ဆရာတော် ဦးဥတ္တမကို မီဒီယာများ လျစ်လျူ မရှုသင့်
Posted on 9/11/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၁) နှစ် မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများကို ရခိုင်ပြည်နယ်အတွင်း အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြသော်လည်း ပြည်တွင်း ပြည်ပ မီဒီယာများတွင် ထည့်သွင်း ဖော်ပြမှု မရှိသလောက် နည်းပါးသည်ကို တွေ့ရပါသည်။ နအဖစစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဟန်ပြကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲ သတင်းကို ဇောင်းပေးထုတ် လွှင့်နေရ၍ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုကို လျစ်လျူရှုလေသလော (သို့တည်းမဟုတ်) မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေကြ၍လော (သို့တည်းမဟုတ်) ရခိုင်လူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို ထုတ်ဖော်ခြင်းငှာ မ၀ံ့ရဲလေ၍လော (သို့တည်းမဟုတ်) မိမိတို့၏မီဒီယာမူဝါဒ ပြောင်းလဲလာ၍ ပေလော…… အဘယ်ကြောင့်များ ယခုကဲ့သို့ ဥပေက္ခာပြု လျစ်လျူရှုလေကြကုန်သနည်း ဆိုသည်ကို မသိရသော်လည်း ရခိုင်အမျိုးသားတို့ကား မိမိတို့၏ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်နေကြဆဲပင်။ မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင် အသက်၊ သွေး ချွေးတို့ ဖြင့်ရေးသားလျက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည်သာ။ မီဒီယာတို့၌ မှတ်တမ်းတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ကျရာတာဝန်ကို ထမ်းဆောင်ခြင်းသည်ပင်လျှင် ရခိုင်တို့၏ လှုပ်ရှားမှုများမှာ အဟောသိကံတော့ ဖြစ်လိမ့်မည်မဟုတ်။ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်၊ ကိုယ့်သမိုင်း ကိုယ်ဆက်ရေး နေကြမည်သာဖြစ်ပါသည်။
(၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလ (၇) ရက်နေ့တွင် ရခိုင်ပြည်နယ် (၃) မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။ စစ်တွေမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးမောင်ကြွင်းအောင်၊ စစ်တွေမြို့နယ် ဥက္ကဋ္ဌဦးစံရွှေထွန်း၊ ဗဟို အမျိုးသမီး အဖွဲ့ဝင် ဒေါ်ညိုအေးတို့ ဦးဆောင်ပြီး လူ (၂၀) ကျော်တို့က ကျောင်းတက်လမ်း၊ ဓမ္မာရုံရှေ့တွင် သံဃာတော်အပါး (၁၀၀) ကျော်ကို ဆွမ်းလောင်းခဲ့သည်။ တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်စေတီတွင် ရခိုင်လူငယ် (၂၀) ကျော်၊ မအီမြို့နယ် အိုးထိန်းစေတီတော်မှာ ရခိုင်လူငယ် (၁၀)ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းခဲ့ကြသည်။
စက်တင်ဘာ (၈) ရက်နေ့ ညနေတွင်လည်း မအီမြို့နယ် ဆားပြင်ရွာ၌ ရွာလမ်းများ တလျောက် ဆီမီးထွန်းပူဇော်ပွဲပြုလုပ်ကာ ဆရာတော် ဦးဥတ္တမနေ့ အမှတ်တရ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆုတောင်းခဲ့ကြသည်။ ကျေးရွာနေ ရခိုင်ကျောင်းသားနှင့် လူငယ်များက ပြည်သူလူထုအား ဆရာတော်ဦးဥတ္တမနေ့ အကြောင်းရှင်းပြခဲ့ကြသည်။
စက်တင်ဘာ (၉) ရက်နေ့ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့် (၇၁)နှစ်မြောက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုကို (၅) မြို့နယ်တွင် တွေ့ရသည်။ စစ်တွေမြို့နယ်တွင် (၂) နေရာပြုလုပ်သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဌာနချုပ်တွင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားနှင့် ဟောပြောပွဲကို ပရိတ်သတ် (၁၀၀) ကျော်ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။ နံနက် (၉) နာရီတွင် ရခိုင်ကျောင်းသား၊ လူငယ် (၂၀) ကျော်က စစ်တွေ၊ လမ်းမတော် တောင်ရပ်ကွက်တွင် သံဃာတော် (၇၁) ပါးကို ဆွမ်းလောင်းလှူဒါန်းကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လွတ်ရေး ဆုတောင်းခဲ့ကြသည်။ ဆရာတော်၏ရုပ်ပုံတော်ဖြင့် မိုးပျံဗူဘောင်းများကို ရိုသေစွာ လွှတ်တင်ခဲ့ကြသည်။
စက်တင်ဘာ (၉) ရက်နေ့ နံနက် (၉) နာရီတွင် တောင်ကုတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်သိန်းအောင် နေအိမ်တွင် အဖွဲ့ဝင် (၂၀) ဦးနှင့် ဦးဥတ္တမနေ့ အခမ်းအနားတရပ်ကို ကျင်းပခဲ့သည်။ မအီမြို့၊ လမူးမော်ရွာ၊ ကြက်ကိုင်း ဘုရားတွင်လည်း သည်နေ့ နံနက် (၇) နာရီခန့် တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲကို ကျောင်းသား၊ လူငယ် (၁၅) ဦးဖြင့် ပြုလုပ်ကျင်းပခဲ့ကြသည်။
ထိုနည်းတူစွာ မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့တို့တွင်လည်း စက်တင်ဘာ (၉) ရက်နေ့တွင် ဆရာတော်ဦးဥတ္တမနေ့ ကိုဂုဏ်ပြုလျက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေးအတွက် ရည်မှန်းကာ ဆွမ်းကပ် လှူဒါန်းမှုများ ပြုခဲ့ကြပါ သည်။ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရခိုင်စာပေသမားများနှင့် ပူးပေါင်းကာ မြို့နယ် (၁၅) မြို့နယ်တွင် ဆရာတော်၏ဓါတ်ပုံနှင့် ထေရုပ္ပတ္တိပေါင်း (၃၀၀၀) ကျော် ဖြန့်ဝေခဲ့ကြသည်။
ထို့အပြင် စစ်တွေမြို့ ဆရာတော်ဦးဥတ္တမပန်းခြံတွင် လုံခြုံရေး ထူထပ်စွာချထားသည့်ကြားမှ ရဟန်းတော်များနှင့် ရခိုင် ကျောင်းသားလူငယ်များက ပန်းခွေချ ပူဇော်ခဲ့ကြသေးသည်။ အဆင်မသင့်လျှင် ထောင်ထဲ တန်းပို့ ခံရမည့် အနေအထားပင် ဖြစ်သည်။
ဤမျှများပြားလှသောလှုပ်ရှားမှုများအတွက် အခက်အခဲကြား၊ အန္တရာယ်များကြားက စွန့်စားခဲ့ကြသူများကို လွန်စွာ ဂုဏ်ပြုရပေမည်။ စစ်အစိုးရသည် ဆရာတော်ဦးဥတ္တမနေ့ကို အသိအမှတ် မပြုလိုပေ။ ရဲရင့်ခိုင်မာလှသည့် ရခိုင်တို့၏ နှလုံးသွေးထဲတွင် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်လှသော ဆရာတော် ဦးဥတ္တမ စိတ်ဓာတ် လှည့်ပတ် စီးဆင်းမည်ကို ကြောက်လျက်ရှိသည်။ ထို့ ကြောင့် ယခင်နှစ်များက ဆရာတော် ဦးဥတ္တမနေ့ လှုပ်ရှားခဲ့ကြသည့် အပြစ်မဲ့ ရခိုင်ကျောင်းသားလူငယ် (၁၁) ဦးကို ပုဒ်မ အမျိုးမျိုးတပ်ကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခဲ့သည်။ သည်ကြားထဲ ရုန်းကန် လှုပ်ရှားကြသည့် မျိုးဆက်သစ်လူငယ်များကို မြန်မာနိုင်ငံသား မီဒီယာသမားများ အနေဖြင့် လူမျိုးရေး မခွဲခြားဘဲ အလေး ဂရုပြုသင့်ပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြသူများ အနေဖြင့် မည်သည့်သတင်းဌာနတွင် ပါ၊ မပါ ဂရု စိုက်လိမ့်မည်မဟုတ်။ ထောင်အကျခံရလည်း သူတို့အရေး လုပ်ကြမည် မဟုတ်။ သို့သော် ၎င်းတို့၏ သတ္တိ၊ ရဲရင့်မှုတိုကို ပြည်သူ့ အတွက် ဆောင်ရွက်နေကြကုန်သော ပြည်သူ့ မီဒီယာသမားများ အနေဖြင့် လျစ်လျူမရှုသင့်ဟု ထင်မြင် ယူဆလျက် အပြုသဘောဆောင် ရေးသား တင်ပြလိုက်ပါသည်။
ဦးကျော်မောင်
http://arakanreview.net/?p=2010#more-2010
Read article
Add Comment
မြန်မာနိုင်ငံ၏ ပထမဆုံးအာဇာနည်နေ့
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
မြန်မာနိုင်ငံသမိုင်းတွင် အာဇာနည်နေ့ကို ဇူလိုင်လ ၁၉-ရက်နေ့ဟု သတ်မှတ်ထားသည်။ အကြောင်းမှာ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်ကြီးများကို သတ်ဖြတ် လိုက်သည့်နေ့ဖြစ်ပါသည်။ ဤနေ့ကို သတိရစေရန် ဂျုလိုင်လ ၁၉ ရက် နေ့ရောက်တိုင်း အာဇာနည်နေ့ကို ကျင်းပကြသည်။ အမှန်အားဖြင့် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အာဇာနည်နေ့ မဟုတ်၊ ပထမဆုံး အာဇာနည်နေ့ကား ၁၉၂၁ ခ၊ု မတ်လ ၂၁ ၊ရက်နေ့ဖြစ်သည်။ ဤနေ့တွင် ဆရာတော်ဦးဥတ္တမအား ဖျာပုံ စိစရိတ်ရာဇာဝင် တရားသူကြီးရုံး၌ အမူစစ်ဆေး သည့် နေ့ပင်ဖြစ်ပါသည်။
ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လတွင် နောက်ပါ ဦးဝေပုလ္လ ကိုယ်တော်၊ ဦးဘစော၊ မဒန်ဂျစ်၊ ကျောင်းဆရာ ကိုသတ်ပန်တို့နှင့်အတူ အောက်ပြည်အောက်ရွာကိုလှည့်၍ နိုင်ငံရေးတရားဟော၍ စည်းရုံးခြင်း၊ အမျိုးသားရေး စိတ်ဓာတ် နိုးကြားအောင် ဆောင်ရွက်ခဲ့ပေသည်။ ဤသို့ဆောင်ရွက်နေစဉ် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ရောက်ပြီး နိုင်ငံရေး တရားဟောနေစဉ် ဗြိတိသျှအစိုးရက ဆရာတော်အား ရာဇာသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၁၃၅ (က) အရ ဖမ်းဆီးလိုက် လေသည်။ ဖမ်းဆီးပြီး ဖျာပုံမြို့ ရာဇာဝတ် တရားသူကြီးရုံး၌ ၁၉၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမူစစ်ဆေးသည့်နေ့ကို မြန်မာနိုင်ငံအဝှမ်း အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်သည်။ တိုင်းရင်းသားများအားလုံးက ကြည်ညိုလေးစားခြင်း ခံရ သော ဆရာတော် ဦးဥတ္တမအား ဤသို့ တရားစွဲ အမှုစစ်ဆေးသည့်နေ့ကို အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အကျွန်၏ မြန်မာနိုင်ငံအမျိုးသား ပညာရေး သမိုင်းစာအုပ် စာမျက်နှာ ၁၁၄- တွင် ၁၉၂၁-ခု ဧပြီလ ၁၁-ရက်နေ့ ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ သပိတ်မှောက် အထက်တန်းကျောင်းသားများ၏ ကွန်ဖရင့်တွင် အင်္ဂပူမြို့မှ ဦးမောင်လူဖေဝင်းက “ဦးဥတ္တမ ကိုယ်တော်သည် အမိနိုင်ငံအတွက် တန်ဘိုး မဖြတ်နိင်လောက်အောင် အမူထမ်းသဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဦးဥတ္တမ ကိုယ်တော်အား ဖမ်းဆီးလိုက်သဖြင့် များစွာဝမ်းနည်းကြောင်းကို မှတ်တမ်းတင်ရန်” အဆိုတင်သွင်းရာ ရန်ကုန်အမျိုးသမီး အထက်တန်းကျောင်းမှ မခင်လေးက ထောက်ခံသဖြင့် ကွန်ဖရင့်က ပြဌာန်း ဆုံးဖြတ် လိုက်ပါသည်။
၁၉၂၁-ခု၊ မတ်လ ၂၁-ရက်နေ့တွင် ဖျာပုံဒိစရိတ် ရာဇာဝတ်တရားသူကြီးရုံး၌ စစ်ဆေးမည်ဟု တရားသူကြီးက အမိန့်ချမှတ် ထား၏။ ထို့နေ့တွင် မြန်မာတဝှမ်းလုံးရှိ ဈေးဆိုင်များ၊ ဈေးများ၊ အလုပ်အကိုင်များပိတ်၍ အခြား အလုပ်အကိုင်များကိုပါ ရပ်၍ ဥပုဒ်သီလ ဆောက်တည်ကြရန် ၁၉၂၁-ခု၊ မတ်လ ၁၃-ရက်နေ့ ဗဟန်း ဥပသကာဇရပ်၌ ကျုင်းပသော ရန်ကုန်မြို့ အသင်း အစည်းအဝေးက အကြံပေးသည့်အတိုင်း မြန်မာကောင်စီကလည်း သဘောတူခဲ့ပေသည်။ ဦးဥတ္တမ ကိုယ်တော်အား အမှုစစ်ဆေးသည့်နေ့တွင် မြန်မာတနိုင်ငံလုံး တိတ်ဆိတ်နေ၏။ အလုပ်တိုက်များကိုလည်း ပိတ်ထား ကြ၏။ အလုပ်အကိုင်များကို ရပ်ထားကြ၏။ အမျိုးသားကျောင်းများကို ပိတ်ထားကြ၏။ တပြည်လုံးနှင့်အဝှမ်း ပထမဆုံး ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြစ်သော အာဇာနည်နေ့ကား ဦးဥတ္တမကိုယ်တော်ကို အမှုစစ်ဆေးသည့်နေ့ပင် ဖြစ်သည်ဟု မှတ်တမ်း တင်ထားပေသည်။
မတ်လ-၂၁ ရက်နေ့ ပထမဆုံး၊ ဇူလိုင်လ-၁၉ ရက် ဒုတိယ အာဇာနည်တို့ ဖြစ်ရပ်နှင့် အခြေအနေတို့ မတူပါ။ ပထမ အာဇာနည်နေ့သည် မြန်မာလွပ်လပ်ရေးတိုက်ပွဲတွင် မဟုတ်မခံ မြန်မာသတ္တိကို ပြလိုက်သည့်နေ့ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မတော်တရား လုပ်ကြံခံလိုက်ရသည့် အာဇာနည်နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား ညအခါတွင် စန္ဒာလမင်း ထွက်ပြီး တညလုံး ထိန်လင်းနေသည့်ပမာ မြန်မာနိုင်ငံ၏ အလင်းရောင်သည် ကျက်သရေ ပြည့်နှက်ပြီး ထိန်လင်း နေပါသည်။ ဤတွင် စန္ဒာလမင်းကား ဆရာတော် ဦးဥတ္တမ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမှောင်ကို အလင်းရောင်ရအောင် ထွန်းလင်းပေးသော အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မြန်မာနိုင်ငံ၏ အလင်းကို အမှောင်ထု ကျသွားသကဲ့သို့ ဖြစ်သွားသည့် နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား မိုးတိမ်မိုးရိမ်များကို ဖယ်ရှား၍ တနေ့လုံး ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံအောင် ဆောင်ရွက်ပေးသည့် ဆရာတော် ဦးဥတ္တမကား သူရိယ နေမင်းကြီးကဲ့သို့ ရှိပေသည်။ ဒုတိယ အာဇာနည်နေ့ကား နေ့အခါတွင် နေမထွက်ဘဲ မိုးရိပ်မိုးသား ဖုံးလွမ်းနေသည့် အမှောင် ကျနေသည့် နေ့နှင့် တူပေသည်။ ခေါင်းဆောင်ကြီးများကို အစားထိုး၍မရ၊ ခေါင်းဆောင်များကို ခေါင်းဆောင် နေရာမှာ ထားနိုင်အောင် အကျွန်တို့ နိုင်ငံသားများ၊ နိုင်ငံ့ကောင်းဆောင်များ စိတ်ဓာတ်ရေးရာ ပြောင်းလဲသင့်သည်။ ခေါင်းဆောင်ကို ချိုးနှိမ် သတ်ဖြတ်သည့် မြန်မာ့အစဉ်အလာကား ကုန်းဘောင်ခေတ်တွင်လည်း ရှိခဲ့သည်။ ဤမကောင်းသည့် အစဉ်အလာကို အကျွန်တို့ အားလုံးက ဖျက်ပယ် ရပ်တန့်သင့်ပါသည်။ ဤအစဉ်အလာကို ရပ်ပြီး အာဇာနည်နေ့ကို ဂုဏ်ပြု အလေးပေးသင့်သည်။ “အာဇာနည်ဆိုသည်မှာ မှန်ကန်သည်ကို မှန်ကန်သည်ဟု မြင်ပြီး ကိုယ်ကျိုးစွန့်ကာ လူမျိုးနှင့် တိုင်းပြည်အတွက် ဆောင်ရွက်သည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့် တရားတို့ဖြစ်ည်။ တနည်း အားဖြင့် ဆိုသော် အာဇာနည်ဆိုသည်မှာ ဘုရားလောင်းတို့၏ သတ္တိဗျတ္တိကို ဆိုလိုသည်။”
ဆရာတော် ဦးဥတ္တမကား အသက်ငယ်ငယ်ပင် ရှိသေးသည်။ သို့သော် ဆရာတော်သည် လွတ်လပ်ရေးမျိုးစေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးချပေးခဲ့သော အာဇာနည်ပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၌ အကြမ်းမဖက် ဝါဒကို ဦးစွာပထမ မျိုးစေ့ ချခဲ့ပြီး လက်တွေ့ကျင့်သုံးခဲ့သော အာဇာနည်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် ဆရာတော်သည် အူရဒူဘာသာ၊ ဟိန္ဒူဘာသာ၊ ပါဋ္ဌိဘာသာ၊ သက္ကဋဘာသာ၊ ကိုးရီးယန်ဘာသာ၊ ရုရှဘာသာ၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗမာဘာသာ တို့ကို ကျွမ်းကျွမ်းကျင်ကျင်တတ်သော ပညာရှင် အာဇာနည်တပါးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသမိုင်း၌ လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံသမိုင်း၌လည်းကောင်း၊ ဆရာတော်ဦးဥတ္တမလောက် ဘာသာစာပေ များများ တတ်ကျွမ်းသည့် ခေါင်းဆောင်ကား ယခုအချိန်ထိ ထွက်ပေါ်လာသည်ကို မတွေ့ရပေ။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယနိုင်ငံ ခေါင်းဆောင် မဟတ္တဂန္ဒိနှင့် နေးရူးကဲ့သို့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ တရုတ်နိုင်ငံမှာ ဒေါက်တာ ဆွန်ယက်ဆန်ကဲ့သို့ ပုဂ္ဂိုလ်များနှင့် လည်းကောင်း အလွန်ရင်းနှီးခဲ့ပါသည်။ ဆရာတော်ဦးဥတ္တမခေတ် အခြေအနေကို ကမ္ဘာအဝှမ်း အတိုင်း အတာနှင့်ကြည့်လျှင် ၁၈၈၅-ခုနှစ် အိန္ဒိယနိုင်ငံ ကွန်ဂရက် တည်ထောင်ပြီး အိန္ဒိနိုင်ငံရေးလူပ်ရှားမူ တိုးတက် ကျယ်ပြန့်လာသည်ကို တွေ့ရပေသည်။ ၁၉၁၇-ခုနှစ်တွင် ရုရှနိုင်ငံ၌ ဘော်ရိုဗစ် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည်။ လီနင်၏ ဝါဒများလည်း ကျယ်ပြန့်လာခဲ့သည်။ တရုတ်နိုင်ငံတွင်မူကား ၁၉၁၁-ခုနှစ်တွင် မန်ချုးအစိုးရ အင်အားလျော့နည်းနေသော အချိန်ဖြစ်သည်။ ၁၉၁၀-ခုနှစ်တွင် ဂျပန်က ကိုးရိယားကို တက်သိမ်းသည်။ ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် အရှိန်အဟုန်ပြင်းစွာ တိုးတက်ထွန်းကား လာခဲ့ပေသည်။ ၁၈၆၇-ခုနှစ်တွင် မတ်စူးဟီတို ဘုရင်သည် နန်းတက်ပြီး ဂျပန်နိုင်ငံကို စက်မူလက်မူ နိုင်ငံအဖြစ် တိုးတက်လာရန် ဆောင်ရွက်ခဲ့သော အချိန်ကာလဖြစ်သည်။ ဤခေတ်ကို ဥာဏ်ရောင် လင်းသောခေတ် သို့မဟုတ် မီးကျီးခေတ်ဟု သမိုင်းဆရာတို့က မှတ်တမ်းတင်ကြသည်။ မတ်စူးဟီတို ဘုရင်ခေတ်သည် သက္ကရာဇ် ၁၉၁၂-ခုနှစ်လောက်တွင် ဆုံးခဲ့သည်။ သို့သော် ဤခေတ်တွင် ပြုလုပ်လိုက် သော စက်မှုလက်မူ တော်လှန်ရေးသည် ဂျပန်နိုင်ငံ၏ ကြီးပွားတိုးတက်ရေးတွင် အလွန်အရေးပါလှပါသည်။ ဤကာလတွင် ဂျပန်အစိုးရသည် နိုင်ငံခြားသို့ ဂျပန်နိုင်ငံခြား ပညာတော်သင် ကျောင်းသားပေါင်း ၆၀၀ ကျော်ကို ပြည်ပသို့ ပို့၍ ပညာ သင်ကြားစေခဲ့သည်။
တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုသည် ပညာရေးပေါ်တွင် များစွာအခြေခံပါသည်။ ဂျပန်နိုင်ငံက ပညာတော်သင် ၆၀၀ ကျော် လွှတ်ထားသောအချိန်တွင် မြန်မာနိုင်ငံ မင်းတုံးမင်းကြီး လက်ထက်၌ မြန်မာကျောင်းသား ၃၀ ခန့်ကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခဲ့သည်။ ဤအချက်ကား လက်ရှိ ဂျပန်နိုင်ငံတိုးတက်မှုနှင့် ယခုလက်ရှိ စုတ်ပြတ်နေသော မြန်မာနိုင်ငံ၏ အခြေအနေကွာခြားမူကို သမိုင်းသာဓကအနေဖြင့် သိမှတ်သင့်သည်။ မီးကျီးခေတ် ဆုံးပြီးနောက် ဂျပန်နိုင်ငံ သည် စီးပွားရေး၊ နိုင်ငံရေး စသည့် အဖက်ဖက်မှ တိုးတက်ထွန်းကားနေသော အချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ တက္ကသိုလ်ပါမောက္ခအဖြစ် အမှုထမ်းလျက်ရိုသည်။ ဂျပန်နိုင်ငံတွင် စက်မှုလက်မှု တိုးတက်ပုံ၊ ကျောင်းသူ ကျောင်းသားများ စာကိုကြိုးစားပုံ၊ မိမိတို့နိုင်ငံတွင် တက်ညီလက်ညီ ကြိုးစားကြပုံတို့ကို တက္ကသိုလ် ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် များစွာ အားကျခဲ့ပေသည်။ မြန်မာလူငယ်များလည်း ဂျပန်တို့လို ကြိုးစားစေလိုသည့် ဆန္ဒ ဂျပန်နိုင်တို့လို တက်ညီလက်ညီ ဆောင်ရွက်လိုသည့် ဆန္ဒကို အခြေခံ၍ ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်တွင် ထုတ်ဝေသော သူရိယသတင်းစာသို့ ဆောင်းပါးများရေးသားပေးပို့ခဲ့သည်။ ၁၉၆၄- ခုနှစ်လောက်တွင် အကျွန်သည် ငွေတာရီ မဂ္ဂဇင်း၌ ဂျပန်ပြည်မှ ဆရာတော် ဦးဥတ္တမ ပေးစာများ ခေါင်းစဉ်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပါသည်။ ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဦးသန့်သည် မြန်မာနိုင်ငံ တနိုင်ငံလုံးက ဂုဏ်ယူသင့်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုနည်းတူ ဗိုလ်ချူပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းလည်း နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည်။
ဤသို့ နိုင်ငံ ကျက်သရေဆောင် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဦးသန့်အတွက် အမှတ်ရစေသည့် အုတ်ဂူကို မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် ထားရှိသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းမှင့် ဗိုလ်ချူပ်အောင်ဆန်းတို့၏ အုတ်ဂူများကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင် တွေ့ရသည်။ ဆရာတော် ဦးဥတ္တမအတွက်မူ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် အမှတ်တရဟူ၍ တစုံတခုမျှ မရှိ။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် အမျိုးသားခေါင်းဆောင် မဟုတ်၍ ထိုက်ထိုက်တန်တန် နေရာမပေးလျှင် ဦးသန့်၏ အုတ်ဂူကို ပန်းတနော်သို့ ပြန်ပို့လိုက်ပါ။ ထိုနည်းတူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ရွှေတောင်ကို ပြန်ပို့ပေးပါ။ ဗိုလ်ချူပ်အောင်ဆန်းကိုလည်း နတ်မောက်သို့ ပြန်ပို့လိုက်ပါ။
ပါမောက္ခ ဒေါက်တာအေးကျော်
သုခ၀တီ (နယူးယောက်မြို့)
၀၈၊ ၁၉၊ ၂၀၁၀
http://arakanreview.net/?p=1894#more-1894
Read article
Add Comment
ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည်
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
ဇင်လင်း / ၀၉ စက်တင်ဘာ ၂၀၁၀
ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် စက်တင်ဘာလသို့ ရောက်ပြန်ပြီ။ စစ်အာဏာရှင်တို့ကလည်း သူတို့အာဏာသက်ဆိုးရှည်ရေးအတွက် ရွေးကောက်ပွဲအတုအယောင်ကို နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး မြေအောက်စာရွက်စာတမ်း ဖြန့်ဝေမှုများကို ကျောင်းသားနှင့် သံဃာ တက်ကြွလှုပ်ရှားသူများက စစ်ဆင်ရေးသဖွယ် လုပ်ဆောင်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ယင်းဥပဒေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်ရေးတို့သည် ယနေ့လူထုကြွေးကြော်သံ ဖြစ်လာနေသည်။ ဤလှုပ်ရှားမှု ကြွေးကြော်သံများကို ယနေ့ ပြည်တွင်းပြည်ပရှိ သံဃာ့သမဂ္ဂီများကလည်း ထောက်ခံမှုပြုနေကြောင်း တွေ့ရသည်။ တနည်းအားဖြင့် ရွှေဝါရောင် သံဃာ့အရေးတော်ပုံ စိတ်ဓာတ်သည် ရှစ်လေးလုံး လူထုအရေးတော်ပုံစိတ်ဓာတ်နှင့်အတူ ဆက်လက် အရှိန်အဟုန်မြင့်မားနေဆဲဖြစ်သည်။ တနည်းအားဖြင့် သံဃာ့အရေးတော်ပုံနှင့် လူထုအရေးတော်ပုံ၊ သံဃာတော်တို့ဆန္ဒနှင့် လူထုဆန္ဒသည် တထပ်တည်းဖြစ်ကြောင်း ဖော်ပြချက်လည်းဖြစ်သည်။
တိုက်ဆိုင်စွာပင် ဤစက်တင်ဘာလသည် မြန်မာနိုင်ငံပြည်သူလူထုအား နိုင်ငံရေး နား၊ မျက်စိ အဦးဆုံး ဖွင့်ပေးခဲ့သော ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိသည့်အချိန် ဖြစ်ပေသည်။ ရွှေဝါရောင် သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် ယခုနှစ်သည် ‘ဆရာတော် ဦးဥတ္တမ’ ပျံလွန်တော်မူခြင်း (၇၁) နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။ ဆရာတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား ‘ဆရာတော် ဦးဥတ္တမ’ ဖြစ်သည်ကို မှတ်မိကြမည်ထင်ပါသည်။ ‘ကရက်ဒေါက်’ (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံဖြစ်သည်။
ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့၊ ရေစကြိုစာသင်တိုက်၌ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်းဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျို ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။
၁၉၁၁ ခုနှစ် မြန်မာနိုင်ငံ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာတိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတ ရစေရန် ရေးသားတင်ပြခဲ့သည်။ ‘၀ိုင်အမ်ဘီအေ’ ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ လုပ်ခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ် လူငယ်လူလတ်များအား ဟုမ္မရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေးရရှိရန် ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။
ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိ ရှိလှသဖြင့် တရားပွဲတိုင်း ကျိတ်ကျိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျ စိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင် လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့လက်ထဲမှာသာရှိတယ်။˝
ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများ ပေါ်ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။
ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်းခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူပရိသတ် ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။
ဆရာတော်သည် ပထမအကြိမ် ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံး လှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ်ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသား ဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော်ရုပ်ရှင်ရုံ တရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှ ပါဝင်ပေသည်။
ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွ ပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး ဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။ ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေးဟောပြောလာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူး တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။
ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော် ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေး ဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။
“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”
ဆရာတော် ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန် အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။
ဤရက်ပိုင်းမှာပင် ပခုက္ကူ သံဃာအရေးတော်ပုံ (၃) နှစ်ပြည့်ချိန်မှ အစပြု၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေး ပြင်ဆင်လျက်ရှိသည့် ရွေးကောက်ပွဲအား အကြမ်းမဖက်နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်ကြရန် အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်တရပ် RFA မှတဆင့် ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ “၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်၊ (၆) ရက်နေ့များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်းကြံ့ဖွံ့လူမိုက်များ၏ပါတီမှ ဦးဆောင်၍ ပြည်သူလူထုအား ထာဝစဉ် စစ်ကျွန်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖန်တီးလျက်ရှိသည်။”
“သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင်သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့်ပတ်လည် (၅) ရက် (၆) ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်သွားရန် တိုက်တွန်းနှိုးဆော်အပ်သည်။ (သောသုဇနသမဂ္ဂ၊ ပခုက္ကူ)” စသည်ဖြင့် ဦးဆောင် သံဃာတပါးဖြစ်သည့် ဦးသောဘိတက RFA မှတဆင့် မိန့်ကြားခဲ့သည်။
အထက်ဗမာပြည် သံဃာတော်များအနေဖြင့် စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေခြင်းကို စတင်နေပြီဟုလည်း သိရှိရသည်။ ထို့ပြင် ရနိုင်သမျှ နည်းလမ်းများဖြင့် စစ်အာဏာတည်မြဲရေး ရွေးကောက်ပွဲအား ဆန္ဒပြ ဆန့်ကျင်သွားကြရန်လည်း သောသုဇနသမဂ္ဂ (ပခုက္ကူ) အဖွဲ့က ပြည်သူလူထုအား တိုက်တွန်းလျက်ရှိသည်။ ထို့ကြောင့် ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ်မျိုးဆက်သစ်တို့သည် သောသုဇနသမဂ္ဂ၊ (ပခုက္ကူ) အဖွဲ့၏ နှိုးဆော်ချက်ကို အထူးအလေးဂရုပြုကြရပေလိမ့်မည်။ မကြာမီ မြန်မာနိုင်ငံအ၀ှမ်းတွင် ဆင်နွှဲတော့မည့် စစ်အာဏာကြံ့ခိုင်ဖွံ့ဖြိုးရေးရွေးကောက်ပွဲအား သပိတ်မှောက်ရာတွင် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ သံဃာ့သမဂ္ဂီများက ဦးဆောင်ဦးရွက်ပြုဦးမည့် လက္ခဏာများ မြင်တွေ့နေရပေသည်။
ဦးဥတ္တမခေတ် ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃသမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) ကျော် သက်တမ်းရင့်ရှည်ခဲ့လျက် ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီများ၊ သောသုဇနသမဂ္ဂအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက်ရှိသည်ကို လက်တွေ့မြင်တွေ့နေရပေသည်။ သံဃာတော်တို့၏ အစဉ်အလာမှာ တရားမျှတမှုဘက်၊ ဓမ္မဘက်မှ ရပ်တည်လေ့ရှိပါသည်။ မတရား အနိုင့်အထက်ပြုသည့်ဘက်၊ အဓမ္မဘက်မှ ရပ်တည်သူတို့သည် အာဏာလက်မလွှတ်ရရေး တခုသာကြည့်လေ့ရှိပါသည်။ လူထုဆင်းရဲဒုက္ခကို စာနာထောက်ထားလေ့မရှိပါ။ လူထုဒုက္ခကို စာနာသည့် ဆရာတော် သံဃာတော်တို့ဘက်၊ တရားမျှတမှုဖွံ့ဖြိုးရေးဘက်က တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးသည် “ဆရာတော် ဦးဥတ္တမ” ၏ အာဇာနည်စိတ်ဓာတ်ကို စံနမူထားရာရောက်ပေသည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး” ဟူသော ဆရာတော်၏ မိန့်ထုံး သြ၀ါဒကို နှလုံးသွင်းလျက် ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျရာအခန်းမှ တာဝန်ကျေအောင် ထမ်းကြရပေတော့မည်။ ။
ကျမ်းကိုးစာရင်း ။ ။
(၁) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
http://www.khitpyaing.org/index.php?route=detail&id=4346
Read article
Add Comment
နယ်ချဲ့တို့အား တော်လှန်ခဲ့သော ဆရာတော် ဦးဥတ္တမ
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
သန်းရွှေနိုင် / ၀၈ စက်တင်ဘာ ၂၀၁၀
ရဟန်းတော်များထဲမှ နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ သူသည် ရခိုင်အမျိုးသား ထေရ၀ါဒဗုဒ္ဓဘာသာ သံဃာတော်တပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော အင်္ဂလိပ်စာတတ် ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ ယခုနှစ် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် (၇၁) နှစ်ပြည့်ပြီဖြစ်သည်။
ဆရာတာ် ဦးဥတ္တမအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ်၌ အဖ ဦးမြ၊ အမိ ဒေါ်အောင်သူတို့မှ ခရစ် ၁၈၇၉ ခု၊ ဒီဇင်ဘာ (၂၇) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး မွေးချင်း (၃) ဦးအနက် အကြီးဆုံးဖြစ်သည်။ ဆရာတော်၏ ညီမှာ ကျော်ထွန်းအောင်ဖြစ်ပြီး ညီမမှာ မအိမ်စိုး ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင်သည် နောင်အခါတွင် ရှင်အရိယဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။
ဆရာတော် ပေါ်ထွန်းအောင်သည် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ‘ရှင်ဥတ္တမ’ ဟု တွင်ခဲ့သည်။ ဆရာတော်သည် တောင်ငူမြို့တွင် ကျင်းပသော ရှင်သာမဏေ စာပြန်ပွဲ၌ ပထမရခဲ့သဖြင့် ချမ်းသာကြွယ်ဝသော ရှမ်းအမျိုးသမီးတစ်ဦးက ဆရာတော်အား သားအဖြစ် မွေးစားကာ ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ပို့၍ ပညာသင်စေသည်။ ကာလကတ္တားတွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀) တန်း အဆင့်အောင်မြင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်ကြွလာခဲ့သည်။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့ သွားရောက်၍ ရေစကြိုတိုက်တွင် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သာမဏေ၀တ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့သင်ကြားနေစဉ်ပင် ဆရာတော်အား ဆွေမျိုးနီးစပ်တော်စပ်သူ ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံပေးခဲ့သည်။
ဆရာတော်သည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ တဖန်ပြန်သွားသည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ်တခုတွင် ပါဋ္ဌိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာများကို ဧည့်ပါမောက္ခအဖြစ် သင်ကြားပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်နေစဉ် သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းဂန်များကို သင်ကြားခဲ့သည်။ အိန္ဒိယတွင် သီတင်းသုံးနေစဉ်အတွင်း ဆရာတော်အား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
အိန္ဒိယတွင် (၈) နှစ်မျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပညာသင်သွားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားနေစဉ် ရုရှား- ဂျပန်စစ်ပွဲ (၁၉၀၄-၀၅) ၌ ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံငယ်လေးက ရုရှားကဲ့သို့ အင်အားကြီးမားသော နိုင်ငံအား အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်အား အထင်ကြီးလေးစားကာ ဂျပန်သို့ ပညာသင်ထွက်ခဲ့သည်။ ဂျပန်တွင် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုစဉ်က စက်မှုလက်မှုဝန်ကြီး) ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျပန်ဘာသာစကားကို (၂) နှစ်ခန့် သင်ယူခဲ့သည်။ ယင်းကျောင်း၌ပင် ဆရာတော်သည် သက္ကတနှင့် ပါဠိဘာသာကို ဘာသာဗေဒပါမောက္ခအဖြစ် ပြန်လည်ပို့ချပေးခဲ့သည်။
ဆရာတော် ဂျပန်ပြည်၌ ရှိနေစဉ်တွင် ဂျပန်ပြည်သို့ ခေတ္တရောက်ရှိနေသော တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ တရုတ်ကျောင်းသားများကလည်း ဆရာတော်၏ သြ၀ါဒခံယူကြသည်။ ဆရာတော် ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော် ဦးဥတ္တမအား အထူးကြည်ညိုလေးစား၍ သူနှင့်အတူ တရုတ်ပြည် လိုက်လည်ရန် ပင့်ဖိတ်လေသည်။ ဆရာတော်သည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ပီကင်း၊ ပီကင်းမှ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည်ခဲ့သည်။
ထိုခေတ်ထိုအခါက မြန်မာလူမျိုးတဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွားလာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်မှုပြုလုပ်နိုင်ခြင်းမှာ အံ့ချီးဖွယ်ပင်ဖြစ်လေသည်။
ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်သာယူ၍ စေတနာဖြင့် သင်ကြားပြသခဲ့ပေသည်။ ဂျပန်မှအပြန် မြောက်ကိုရီးယား၊ ယင်းမှတဆင့် တရုတ်ပြည်၊ တရုတ်ပြည်မှတဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တော်) သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာသည်။
မြန်မာပြည်သို့ ပြန်ကြွပြီးနောက် ဆရာတော် ဦးဥတ္တမသည် ခရီးလှည့်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “၀ံသာနု” အသင်းများ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့သည်။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရက စစ်ပုလိပ်များဖြင့် ၎င်းအစုအဖွဲ့များကို လိုက်လံဖြိုခွင်းခဲ့လေသည်။
ဆရာတော်သည် နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောပြောတတ်သည့်အတိုင်း သံဃာတော်များအား ကျောင်းတွင်သာ ကျိန်း၍ မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ သက်ဆင်းနေ၍ တိုင်းသူပြည်သားများ ကျွန်ဘ၀ရောက်နေကြောင်း၊ ကျွန်များကိုးကွယ်သော ဘာသာမှာလည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင်ဖြစ်ကြောင်း၊ ကျွန်ဘ၀မှ လွတ်မြောက်အောင် သံဃ့ာသမဂ္ဂီအသင်းအဖွဲ့များ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိအောင် ကြိုးစားသင့်ကြောင်း ဟောပြောခဲ့လေသည်။
သို့ကလို ဆရာတော်၏ ရဲရဲတောက် မိန့်ခွန်းများကြောင့် ဆရာတော် ဦးဥတ္တမအား အင်္ဂလိပ်အစိုးရ ၁၉၂၁ ခု မတ်လ (၃၁) ရက်နေ့တွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခဲ့ပေသည်။ ဆရာတော်သည် မြန်မာပြည်တွင် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသော ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ (သမ္မတ ဒေါက်တာဘဦး၏ဖခင်) ဖြစ်သည်။
ဆရာတော်အား ကျောင်းကုန်းမှ အစိုးရသင်္ဘောဖြင့် မအူပင်တရားရုံးသို့ ခေါ်ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၂) လ အပြစ်ပေးပြီး မအူပင်ထောင်၌ အကျဉ်းချခဲ့သည်။ ဆရာတော်သည် အကျဉ်းခံသည့်နေ့မှစ၍ သင်္ကန်းချွတ်၍ ထောင်အ၀တ်ကို ၀တ်ဆင်ရသည်။ ထို့နောက် ဆရာတော်သည် ၁၉၂၂ ခု ဇွန်လ (၂၆) ရက်နေ့ မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် လွတ်မြောက်ခဲ့ပြီးနောက် အစိုးရအား ဦးမညွတ်ဘဲ ဆက်လက်၍ မြန်မာပြည်အနှံ့လှည့်ကာ နိုင်ငံရေးတရားများ ဟောပြောခဲ့လေသည်။
ဤသို့ဖြင့် ဆရာတော်သည် ၁၉၂၄ ခု အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပေးခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်သည်။ ဆရာတော်သည် ၁၉၂၇ ဖေဖော်ဝါရီလတွင် အကျဉ်းမှ ပြန်လည်လွတ်မြောက်လာပြန်သည်။ ထောင်မှ လွတ်မြောက်ပြီးနောက် အမြို့မြို့အနယ်နယ်သို့ လှည့်လည်၍ အမျိုးသားနိုးကြားရေးတရားများကို ဟောကြားရာ ၁၉၂၈ ခုနှစ်တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။
ဤသို့လျှင် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တလျှောက် ပျံလွန်တော်မူသည့်တိုင်အောင် အကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရလေသည်။ ထို့နောက် ဆရာတော်သည် ကျန်းမာရေးချို့ယွင်းကာ ၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့လေသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၆၀) နှစ် ရှိ၍ သိက္ခာတော်မှာ (၄၁) ၀ါ ရှိပြီဖြစ်သည်။
ဆရာတော်၏ ရုပ်ကလာပ်ကို ဆေးရုံမှ ယူဆောင်၍ မပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး မှန်ခေါင်းသွင်းကာ ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်း၌ ထား၍ ဈာပနအခမ်းအနား ကျင်းပခဲ့သည်။ ပျံလွန်တော်မူပြီး (၃) ရက်မြောက်နေ့ စက်တင်ဘာ (၁၁) ရက်နေ့ တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီး၍ ဆရာတော်၏ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခဲ့လေသည်။ ဆရာတော် ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ပြည်သူလူထုတရပ်လုံးသည် ဆရာတော် မျှော်မှန်းခဲ့သည့် လုံးဝလွတ်လပ်ရေးပန်းတိုင်သို့ အရောက်ချီတက်နိုင်ခဲ့လေသည်။
ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ အမည်ရှိသော စာပေအဖွဲ့အစည်းတခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော် ဦးဥတ္တမအကြောင်းကို တခမ်းတနား ရေးသားဖော်ပြထားလေသည်။ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော် ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်။ တချိန်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်များ၌လည်း ဆရာတော်၏ အထ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားစေသည်။
သို့ကလို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည် ဆရာတော် ဦးဥတ္တမကို နောင်လာနောက်သားတို့ အမြဲတစေ သတိတရရှိစေရန်အတွက် စစ်တွေမြို့ရှိ သမဂ္ဂအဖွဲ့က ဦးစီးကာ ၁၉၄ရ ခု စက်တာဘာ (၉) ရက်နေ့တွင် အခမ်းအနားတရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ ထိုနေ့ကိုပင် “ဦးဥတ္တမအထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ထို့အပြင် စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ခဲ့ကြသည်။ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ၁၉၆၃ ဇန်န၀ါရီလ (၁၀) ရက် ကြာသပတေးနေ့၌ ဆရာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခဲ့လေသည်။
ရန်ကုန်မြို့တွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ အနစ်နာခံကာ လူထုအား နိုင်ငံရေးအသိအမြင် နိုးကြားလာစေရန် ဆောင်ရွက်ခဲ့သော ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့ကျရောက်တိုင်း ဦးဥတ္တမနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခဲ့လေသည်။
ထို့နောက် ဗိုလ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံရေးဆောင်ရွက်သော ရဟန်းသံဃာတော်များ ပေါ်ပေါက်လာမည်ကို အကြောက်လွန်၍ ဗိုလ်နေ၀င်း၏ အမိန့်ဖြင့် တနိုင်ငံလုံးတွင် ဦးဥတ္တမနေ့ ကျင်းပမှုကို ပိတ်ပင်တားဆီးလိုက်လေသည်။ ထိုမျှသာမက ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင်္ဂလာပန်းခြံဟု အမည်ပြောင်းလဲလိုက်လေသည်။ ထိုနည်းတူစွာ နအဖစစ်အစိုးရလက်ထက်တွင်လည်း ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဥတ္တမကဲ့သို့ နိုင်ငံရေးဆောင်ရွက်ခဲ့သော ဆရာတော်ကြီးများ၏ အကြောင်းကို စာနယ်ဇင်းများ၌ ရေးသားဖော်ပြခြင်းကို စာပေစိစစ်ရေးဌာနမှ ပိတ်ပင်လိုက်သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။
မည်သို့ဆိုစေ ယခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ်ပတ်လည်နေ့တွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဆရာတော်၏ နိုင်ငံရေးပုံရိပ်လွှာကို ခေတ်ပြိုင်တွင် ရေးသား၍ ကျေးဇူးဆပ်လိုက်ရပေသည်။ ။
http://www.khitpyaing.org/index.php?route=detail&id=4318
Read article
Add Comment
ဆရာတော်ဦးဥတ္တမအကြောင်း(၁)
Posted on 9/8/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
ဆရာတော် ဦးဥတ္တမ(ငယ်နာမည်.ပေါ်ထွန်အောင်)ကို ၁၈၇၉၊ ဒီဇင်ဘာလ(၂၇)ရက်တွင် ရခိုင်ပြည်နယ်
စစ်တွေမြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ ရို့မှ မွီးဖွားပီးခသည်။ သက်တော် (၁၆) နှစ်အရွယ်မှာ မိဘများက မောင်သျှင်ဝတ်ပီးသဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့နာမည်တွင်လာသည်။ နက်နဲရေ
ပိဋ္ဋကတ်စာပီများကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဖူးသည်။ အိန္ဒိယနိုင်ငံတွင်ရှေးခိုက် အမျိုးသားကောလိပ်တစ်ခုမှာ ပါဠိနှင့်
ဗုဒ္ဒ¨ဘာသာ စာပီဆိုင်ရာ ယာယီပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်ခသည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခံခရသည်။
အိန္ဒိယနိုင်ငံတွင် ၈ နှစ်ကြာ နီထိုင်ခပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်လားရောက်ခသည်။ ပြင်သစ်နိုင်ငံတွင် သင်ကြားနီစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉ဝ၄-ဝ၅) တွင် ဂျပန်က အင်အားကြီးမားသော ပြိုင်ဘက်ရုရှားကို
အနိုင်ရလိုက်သည်ကို တွိ့ရပြီး နောက်။ ယင်းအချိန်က အာရှသားရို့အတွက် ဂျပန်သည် ဂုဏ်ယူစရာဖြစ်သည်လို့
ဆရာတော်ဦးဥတ္တမက ယုံကြည်စွာအတိုင်း ၁၉ဝ၇ ဖေဖော်ဝါရီ ၄ ရက်နိန့်မှာ ရန်ကုန်ကဂျပန်နိုင်ငံသို့ ထွက်ခွာခသည်။ ဂျပန်မှာ ၂ နှစ်ကြာ ပညာသင်ကြားခပြီး ၁၉ဝ၉ ခုနှစ်၌ ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နီရေ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော်ကို လေး စားခပြီး
တရုတ်ပြည်သို့ သူနှန့်အတူ လိုက်ဖို့ပင့်လို့ တရုတ်ပြည်သို့ လေ့လာရေးအနီနန့်လားရောက်ခသည်။ ယင်းအချိန်ကပင် ဦးဥတ္တမသည် အာရှအင်အားကြီးနိုင်ငံများ၏ အရေးပါမှုကို လေ့လာသိဟိသတိပြုနိုင်ခသည်။
၁၉ဝ၆ မေလမှာ ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓွကလျာဏယုဝအသင်း၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ဝင်ရောက်အားပီးကူညီခသည်။ ယင်းအခါက သူရိယသတင်းစာမှာ ဆရာတော်၏ နိုင်ငံရေးဆောင်ရွက်ပုံ များကို အထူးအားပီးဖော်ပြသော သတင်းစာကြီး ဖြစ်ခသည်။
ဆရာတော်ဦးဥတ္တမ၏ တိုက်တွန်းချက်ဖြင့် ၁၉၂ဝခုနှစ် ဇူလိုင်လတွင် သံဃာ့သမဂ္ဂ အဖွဲ့ပေါင်း (၃ဝ) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခသည် ။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစိချပီးခရေ အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများ သပိတ် စတင်မှောက်ကြသည်။ ယင်းပိုင် မြန်မာပြည်သူများ မကျေမနပ်ဖြစ်နီဂတ်ကေလေ့ မိမိရို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်း မပြုဝံ့ ဖြစ်နီချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ပါးကို စာတစ်စောင် ရွီးပို့လိုက်သည်။ ယင်းစာမှာ “ ဆာရယ် ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်လား” ဟုဆိုထားသည်။ အဆိုပါနှင်စာကို သူရိယ သတင်းစာက ထည့် သွင်းဖော်ပြခရာမှာ တစ်တိုင်းပြည်လုံး မျက်လုံးပြူးအံ့အားသင့်လားခရေ။
............
ဆက်လက်ဖေါ်ပြပီးပါမည်။
လန်းဆန်း
မှက်ချက်...(ဆရာတော်လမ်းစဉ်ကိုကြိုက်လို့မဟုတ်..ဒေပိုင်တော်ခရေကိုယ့်အမျိုးသားပုဂ္ဂိုလ်ကြီးတယောက်အကြောင်းကို
ငါရို့မထိန်းသိမ်ကေ ထိန်းသိမ်းဖို့လူမဟိဗျာလ်ဆိုရေစိတ်ဓါတ်နန့်တင်ပီးလိုက်သည်။)
http://thelightofaisa.blogspot.com/search/label/%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8
Read article
Add Comment
ဆရာတော်ဦးဥတ္တမအကြောင်း(၂)
Posted on 9/8/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
ဆရာတော် ဦးဥတ္တမသည်၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နိန့်တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ရွောတွင် “လိပ်အခွံ ခွာရမည်” ဟူသော ခေါင်းစဉ် ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်အောင်တရားဟောသည်ဟုဆိုကာ ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်းကုန်းမြို့နယ်မှာဆရာတော်ကိုအင်္ဂလိပ်အစိုးရကဖမ်းခသည်။ ဆရတော်သည် မြန်မာပြည်တွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပီး ခံရသောသူဖြစ် သည်။ယင်းပိုင်မြန်မာပြည်သူအားလုံးအတွက် ကိုယ်ကျိုးစွန့်ပမာ နိုင်ငံရေး မျက်စိဖွင့်ပီးခသူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် မြို့လုံးကျွတ်အစည်းအဝေးကြီးခေါ်၍ “အစိုးရလုပ်စွာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်စွာ လူ့အခွင့်အရေးပဲ၊ ယင်းအခွင့်အရေး စွာ ငါရို့မှာဟိရမည်။ ယင်းကြောင့် ငုံ့မခံကေ့”ဲ စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တရားတကိုအကြီးကျယ်ဟောခ သည်။
ယင်းပိုင်ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတော်စွာ အစိုးရကို ဆန့်ကျင်ပြီး အကြည်ညိုပျက်ပြားအောင် လှုံ့ဆော်ရေဆိုဗျာ ရန်ကုန်တွင် ဖမ်းဆီးခံရသည်။ ဆရာတော်သည် အလုပ်ကြမ်းနန့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပီး ခံခရသည်။
ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘဝမှ လွတ်မြောက်လာပြီး မတ်လ (၂ဝ)ရက်နေ့၌ ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြဝါဒခံ ဦးစိုးသိမ်းကြီးမှူးသော မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်း အဝေးသို့ တတ်ရောက်ပြီး သင်္ကန်းရုံကိုဖယ်၍ ထောင်ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခသည်။
ဦးစိုးသိမ်းက “ပရိသတိတမြင်ဂတ်လား။ မျက်ရည်ကျရုံနှင့် အိမ်ပြန်လားသင့်လား။ အများကြီးအရေးကြီးသည်။ ယခု မျက်ရည်ကျ ခြင်းစွာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။ သာသနာတော်ကြောင့် မျက်ရည်ကျခြင်းဖြစ်သည်။ ဘုရားရှင် ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှဉ်းပမ်းနှိပ်စက်သည်။ အဂု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်” ဟု ငို၍ပြောလေသည်ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း (၃) တွင် ဖော်ပြထားသည်။
မိမိတွင်ရှိသမျှ ဉာဏ်အား ခွန်အားတိနန့် အစွမ်းကုန်ထုတ်သုံးပီးဆပ်ခရေ ဆရာတော် ဦးဥတ္တမသည် ဗမာလွတ်လပ်ရေးမရခင် (၉)နှစ်အလို ၁၉၃၉ခုနှစ်တွင် ပျံလွန်တော်မူလခပါသည်။ ဆရာတော်ပျံလွန်တော်မူရေနိန့်ကို ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် တရားဝင် သတ်မှတ်ကြေညာပေးခဲ့သည်။ ရွှေတိဂုံ ခြေတော်ရင်း တော်ဖက်မုခ်အနီးရှိ ကန်တော်မင်ပန်းခြံကို “ဦးဥတ္တမ ပန်းခြံ” အဖြစ်သတ်မှတ်ပီးခသည်။ အလားတူ စစ်တွေမြို့တွင်ဦးဥတ္တမပန်းခြံ တခု ပြုလုပ်ပီးခပါသည်။ ယေကေလေ့ဂနိခါ ကန်တော်မင်ပန်းခြံက “ဦးဥတ္တမ အရုပ်ကိုဖယ်ပနာ မထင်မရှားဗမာနိုင်ငံရေးသမားဦးဝိစာရကိုအစားထိုးပလိုက်ဗျာလ်။ ကန်တော်မင်္ဂလာပန်းခြံထဲကဆရာတော်အရုပ်သည်ချောက်ထဲချနိဂုံချုပ်လခဗျာလ်။
............
လန်းဆန်း
မှက်ချက်...(ဆရာတော်လမ်းစဉ်ကိုကြိုက်လို့မဟုတ်..ဒေပိုင်တော်ခရေကိုယ့်အမျိုးသားပုဂ္ဂိုလ်ကြီးတယောက်အကြောင်းကို
ငါရို့မထိန်းသိမ်ကေ ထိန်းသိမ်းဖို့လူမဟိဗျာလ်ဆိုရေစိတ်ဓါတ်နန့်တင်ပီးလိုက်သည်။)
http://thelightofaisa.blogspot.com/search/label/%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8
Read article
Add Comment
မြန်မာ့လွတ်လပ်ရေးဗိမာန်ကို ပန္နက်ချခသူ အာဇာနည် မျိုးချစ်ပုဂ္ဂိုလ်
Posted on 9/8/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
#fullpost {display:none;}
ဇင်လင်း
“မြန်မာနိုင်ငံသူ နိုင်ငံသားရို့ မမိန့်သင့်မမိန့်အပ်သော နိုင်ငံအာဇာနီများအနက် ရှိဆုံးတန်းမှပါဝင်သော ရဟန်းအာဇာနည်တပါးဟိသည်ကို သင်သိပါ၏ လား”ဟုမိန်းလျှင် အေနိန့် ခေတ် အသက် (၃၀) အောက် လူငယ်ချေတိအများစုက အဖြေပီးနိုင်ကောင်းမှ ပီးနိုင်ပါလိမ့်မည်။
ဤသို့ဆိုရသည်မှာ ထိုရဟန်းအာဇာနီကြီး ပေါ်ထွန်းခသည်မှာ ဗြိတိသျှကိုလိုနီခေတ်ကဖြစ်၍ ဂနိန့်ခေတ် လူငယ်ရို့နှင့် အင်မတန်ချေပင်စိမ်းနီ၍ ဖြစ်သည်။ ထို့ပြင် နှစ်ကာလအားဖြင့် တွက်စစ်လျှင်လည်း ဆရာတော် ပျံလွန်တော်မူခသည်မှာ ဤစက်တင်ဘာ (၉) ရက်တွင် (၆၈) နှစ် ပြည့်မြောက်ခပါဗျာယ်။ ထိုရဟန်းအာဇာနီ ဆရာတော်၏ ဟောပြောရေးသားချက်များမှာ အာဏာသျှင်အဆက်ဆက်အား စိန်ခေါ်လျှက်ဟိသောကြောင့် အာဏာသိမ်း စစ်အစိုးရအဆက်ဆက်က ထိုရဟန်းအာဇာနည်၏ ဘွဲ့နာမကို သမိုင်းစာမျက်နှာထက်မှ ရည်ရွယ်ချက်ဟိဟိ ဖယ်ယှားထားခြင်း ဖြစ်သည်။ ဤအချက်သည် ခေတ်လူငယ်ရို့မျက်ခြီပြတ်လားရရေ အဓိကအချက် ဖြစ်ပါသည်။
သို့သော် သမိုင်းကို စိတ်ဝင်စား၍ စာဖတ်လေ့ဟိသော လူငယ်များအဖို့မူ ထိုဆရာတော်၏ ဘွဲ့နာမကို မှတ်မိနိုင်ပါသည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွီးကြော်သံကို အကြောင်းပြု၍ ဆရာတော်ကို မှတ်မိကြဖို့ထင်ပါသည်။ ထိုအာဇာနီအသျှင်မှာ “ဆရာတော် ဦးဥတ္တမ” ဖြစ်သည်။ ဆန်ရီစပါးနှင့် သယံဇာတမျိုးစုံပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားရို့ စားဝတ်နီရေး ခက်ခဲကျပ်တည်းကာဆင်းရဲဒုက္ခရောက်နီကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲ၌ “ဆရာတော် ဦးဥတ္တမ” က ဟောပြောခသဖြင့် ဗြိတိသျှစစ်ပုလိပ်ရို့၏ ဖမ်းဆီး အကျဉ်းချ ခံခရသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် “ဆရာတော်သည် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချခံရသော ပထမဦးဆုံး ရဟန်းအာဇာန်ီဖြစ်သည်၊ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က မြန်မာနိုင်ငံ ဒုတိယဘုရင်ခံဖြစ်သည်။
ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်သည်။ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူ ရို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရူပ ရပ်ကွက်၌ (၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၄) တွင်ဖွားမြင်သည်။ အသက် (၁၅) နှစ် အရွယ်တွင် ကာလကတ္တားမှ တက္တသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြို စာသင်တိုက်၌ ဗုဒ္ဓဘာသာ စာပီကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံ သို့ကြွရောက်၍ ကာလကတ္တားဟိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပီများသင်ယူခသည်။ ထိုကျောင်း၌ပင် ပါဠိ ပါမောက္ခအဖြစ်လည်းဆောင်ရွက်ခသိမ့်သည်။
၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ တဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီရို့ကိုခရီးလှည့်၍ နိုင်ငံတကာအရေး အရာများကို လေ့လာဆည်းပူးခသည်။ ဥရောပ၌ ဟိနီစဉ် ၁၉၀၅ ခုနှစ် ရုယှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရရေ သတင်းကို ကြားသိရ၍ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာချင်စိတ် ဖြစ်လာသည်။ ယင်းကြောင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့လားရောက်ကာ တိုကျို ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး သင်ကြားပြသခပြီး မြန်မာနိုင်ငံ အပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခသည်။
၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးမှု အခြေအနီ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစီရန် ရွီးသားတင်ပြခသည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူထောင်ခကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်ရို့နှင့်၎င်း၊ သူရိယသတင်းစာ စတင် တည်ထောင်ခကြရေ ဦးဘကလေး၊ ဦးလှဖေ အစဟိသော ထိုခေတ် လူငယ် လူလတ်များနှင့်၎င်း၊ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဇာပိုင်နည်းနန့်ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခသည်။
ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သိမ့်ခင်စပ်ကြား ‘ဟုမ္မရူး’ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားရို့ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေးကြိုးပမ်းအားထုတ်ကြဖို့လည်း ရွီးသားဟောပြောသည်။ ခေတ်ပညာတတ်လူငယ် လူလတ်များကိုလည်း ဟုမ္မရူးသဘောတရားစိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူး သဖြင့် အိန္ဒိယနိုင်ငံတွင်ဟိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဖူးသည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီ အဖွဲ့ဝင်ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် လားရောက်ခသည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နီစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့်ဆွေးနွေးခသည်။ တရုတ်နိုင်ငံသို့လည်း လားရောက်ခ၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်းတွိ့ဆုံသိကျွမ်းခသည်။ ဒေါက်တာ ဆွန်ယက်ဆင်နှင့် အာယှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရခသည်။ ပထမ ကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ပြန်ကြွလာသည်။ ထိုအချိန်မှ စတင်၍ မြန်မာလူထု နားမျက်စိပွင့်စီရန် နိုင်ငံတကာမှ ရခသော အသိပညာ ဗဟုသုတများနှင့် ယှဉ်တွဲ၍နိုင်ငံရေး တရားများဟောပြောခသည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိဟိလှသဖြင့် တရားပွဲတိုင်း တိုးမပေါက် အောင် စည်ကားသည်ဟု သိမှီသူများ မှတ်တမ်းတင်ခကြသည်။ ဆရာတော်၏ ဟောပြောချက် တရပ်မှာ ဤသို့ဖြစ်သည်--
“မြန်မာတိုင်းသူပြည်သားရို့စွာ ကျိုးနွံရေလို့ဆိုရေ အောက်တန်းကျစိတ်များကို ဖယ်ယှားပစ်ကြရဖို့။ မြန်မာတိုင်းသူပြည်သားတိစွာ စွမ်းရည်သတ္တိဟိကြောင်း၊ ပညာဟိကြောင်းနန့် မဟုတ်မခံ စိတ်ဓာတ်ကို ပြရဖို့။ ယင်းပိုင်ပြနိုင်ကေ ကျွန်တော်ရို့ကို တယောက်လည်းဖိနှိပ်စော်ကားဝံ့ဖို့မဟုတ်။ ဇာပိုင်အင်အား ကြီးလို့ ရက်စက်ကြမ်းကြုတ်ရေ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနန့် တွန်းလှန် နိုင်ကြဖို့ဆိုကေ တာရှည်ခံနိုင်ဖို့ မဟုတ်ပါ။ ကိုယ့်ရည်မှန်းချက် အောင်စီချင်ကေ နောက်မတွန့်ကတ်ကေ့။ ကြောက်အားမပိုကတ်ကေ့၊၊ ဒုက္ခကို ပဓာနမထားကတ်ကေ့။၊ ဟုမ္မရူးရို့လွတ်လပ်ရေးရို့ဆိုစွာ ကျွန်တော်ရို့ရထိုက်ရေ ကမ္ဘာ့အမွီအနှစ်ကြီးများဖြစ်ရေ။ ဗျူရိုကရေစီဝါဒသမားတိက ဇာလောက်ပင် နှောင့်ယှက် နှောင့်ယှက် အမှန်ရအောင်လုပ်နိုင်ရေ သဘောမှန်စွာ တိုင်းသူပြည်သားရို့လက်ထဲမှာသာဟိရေ။”
ထို့ကြောင့်လည်း ဆရာတော် ဦးဥတ္တမအား ရှိဟောင်းအတွေးအခေါ်အယူအဆတကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင်လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခသည်။ ၄င်းအပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ်ယှားမှု စတင်ဖေါ်ဆောင်ခရေ ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ယှားမှုများ အောင်မြင်စီရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခသည်။
“ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွီးကြော်သံကို အကြောင်းပြု၍ ဆရာတော်နာမည်သတင်း ပိုမိုပေါ်လွင် ထင်ရှားလာသည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရယှားမှုလည်း ပိုမိုအယှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျှက် ၀ံသာနု အသင်းများလည်း တိုးတက်များပြား လာသည်။
သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရွီးသားခသည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခန်းတနားဖေါ်ပြခသည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။ “ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စီရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်” ဟု ဆရာတော်က ဟောပြောသည်။ “ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေး ရအောင်ဆောင်ရွက်ကြရမည်” ဟု ဦးဥတ္တမကမိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများပေါ်ထွန်းလာကာ၊ နိုင်ငံရေးတရားဟောပြောရေ သံဃာတော်များတိုးပွားလာခသည်။
ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “အေတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နီကေ အေတိုင်းပြည်က လူမျိုးစွာလည်း ကျွန်လူမျိုး၊ အေလူမျိုးကိုးကွယ်ရေ ဘာသာစွာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်ဖို့။ ယင်းကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနီကြဘဲ သံဃသမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး အေတိုင်းပြည် အေလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြရေ” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခသည်။
ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃသမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခသည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေ အသင်းခေါင်းဆောင်များအပါအ၀င် ရဟန်းသျှင်လူ ပရိသတ်ငါးရာကျော် တက်ရောက်ခသည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာတရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေး လုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပီးလိုက်သောအခါ ရဟန်းသျှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုကပိုမိုထောက်ခံ အားပီးလာခသည်။
ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကတ်။ အင်္ဂလိပ်ဆိုင်တိကို သပိတ်မှောက်ကတ်။ တိုင်းရင်းဖြစ် ပစ္စည်းကိုဝယ်ယူအားပီးကတ်။ တိုင်းရင်းသားဆိုင်တိမှာ ၀ယ်ယူ အားပီးကတ်။ ငါရို့ လူမျိုးတိ ညီညွတ်မှ လွတ်လပ်ချမ်းသာဖို့။ ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကတ်။ ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!)” စသော ကြွီးကြော်သံများ ကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော်ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်စီအောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပီးခံရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာရေ အခါတိုင်း ၀ိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း၊ နောင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပါ။ ထို မြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပီးခရာတွင်လည်း သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပီးမှုများမှာ အဓိကနီရာမှပါဝင်ပါသည်။ ထိုသို့သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှိတန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခသော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပီကျမ်းဂန်များကိုသာ သင်အံလေ့လာလျှက် တရားဘာဝနာပွားများနီကြကုန်သော သံဃာတော်ရို့အနီဖြင့်ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာ အတွိ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခကြပါ။ နောင်နှစ်အင်မတန်ချေကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွိ့ အနှစ်သာရအရ အမျိုးဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြု ကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။
ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာရို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပီးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရွီး သာခသဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခသည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှု ရို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ယှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရန့်များတွင် သံဃာတော်များပါဝင် ဆွေးနွေးဟောပြော လာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံအရေးအရာများ၌့ ပါဝင်ဆောင်ရွက်လာကြသည်။
အထက်တွင်ဆိုခရေအတိုင်း ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျှက် ဟုမ္မရူးတောင်းဆိုဟောပြောခသည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နီရာ ရာထားသော်လည်း (၇၉)ဦးသာ ရွီးကောက်ခံဖြစ်သည်။ ကျန်သူရို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်ရို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်ရို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့်ပယ်ချခံရတတ်သည်။
ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက--- “ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီ အုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်ရို့က စီမံ အုပ်ချုပ်သောစနစ်ဖြစ်သည်” ဟု ထောက်ပြခသည်။ “ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါ မဟိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူကသဘောတူ၍ ဆာင်ရွက်လီဟန် ပရိယာယ် ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွီးပွဲမ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေး လုပ်ရန်မဖြစ်နိုင်။ ဗျူရိုကရက်တို၏ သြဇာကိုမလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ယှင်းပြခသည်။ မှတ်သားအားတက်ဖွယ် ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။
“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တိ မထားကတ်ကေ့။ ကြောက်မွီးပါကေ ဇာဂနာနန့် နုတ်ပစ်ကတ်ရဖို့်။ ခိုးရဖို့ ဒိုင်အာခီကောင်စီ ၀င်ရဖို့မှာသာ ကြောက်။ ကျေးလက်က ဒကာတိ သူကြီးကို မကြောက်ကတ်ကေ့။ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလို။ သူရို့ထက် ကြီးရေ ဘုရင်ခံ ဆိုစွာကိုလည်း ကြောက်စရာမဟိပါ။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနန့်ဗျူရိုကရက် တိကို နှင်ထုတ်ကတ်ရဖို့်။ ကရက်ဒေါက် ထွက်လား! ” လို့ ဦးဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပီးနီသည်။
ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေးပီးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပီးရန်၊ လယ်ယာမြီ အခွန်အကောက်များ လျှော့ချပီးရန်၊ အဓိကထား၍ ဟောပြော တောင်းဆိုခကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်း ကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွိ့ရသည်။ ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲ ဆင်နွှဲခသည်။
ဖိနှိပ်ချုပ်ချယ် ဟန့်တားမှု အမျိုးမျိုးအကြားမှ မိမိနိုင်ငံသူနိုင်ငံသားရို့အား နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက် လာစီရန် ထောင်အတန်အတန်အကျခံကာ ဟောပြောခရေ မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာရို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပီးခသူတိအနက် ရှိဆုံးတန်းမှ ပါဝင်ခပါသည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်ရေ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နိန့် သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူလားခပါသည်။
၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပီအသင်းမှထုတ်ဝီသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာစာအုပ်”တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားရို့သည် ‘အိပ်သောယောင်္ကျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားရို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနီရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခသော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း။”ဟု ဖေါ်ပြခသည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်ရို့ ကို စစ်အာဏာသျှင် အဆက်ဆက်က မပျက် ပျက်အောင် ဖျက်နီကြသော်လည်း ပယ်ဖျက်၍မရဘဲ ဟိနီခြင်းဖြစ်ပါသည်။
ဂနိန့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနီကြသော လူငယ်မျိုးဆက်သစ်တအနီဖြင့် ဆရာတော်ဦးဥတ္တမ၏ အာဇာနီ စိတ်ဓာတ်ကို စံနမူယူ၍ စစ်အာဏာသျှင်စနစ်ဖျက်သိမ်းရေးကို ကြိုးပမ်း အားထုတ်ကြမည်ဆိုလျှင် ဆရာတော်၏ ဂုဏ်ကျေးဇူးကို မမိ့မလျော့ကြောင်း ပြသရာရောက်မည်ဟု ထင်မြင်ယူဆမိပါသည်။
……………………………….
‘ဆရာတော် ဦးဥတ္တမ’ ပျံလွန်တော်မူခြင်း (၆၈) နှစ်ပြည့် အထိမ်းအမှတ်။
ကျမ်းကိုးစာရင်း။
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန္န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
http://thelightofaisa.blogspot.com/search/label/%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8
Read article
Add Comment
ဆရာတော် ဦးဥတ္တမ
Posted on 9/8/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
ဆရာတော် ဦးဥတ္တမ သည် ပြည်သူတ အမျိုးသားရေးတွင်စိတ်ပါလာစီရန် နိုင်ငံရေးတရား များကိုစတင် ဟော ပြောလီခသည် ။ အစ တွင် ရုပ်ရှင် ရုံ များ အားလပ် ချိန် ပီးစဉ် တွင် ဟောပြောခရသည် ။ ၁၉၁၂ - နှစ် ခုနှစ်လောက် တွင် နှမ ဖြစ်သူ မအိမ်စိုး နှင့်  မြန်မာ လူငယ် ( ၃၁ ) ဦး ကို ဂျန်ပန်နိုင်ငံ သို့ ခေါ်ဆောင် လားပြီး ပညာသင် ကြားစီ သည် ။ ၁၉၁၉ -ခုနှစ်တွင် မြန်မာနိုင်ငံ သို့  ပြန်လာ ပြီး သူရိယ သတင်းစာ တိုက် တွင် သီတင်း သုံးကာ နိုင်ငံရေး တရားများစတင် ရွီသားလီခသည် ။
ထို့  နောက် ကမာရွတ်တွင် ပြောင်းရွှေ့  ပြီး တပါး တည်း သီတင်းသုံး ကာ နိုင်ငံရေးတရားပွဲ များ လှည့် လည် ဟော ပြောသည် ။ တရားဟောရာတွင် အလွန်ကောင်းသဖြင့်  လူမျိုးပေါင်းစုံက ဆရာတော်အား ပင့် ဆောင် ရာကားလမ်းမပေါက် သည် နီရာများတွင် ထမ်း စင် ဖြင့်  တရားဟော ပင်လင်ဖြင့်ပင့်  ဆောင် ကြသည် ။ ထို့  သို့  နိုင်ငံရေး မျိုးစေ့  ချပီးခသော ကျေးဇူး ကြောင့်  ( ၁၉၂၀ - ၂၁ ) ခုနှစ် တွင် တက္ကသိုလ် ကျောင်းသားများစတင် သပိတ် မှောက် ကြသည် ။ ထိုအချိန် ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ် ဂျီနယ်ကရက်ဒေါက် ဖြစ်သည် ။
မျိုးချစ်စိတ်တိပေါ်ပေါက် လာရန်အတွက် အဓိက လှုံ့ဆော် ပီးသော သတင်းစာ ၊ ဂျာနယ်များကို အစိုးရမှပိတ်ပစ်နိုင်ရန်အတွက် အာမခံကြေးများတောင်းခံလာသဖြင့် ဂျာနယ်အချို့  ပိတ်လိုက်ရပြီး သူရိယ၊ မြန်မာ့အလင်း ၊ ပညာ့  အလင်း ၊ ဗန္ဓုလဂျာနယ်ရို့ သာကျန်ခသည် ။ ထိုစဉ် ဝေလမင်းသားမြန်မာပြည် လာဖို့ ခရီးစဉ် အားဝိုင်အမ်ဘီအေ အသင်းမှ ကြီးမှူး၍ သပိတ်မှောက်ရာ ခေါင်းဆောင်အချို့ကိုဖမ်းဆီးပြီး သပိတ်မှောက် ရာတွင် အရေးယူနိုင်သော ဘွိုင်းကုတ်ဥပဒေ ( Boycott ) ကို အစိုးရမှ ပြဌာန်းလိုက်သည် ။ ထိုသို့ ဘုရင်ခံမှတင်းမာလာသောအခါတွင် ဆရာတော်မှာငြိမ်ခံမနီဘဲ ဘုရင်ခံဘားသို့ ( ဆာရယ်ဂျီနယ်ကရက်ဒေါက်မြန်မာပြည်မှထွက်လား)ဟူသောစာကိုဘုရင်ခံဘားသို့လိုက်သည်။ ထသို့နှင်ထုတ်သည့်စာကို သူရီယသတင်းစာမှ ဖော်ပြလိုက်သောအခါတွင် ပြည် သူများမှာအံအားသင့် ပြီး မျိုးချစ်စိတ်တိတိုးမြင့် လာကြသည် ။
ပထမ ကျောင်းသား သပိတ်မှောက်စဉ်က ဆရာတော်မှာအန္ဒိယသို့ ခေတ္တ ရောက်နီခိုက်ဖြစ်သည် ။ ထိုအချိန်တွင် ရတနာဂီရိတွင်ဟိသော ပါတော်မူဘုရင် သီပေါမင်းနှင့် လျှို့ဝှက်တွိ့ဆုံခသည် ။ ၁၉၂၂ -ခုနှစ်တွင် အန္ဒိယ မှပြန်ရောက်ပြီး ဖျာပုံခရိုင် ကျောက်ကုန်းနယ်တွင် ( လိပ်အခွံ နွာရမည် ) ဟူသောတရားဟောပြောမှုကြောင့် အဖမ်းခရသည် ။ ဆရာတော်အဖမ်းခံရမှုကြောင့် သံဃာ့သမဂ္ဂပေါင်း ( ၃၇ ) ခုပေါ်ပေါက် ခသည်။ တနိုင်ငံလုံးစည်းရုံးအုံကြွလာသည်။ အစိုးရကိုအကြည် ညို ပျက်အောင်ဟောပြော မှုကြောင့်ဆရာတော်အား ပုဒ်မ ၁၂၄ ( က )အရ မအူပင်ထောင်တွင် လေးနှစ်အပြစ်ပီး ခံရသည် ။ ထောင်တွင်းနီထိုင်မှုကောင်းသဖြင့် သုံးနှစ်အကြာမှာပင် လွတ်မြောက် လာခသည် ။
ထောင်မှလွတ်သောအခါ နိုင်ငံရေးတရားများကို ဆထက်တပိုးဟော ပြောလီရာ မန္တလေးတွင် ဆရာတော်၏လှုံဆော်မှုကြောင့် အဓိကရုန်း ဖြစ်ပေါ်သည်။ ထို့ကြောင့်အစိုးရမှ ဆရာတော်အားရန်ကုန်တွင် အလုပ်ကြမ်းနှင့်ထောင်ဒါဏ်သုံးနှစ် အပြစ်ပီးခရာ ဆရာတော်သည် အုန်းဆံထု ၊ ကြိုးကျစ်စသော အလုပ်ကြမ်းများလုပ်ခရ သည်။ ဒုတိယအကြိမ်ထောင်မှထွက်လာသောအခါတွင် တပည့်ဒယကာများမှ စုဆောင်းကောက်ခံထားသော အလှူငွေများအား ဆရာတော်ထံအပ်ကြရာ ၁၉၃၈ - ခုနှစ် တွင် (တရုတ်နှင့် ဂျပန် )အ ကြောင်းကို ဓါတ်ပုံများနှင့်  ၀ီဝီဆာဆာ ထုပ်ခသည်။
မြန်မာ့နိုင်ငံရေးအခြီနီမှာလည်း ယှုပ်ထွီးသည်ထက်ယှုပ်ထွေးလာပြီး တော် လှန်ရေးခေါင်းဆောင်အချို့ မှာ အစိုးရမှပီးသောရာထူး၊ စည်းစိမ်၊ အာဏာရို့ကိုယစ် မှူးလာကြပြီး ဆရာတော်အားပစ်ပယ်စပြုလာသည်။ နောက်ပိုင်းတွင် ဆရာတော် အား လုံးဝပစ်ပယ်ခသဖြင့် ဆရာတော်မှာ အခြီအနီမဲ့ဖြစ်ကာ ဖြစ်ရေပိုင်နီ ၊ ဖြစ်ရေပိုင်စားဘ၀ ဖြင့် ဘ၀နီဝင်ချိန်ရောက်ခရသည်။ နောက်ဆုံးတွင် ဆရာတော်မှာ လောကဓံတရားရို့ ကြောင့်  ၁၃၀၀-ပြည့်နှစ် ၀ါခေါင်လဆုတ် ၁၁ ရက် ၊ ( ၁၉၃၉ -ခု နှစ် ၊ စက်တင်ဘာလ ၉ -ရက်နိန့် ) အရောက်တွင် ရန်ကုန်ဆီးရုံကြီး၌ ချို့တဲ့စွာဖြင့် ဘ၀နတ်ထံပျံလွန်တော်မူ လားခလီသည်။
………………………………………………………………………
ကျမ်းကိုး။ ။- မြန်မာ့ စွယ်စုံ ကျမ်း အတွဲ ( ၁၅ ) -၁၉၇၆
- ထင်ရှား ခဲ့သော ပုဂ္ဂိုလ်ကြီးများ ( ရွှေ ဥသြ ) - ၁၉၈၆
http://thelightofaisa.blogspot.com/search/label/%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8
Read article
Add Comment
ပြည်ထောင်စု၏ ဗိသုကာ (သို့မဟုတ်) လွတ်လပ်ရေး ဗိသုကာ
Posted on 9/7/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
စာရေးသူ – ခိုင်လင်း (မေဃဝတီ)
၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ တနည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ (၇၁) နှစ် ကြာခဲ့ပါပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့ သမိုင်းတွေဟာ ဘယ်လောက်ဘဲကြာကြာ ဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲ ဖြစ်ပါ တယ်။
ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့ သမိုင်းအဖြစ် ရှိနေအုံးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်၊ ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်လို့ စာရေးဆရာ ပါရဂူ ဆရာတစ်ဦးက ၁၉၉၆ စစ်တွေ စာပေဟောပြောပွဲတခုမှာ “လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော် ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မရရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် တိုက်ပွဲဝင်တဲ့ ဆရာတော် နှစ်ပါးရှိပါတယ်။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိတဲ့အတိုင်း ရွှေတိဂုံဘုရား ရှေ့မှာ ကြေးရုပ်တုလုပ်ပြီးထားတယ်၊ နောက်တစ်ပါးက ဆရာတော် ဦးဥတ္တမ၊ ဆရာတော်ဦးဥတ္တမဟာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်၊ ဒါပေမယ့် အသိအမှတ် မပြုခဲ့ကြဘူး။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တော်မင်း ပန်းခြံကို ဦးဥတ္တမပန်းခြံ လုပ်ပြီးတော့ ပန်းခြံထဲမှာ ဦးဥတ္တမကျောက်ရုပ်တု ထားရှိဖို့ အစီအစဉ်ရှိတယ်၊ ကျောက်ရုပ်ထုတောင် ထုလို့ပြီးနေပြီ။ အဲဒါ ဘယ်လိုဖြစ်သွားလဲ မသိဘူး။ ဖြစ်မလာခဲ့ဘူး။ ဆရာတော် ဦးဥတ္တမ ကျောက်ရုပ်တုဟာ နှစ်တွေ ကြာလာတဲ့အခါမှာ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ ကျွန်တော် ဦးဟန်တင်အိမ်ကို ရောက်ဖြစ်ခဲ့တယ်။ ကိစ္စက အိန္ဒိယ သာသနပြု ဆရာတော် စန္ဒြာမုနိရုပ်တု ကြောင့်ပါ။
အဲဒီညနေခင်းက ဘုရားကြီးမှာ ဆရာတော် စန္ဒြာမုနိရုပ်တုကို တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီမှာ ကျွန်တော်လည်းပဲ ပါခဲ့တယ်။ အဲဒီ ရုပ်တုကို အိန္ဒိယကို ပို့မယ်၊ ဒါပေမယ့် ပို့လို့မရတာ ကြောင့် ဒီမှာထားတာ ဖြစ်ပါတယ်။ ဆရာတော်ဦးဥတ္တမ ရုပ်တုလည်း ဒီအတိုင်းရှိမယ်ထင်တယ်။ “နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့် အသိအမှတ် မပြုသလဲ၊ ကျနော် လေ့လာဖူးသလောက် ပြောရရင် ရခိုင်တွေကတော့ ဆရာတော် ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ ခံယူကြတယ်။
ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ တကယ့်တော့ ရခိုင်လူမျိုးတွေကပါ သိပ်ပြီးတော့ အသိအမှတ် ပြုချင်ကြတာ မဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေအတွက် မလုပ်ခဲ့လို့တဲ့။ အဲဒီအချိန်တုံးက ရခိုင်လူမျိုးတွေဟာ နှစ်ထပ်ကွမ်း ကိုလိုနီဘ၀ပါ။ (၁၇၈၄) မှာ ရခိုင့်နိုင်ငံတော်ဟာ မြန်မာ (ဗမာ) နိုင်ငံက ၀င်ရောက် သိမ်းပိုက်မှုခံခဲ့ရတယ်။ ဆရာတော် ဦးဥတ္တမကို (၁၇၈၉) မှာ မွေးတယ်။ ဆရာတော်ကို မွေးဖွားလာတဲ့ အချိန်မှာ ရခိုင်တွေ ကိုလိုနီဘ၀မှာ (၉၅) နှစ်ဘဲ ရှိပါသေးတယ်။ (၁၇၈၄) ကို အခြေခံပြီး တွက်ရင် ဆရာတော် ဦးဥတ္တမက တတိယမျိုးဆက်မှာ မွေးဖွားလာတဲ့သူ၊ ပြောရရင် ဆရာတော့်အဖိုး ကိုယ်တိုင် ရခိုင်တွေရဲ့ ထီးကျိုးစည်ပေါက် ကိုယ်တွေ့ အတွေ့အကြုံတွေကို မြေးဖြစ်သူကို ပြောဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ ထင်ပါတယ်၊ ဆရာတော်ဟာ ရခိုင်တွေရဲ့ နှစ်ထပ်ကွမ်း ကိုလိုနီ ဘ၀က လွတ်မြောက်ရေး တခုတည်းကို မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ ရခိုင့်နိုင်ငံတော် ကိုလိုနီဘ၀က လွတ်မြောက်ရေးထက် ဒီနေ့ မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာထဲမှာ ရှိနေတဲ့ ဘ၀တူ တိုင်းရင်းသားပေါင်းစုံ လွတ်မြောက်ရေးကို ရှေ့ရှုခဲ့တယ်။ အဲဒီအတွက် လှုပ်ရှားခဲ့တယ်။ ဆိုတော့ အခြေ အနေအရ ပေါ်ပေါက်လာတဲ့ ပင်လုံထက်စောစီးစွာ ဆရာတော်က ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပြည်ထောင်စု မျိုးစေ့ကို ချပေးခဲ့တယ်။
ပြည်ထောင်စုတည်ဆောက်ရေး ရှေးရှုမှုတွေနဲ့ လွတ်လပ်ရေး မီးရှုးတန်ဆောင်ကို ထွန်းညှိခဲ့တယ်။ ဆရာတော် ဦးဥတ္တမရဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွေးအခေါ်တွေကြောင့် အဲဒီခေတ် ရခိုင် လွတ်လပ်ရေး အင်အားစုတွေဟာ ဆရာတော်ကို မနှိက်ခြိုက်ကြဘူး။ အဲဒီခေတ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဒီနေ့အချိန်ထိ သက်ရောက်မှုတွေ ပျက်ပြယ်သေးတာ မဟုတ်သေးဘူး။ ဒါပေမယ့် တချို့ ရခိုင် အင်အားစုတွေ အဖွဲ့အစည်းတွေက ပြည်ထောင်စု တည်ဆောက်ရေးလုပ်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမကို ရခိုင်ဖြစ်လို့ နိုင်ငံအသိအမှတ်ပြုမခံရတာကို တော်လှန်တဲ့အနေနဲ့ လှုပ်ရှားမှုတွေ လုပ်ကြတာကို တွေ့ရပါတယ်။
ဒီနေ့ ဆရာတော် ဦးဥတ္တမ ခင်းခဲ့တဲ့ လမ်းကြောင်းကို ချီတက်နေတဲ့ ဘုန်းကြီးအချို့တောင် အသိအမှတ် ပြုချင်ပုံ မပေါ်ပါဘူး။ ဆရာတော် ဦးဥတ္တမရဲ့ တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေကို တောင် ချောင်ထိုးချင်ပုံပါဘဲ။
ဆရာတော် ဦးဥတ္တမရဲ့ တိုင်းပြည် လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းတွေအရ ကောက်ချက်ချရရင် ဆရာတော် ဦးဥတ္တမဟာ ပြည်ထောင်စု ဗိသုကာအဖြစ် မော်ကွန်းထိုးရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်နဲ့ ပြည်ထောင်စု မတည်ဆောက်ချင်သူတွေ ပြည်ထောင်စု အမည်ခံပြီး တပြည်ထောင်စနစ် (သို့မဟုတ်) ပဉ္စမ မြန်မာ နိုင်ငံတော်ကို တည်ဆောက်ချင်သူတွေ အတွက်တော့ ဆရာတော် ဦးဥတ္တမကို နိုင်ငံတော်အနေနဲ့ ထိုက်ထိုက် တန်တန် ဂုဏ်မပြုဘဲ ဆက်လက်ချိုးနှိမ်အုံးမှာကတော့ သေချာပါတယ်။
၁၉၉၆ စစ်တွေ စာပေဟောပြောပွဲမှာ ဆရာပါရဂူက “ဆရာတော်ကို မေ့မထားသင့်ပါ၊ စစ်တွေမှာ ဆရာတော် နာမည်နဲ့ ခန်းမဆောက်ပြီး ကြေးရုပ်တုရှိတယ်၊ ကျွန်တော် အများကြီး ၀မ်းသာ ကြည်နူးမိတယ်။ ဒီအတိုင်း အတာနဲ့ အားမရပါ။ နိုင်ငံအတိုင်းအတာနဲ့ လုပ်စေချင်ပါတယ်” လို့ စာရေးဆရာ ပါရဂူက ဆရာ ပြောကြားခဲ့တဲ့ မှတ်တမ်းကို ကျနော် လေ့လာ ဖတ်ရှုခွင့် ရခဲ့တယ်။
ဆရာတော် ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေး၏ တပ်ဦး၊ မြန်မာ့လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်၊ မြန်မာ့ လွတ်လပ်ရေး အစ ဦးဥတ္တမ၊ မြန်မာ့လွတ်လပ်ရေး၏ လင်းရောင်ခြည်၊ အာဇာနည် ဦးဥတ္တမ၊ အကြမ်းမဖက် လှုပ်ရှားမှု ခေါင်းဆောင်၊ အာရှနေ၀န်း၊ အဖိနှိပ်ခံအားလုံး၏ သင်္ကေတ စသည့် ဂုဏ်ပုဒ်တွေဟာ စာထဲမှာ ရှိပြီး လက်တွေ့ ဘာမှ မရှိခဲ့ပါဘူး။ ဆရာတော်လည်း ဗုဒ္ဓဘာသာ သဘောအရ ၀ဋ်လည်ရှာတယ်နဲ့ တူတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်မှာ ဦးဥတ္တမလမ်း၊ ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမခန်းမ၊ ဦးဥတ္တမရုပ်တု ဘာမှ မရရှိခဲ့ဘဲ ဆရာတော် ဦးဥတ္တမ ပြောခဲ့ဖူးသလို “ဂရက်ဒေါက် ဂတ်ဒ်အောက်” ဆိုပြီး အင်္ဂလိပ်ဘုရင်ခံချူပ် ကို မြန်မာပြည်ကနေ မောင်းထုတ်ခဲ့တဲ့အတိုင်း ခုလည်းပဲ “ဦးဥတ္တမ ဂတ်ဒ်အောက်” ဆိုပြီး နှင်ထုတ်ခံခဲ့ရတော့ ရခိုင်ပြည်ကို ပြန်လာခဲ့ရတယ်နဲ့ တူပါတယ်။
ဆရာတော် ဦးဥတ္တမအကြောင်း ဆောင်းပါးရေးရင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်း ဖြစ်စဉ်ကို သွားပြီးတော့ သတိရမိတယ်။ နေရူးကို အိန္ဒိယ သမိုင်းဆရာတွေက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင် အဖြစ် မော်ကွန်းမထိုးဘူး။ မဟတ္တမ ဂန္ဒီကြီးကို လွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးခဲ့ကြတာကို သတိရ သွားတယ်။ ကျွန်တော်တို့ နိုင်ငံက ဆရာတော် ဦးဥတ္တမကို လွတ်လပ်ရေးမော်ကွန်းထိုးဖို့ အဆိုတင် သွင်းရင် တော်တော်လည်း အုတ်အော်သောင်းနင်း ဖြစ်သွားမလား မသိဘူး။ ရန်ကုန်မှာ ဦးဥတ္တမ ပန်းခြံကို ပြန်ရုတ်သိမ်း၊ ဦးဥတ္တမ ရုပ်တုက ပန်းပုဆရာ ဦးဟန်တင်ရဲ့ အိမ်ကို ရောက်သွား၊ ဒီတစ်ခါ လွတ်လပ်ရေး ဖခင်အဖြစ် မော်ကွန်း ရေးထိုးပေးဖို့ တောင်းဆိုရင်တော့ စစ်တွေမှာရှိတဲ့ ဆရာတော် ဦးဥတ္တမရဲ့ အထိမ်းအမှတ်တွေအားလုံး ပြန်ပြီးတော့တောင် ရုတ်သိမ်းပစ်သွားမလားဆိုတာ မပြောနိုင်ဘူး။
ဘာပဲပြောပြော အင်အားရှိသူတွေဟာ သမိုင်းကို အသစ်ပြန်ရေးနိုင်ကြတော့ အဲဒီလို အင်အားနဲ့ သမိုင်းကို အသစ်ပြန်ရေးရင်း တဖက်မှာလည်း သမိုင်းမှန်တွေကို ချေဖျက်ပစ်တတ်ကြတယ်။ ဒါပေမယ့် အမှန်တရားက တော့ တနေရာမှာ ခေါင်းမော်ကြည့်နေမှာပါ။
http://arakanreview.net/?p=1887&cpage=1#comment-390
Read article
Add Comment