနော်လေးအောမှာကံမကောင်းရှာပေ။နို့စို့အရွယ်မှာပင်မိခင်၏စွန့်ပြစ်ခြင်းကိုခံလိုက်ရ
သည်။မိခင်ကစောမူးသာကိုပစ်ရ်ျထွက်ခွာသွားရာတွင် တစ်နှစ်ကျော်ကျော်သမီးလေးနော်လေးအော
ဖခင်ရင်ခွင်တွင်ကျန်ခဲ့သည်။
နော်လေးအော၏ဖခင်ရင်ခွင်သည်ထာဝရအရက်နံ့လှိုင်နေသောရင်ခွင်ဖြစ်သည်။အဒေါ်ဖြစ်သူက
ထမင်းစေ့ကိုဝါးခွံ့ကြွေးသဖြင့်အသက်ဆက်ရှင်ခွင့်ရခဲ့သည်။
“မနက်ဖြန်အရောင်းအ၀ယ်ဖြစ်ရင် မင်းတို့ကိုတစ်ဝတိုက်မယ်ကွ”
မနေ့က အရက်ဆိုင်မှာ စောမူးသာ သည်သို့ဟစ်ကြွေးခဲ့သည်။
“မနက်ဖြန်ငါရောင်းမှာက ဖော့မူထားခဲ့တဲ့ပစည်း။ ငါ့အသည်းလေးကို ရောင်းမှာကွ ဟား...ဟား“
စောပေါလုနဖူးကြောများ ရှုံကာ စောမူးသာကို စူးစူးရဲရဲကြည့် ဖြစ်ခဲ့သည်။
------------------
သည်မနက်လည်းစောမူးသာ မျက်နှာမသစ်ဖြစ်။ ညကလက်ကျန်တစ်ပိုင်းကို ပါးလုပ်ကျင်းလျှက် မြိုချလိုက်သည်။ ထိုတစ်ပိုင်းဝင်သွားမှ ရင်ထဲတွင် ရှိန်းမြသွားသည်။ သို့သော်မတင်းတိမ်ချင်သေး။ လှုပ်ခါ လှုပ်ခါ၍ ပါးစပ်တွင်းသို့လောင်းထည့်သော်လည်း တစ်စက်မျှမကျလာသောအခါမှ ပုလင်းခွံကို ဘေးသို့ ပစ်ချလိုက်သည်။
အနည်းငယ်တော့တုန်ယင်မှုများ သက်သာရသွားသည်။ ဒီကနေ့ ဘာလုပ်ရမည်ဟူသော အစီစအဉ်များ ပေါ်လာသည်။
အရက်ထပ်သောက်ချင်နေသေးသည်။ သူ့၌ အရက်ဖိုးပိုက်ဆံမရှိတော့မှန်း သူကောင်းကောင်း သိနေသည်။ ထို့ထက်သူသိနေသည်က သူ့ခြေထောက်များ ပို၍ ဖေါရောင်ကာလေးလံလာခြင်းဖြစ် သည်။
“မင်းသိပ်ကြာကြာမနေရတော့ပါဘူး”
ရွာကကျန်းမာရေးမှူးစကားကို ကြားယောင်လာသည်။ သောက်လွန်းသဖြင့် ရုတ်လျော့လာမှုကိုသူ ခံစား၍ ရသည်။ သူမလုပ်နိုင်တော့သော ယာကွက်ကို သူရောင်းခဲ့ပြီးပြီ။ ရွာထဲက မြေကွက်ကိုလည်း သူရောင်းခဲ့ပြီးပြီ။ ယခုသူတဲထိုးထားသော နေရာသည် သူပိုင်မဟုတ်တော့။ နောက်ဆုံးသူလုပ် နိုင်သည်မှာ ကျွဲကျောင်းပေးခြင်းဖြစ်သည်။ ကျွဲခြောက်ကောင်ကို ထိန်းကျောင်းပေးခြင်းဖြင့် သူ့ကို အရက်ဖိုးရစေသည်။ ထမင်းမစားရလည်း ကိစမရှိ။ အရက်သောက်ဖို့သာ အဓိက။
တစ်ခါတစ်ရံ အရက်ဖိုးပြတ်ချိန်၌ ဖော့မူကို သတိရသည်။ ဖော့မူသည် ယာထဲတွင် ပဲ၊ သခွား၊ ရုံးပတီစိုက်၍ သူ့ကို အရက်ဝယ်တိုက်ခဲ့သည်။ ထမင်းကောင်း ဟင်းကောင်းများစားခဲ့ရဖူးသည်။ အခုတော့ တစ်နေကုန် သခွားသီးတစ်လုံး ဆားတစ်ပုံနှင့် ပြီးသွားသည်လည်းရှိသည်။
ဖော့မူ သူ့ကိုစွန့်ခွာသွားသည်ကို သူကောင်းကောင်းခွင့်လွှတ်နိုင်သည်။ ဖော့မူမို့သာ ကြာကြာပေါင်းခဲ့ ခြင်းဖြစ်သည်။ ဖော့မူနှင့်သူ့၏ ဘ၀ခရီးရှည် တစ်ခုကို မှတ်မှတ်သားသားရှိနေပြန်သည်။
“ငါ နင့်ဒဏ်ကို မခံနိုင်တော့ဘူး“
ဖော့မူက သည်စကားကို နောက်ဆုံးပြောကာ ရွာမှထွက်သွားသည်။ နို့မပြတ်သေးသော သမီးလေးကို ထားခဲ့ခြင်းအတွက်မူ အမေမပီသဟု စောမူးသာအမြဲ ပြောတက်သည်။
အခုတော့သမီးလေး နော်လေးအော ရှေ့ရေးအတွက် သူဌေးဆိုသူတို့ကို ရောင်းရန် သဘောတူခဲ့ပြီး ပြီ။
ဟိုအိမ်သည်အိမ် တောင်းစားရင်း အသက်ရှင်နေသည်ထက် သူဌေးအိမ်တွင် သမီးလေးအခုထက် တော့အစဉ်ပြေ မည်။ မင်းသိပ်ကြာကြာ မနေရတော့်ပါဘူးကွာ ဟူသည့် ကျန်းမာရေးမှူးစကားအတိုင်း မကြာတော့သော အချိန်တို့အတွက် သူအရက်သောက်ရန်လည်း အဆင်ပြေမည်။
အိမ်နောက်ဖေးတွင် ၀ါးခက်တို့နှင် ကစားနေသော သမီးလေးနော်လေးအောကို ပုခုံးပေါ်ထမ်းကာ ကားလမ်း ရှိရာသို့ သူထွက်ခဲ့သည်။ သမီးလေးက သူ့ပခုံးထက်တွင် ပါးလှပ်စွာ ပါလာသည်။
သူတို့ ရောက်နှင့်နေကြပြီ။
တစ်ခါမှ မမြင်ဘူးသော အပြာရောင် ကားလုံးလုံးကြီး တစ်စီး မြေနီလမ်းတွင် ရပ်ထားသည်။ သစ်လွင်သော အ၀တ်အစားများဖြင့် လူစိမ်းသုံးဦးက လက်ထဲတွင် လက်ကိုင်စကားပြောစက် ကလေးများကို ကိုင်ထားကြသည်။ သူဌေးဆိုသူများ ဖြစ်လိမ့်မည်။
“ဒါနော်လေးအောကို ခေါ်သွားမယ့် သူဌေးတွေပဲ“
အရောင်းအ၀ယ်ဖြစ်အောင် စပ်ပေးသော စောကလူးဝါးက မိတ်ဆက်ပေးသည်။ သူတို့ကို အားကိုး တကြီး မျက်လုံးများဖြင့် ကြည့်ဖြစ်သည်။
“ခင်ဗျားကလေးအတွက် ဘာမှမပူနဲ့ အိမ်မှာ ကောင်းကောင်းနေရမယ်။ ကောင်းကောင်းစားရမည်။ ကျွန်တော်တို့က ကလေးဆိုသိပ်ချစ်တက်ကြတာ“
“ကလူးဝါး သူတို့ကို ပိုက်ဆံပေးဖို့ပြောကွာ“
နော်လေးအော ကိုကားနားသို့ ချထားလိုက်သည်။ သမီးလေးက ကားကိုလည်းကောင်း၊ လူစိမ်းများ ကို လည်းကောင်း ပြူးဝိုင်းသော မျက်လုံးများဖြင့် ကြည့်နေသည်။ စောကလူးဝါးက မျက်နှာ ရိပ်ပြရုံနှင့် ပင်တစ်ထောင်တန် တစ်ထပ်သူ့ရှေ့သို့ ရောက်လာသည်။
“နှစ်သောင်းအတိဗျ“
သူကပိုက်ဆံတို့ကို ရေတွက်ကြည့်သည်။ တစ်ထောင်တန် ပိုက်ဆုံကို မကိုင်ရသည်မှာ နှစ်နှင့်ချီ ကြာခဲ့ပြီ။
“ဒါက ကလေးအဖေကို ကျွန်တော်တို့က ထောက်ပံ့တာပါ။ ကလေးအဖေ ကျေနပ်တယ်မ ဟုတ်လား“
“အင်း“
တကယ်တန်း နော်လေးအောကို ခွဲရမတော့မည်ဆိုတော့လည်း ချီတုံ ချတုံဖြစ်မိပြန်သည်။ တစ်ထောင်တန် ပိုက်ဆုံအသစ်တို့ကို တစ်လှည့် သမီးလေးကို တစ်လှည့်ကြည့်နေမိသည်။
“ဘယ်လိုမှ စိတ်မရှိပါနဲ့။ ကျွန်တော်တို့မှာ အလုပ်ကလေးတွေ ရှိသေးတယ်။ ကလေးအတွက် တော့အစစရာရာ စိတ်ချပါ နော့“
သူဌေးဆိုသူက စောကလူးဝါးလက်ထဲသို့ တစ်ထောင်တန် တစ်ထပ်ပေးနေသည်ကို မြင်ရသည်။
သူ့ရင်ထဲမှာ ဆို့နင့်နေသည်သဖြင့် ဘာစကားမှ ပြောမထွက်။
“ကျွန်တော်တို့ ကလေးကို ခေါ်သွားလို့ရပြီလား“
သူခေါင်းငြိမ့်ပြမိသည်ထင်၏။ မြင်ကွင်းကိုကျောခိုင်းလိုက်သည်။ ရွာကလူအတော်များများလည်း အနားသို့ရောက်လာကြပြီ။ နော်လေးအော၏ စူးစူးဝါးဝါး ငိုသံကို ကျောဘက်မှ ကြားနေရသည်။
“အပါး အပါး အား ၀ါး ၀ါး“
သူကခြေထောက်တို့ကို ပို၍ သွက်အောင်လှန်းလိုက်သည်။
“အပါး အား ၀ါး ၀ါး“
“ဒီလိုအငိုသန်တဲ့ကလေးကိုမှ ကျွန်တော်တို့က ပိုချစ်တာဗျ“
----------------
စောမူးသာ အရက်ဆိုင် တဲထဲကို အပြေးတစ်ပိုင်း ၀င်သွားလိုက်မိသည်။
“တစ်ပုလင်းအမြန်ပေးကွာ“
တစ်ဝက်မျှကို ရေမရောဘဲ မော့ချလိုက်သည်။ နေသာထိုင်သာရှိသွား၏။ ထိုနောက်မှ ရေတစ်ကျိုက် ကျိုက်လိုက်သည်။
“သူဌေးတွေ ပြန်သွားပြီလား။ ငါလာဖို့ပဲ၊ ဒီမှာဧည့်သည်ရောက်နေလို့ မလာဖြစ်တာ“
စောပေါလုက သူ့ရှေ့တွင် ၀င်ထိုင်သည်။
“ပေါလု သောက်ကွာ။ မင်းလည်းတစ်ဝသောက်၊ ငါလည်းတစ်ဝသောက်မယ်“
“ငါဒီနေ့ သိပ်သောက်လို့ မဖြစ်ဘူး မူးသာ။ ငါ့မှာဧည့်သည် ရှိနေတယ်။ အဲဒါငါ့အကို ရဲ့သူငယ်ချင်း ဆိုတော့ ငါ့အကိုလည်း ဟုတ်တယ်“
စောမူးသာက ဧည့်သည်ကို ကြည့်သည်။ မြို့ကြီးသားတစ်ယောက်၏ သန့်ပြန့်မှုမျိုးဟု စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။
“ဒီစားပွဲကို လာပါလားဗျာ“
ဧည့်သည်က စားပွဲပြောင်းလိုက်သည်။ စောပေါလု ကပင်စကားစသည်။
“ သူက မူးသာပါ။ သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်“
“ အင်း ကျွန်တော်မှာလည်း သမီးလေးတစ်ယောက်ရှိတယ်။ သမီးလေးဆိုလို့ အခုတစ်ခေါက် ကျွန်တော် နယ်စပ် ဟိုဘက်မှာ ထူးထူးဆန်းဆန်း တွေ့ခဲ့တာလေး ပြောပြရအုံးမယ်။
“ဘာတွေ့ခဲ့လို့လည်း အကို“
“ အော်.. ကလေးတစ်ယောက်ကို ကျားကိုထောင်တာ“
“ဗျာ“
“ဟုတ်တယ်။ လူကလေးနဲ့ ကျားထောင်တာဗျာ။ သူတို့ပြောတာကတော့ ကလေးတစ်ယောက်တန်ဖိုး က နွားတစ်ကောင်တန်ဖိုးထက် ပေါတယ်တဲ့“
စောမူးသာ ဧည့်သည်ကို စူးစူးကြီး ကြည့်နေမိသည်။
“သူတို့က ဘေးမှာ ကျုံးပတ်လည်တူးပြီး ကလေးကို အလယ်မှာ ကြိုးနဲ့ချီထားကြတယ်။ ကလေးက ငိုတာပေါ့ဗျာ။ ကလေးငိုသံကြားလို့ ကျားက ကလေးဆီကိုလာရင် ကျုံးထဲကျတာပဲ။ ကျွန်တော်မြင် တော့ကလေးက လန့်ပြီး သတိလစ်နေပြီ။ ကျားကလည်း ကျုံးထဲရောက်နေပြီ“
“ဒါတကယ်လားဗျ“
စောမူးသာ ကုလားထိုင်မှ ၀ုန်းကနဲ ထရပ်ကာ မေးသည်။
“ ဟုတ် ဟုတ်ကဲ့“
စောမူးသာ အရက်ဆိုင်ထဲမှ ပြေးထွက်လိုက်မိသည်။ တစ်ထောင်တန်တို့ကိုလည်း ကျစ်ကျစ်ပါအောင် ဆုတ်လျှက် ဖြစ်၏။ ဖောရောင်နေသော ခြေထောက်တို့က မြေနီကားလမ်းဆီသို့ အမြန်ဆုံးပြေးနေမိ သည်။
မြေနီလမ်းပေါ်ရောက်သောအခါ မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရတော့။ ခုနက သည်အနားတွင် သမီးလေး နော်လေးအော် ငိုနေခဲ့သည်ပဲ။ မြေနီ လမ်းပေါ်မှ ကားလမ်းရာကို ကြည့်ကာ သူဆက်ပြေး လိုက်နေမိပြန်သည်။
သူ သိပ်ကြာကြာ မပြေးနိုင်ပါ။ လမ်းဘေးသို့ ဟပ်ထိုး ဟပ်ထိုး လဲကျသွားသည်။ သူ့လက်မှ ထောင်တန် စကူများ လွင့်စင်ကုန်သည်။ သမီး နော်လေးအော၏ ငိုသံများ၊ သူဌေးဆိုသူ နောက်ဆုံးပြောသော စကားသံများကလည်း နားစည်ကို စူးရှစွာ လာရောက်ရိုက်ခတ်နေသည်။ နားနှစ်ဘက် ကိုလက်နှင့် ပိတ်ထားလိုက်မိသည်။ သို့သော် အသံတို့က ပျောက်မသွား။
“ အပါး အပါး အား ၀ါး ၀ါး“
“ဒီလို အငိုသန်တဲ့ ကလေးကိုမှ ကျွန်တော်တို့က ချစ်တာဗျ“
“ဒီလို အငိုသန်တဲ့ ကလေးကိုမှ ကျွန်တော်တို့က ချစ်တာဗျ“
မောင်ချိုဝေ