၇၁ နှစ်မြောက် အသျှင် ဥတ္တမနေ့ အခမ်းအနား နိုင်ငံအများအပြားတွင် ကျင်းပ (သတင်းစုံ)
Posted on 9/12/2010 by
thesunofasia_ashonottama
Tags: သတင်း
၇၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှု့တန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်၊ မလေးရှား၊ ဘင်္ဂလာဒေခ်ျ၊ အမေရိကန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းခဲ့ကြသည်။
ထိုအထဲမှ အခမ်းအနားများ ကျင်းပခဲ့ကြပုံကို အကျဉ်းချုပ် တင်ပြပေးလိုက်ပါသည်။

ဂျပန် (Japan)
ဂျပန်နိုင်ငံတွင်(၇၁)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်)က စက်တင်္ဘာလ ၅ ရက်နေ့တွက် တိုကျိုမြို့ ကျင်းပ IKEBUKURO KUMI CENTER တွင် ကျင်းပခဲ့သည်။
စာတမ်းဖတ်ပွဲ အခမ်းအနားကို ညနေ ၆ နာရီမှ ၁၀ နာရီထိ ပြုလုပ်ခဲ့ပြီး အခမ်းအနား သဘာပတိ အဖြစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်၊ ဒုဥက္ကဌ(၁) ဦးထွန်းအောင်ခင်၊ ဒုဥက္ကဌ(၂) ဦးးခင်မောင်ထွန်း၊ အခမ်းအနားမှူးများအဖြစ် အထွေထွေ အတွင်းရေးမှူး ဦးပေါ်ထွန်းအောင်၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၂) ဦးအောင်သန်းဌေးတို့က ဆောင်ရွက်ခဲ့သည်။
သဘာပတိ ဦးလှအေးမောင်မှ အခမ်းအနားအဖွင့်အမှာစကားပြောကြားပြီးဖွင့်လှစ်ခဲ့သည်။ ထိုနောက် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်ဂျပန်ဌာနခွဲ ဆရာတော် ဦးဓမ္မဇောတိမှ သြ၀ါဒ ချီးမြှင့် ပေးကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) နာယက ဦးဇော်မင်းခိုင်မှ စာတမ်းဖတ်ပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အမှတ်ပေးဒိုင်လူကြီးများကိုယ်စား ဦးလွင်အောင်စိုးမှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားကာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့သည်။
အမှတ်ပေး ဒိုင်လူကြီးများ အဖြစ် ဦးလွင်အောင်စိုး (Save Burma)၊ ဦးမိုင်ကျော်ဦး(NDF)၊
ဦးကျော်ကျော်စိုး(LDB)၊ ဦးလှဟန်(NLD-JAPAN)၊ ဦးရဲငြိမ်း (အလင်းအိမ်စာပေ)၊
ဒေါ်လဲ့လဲ့ (BDA) တို့မှဆောင်ရွက်ခဲ့သည်။
စာတမ်းဖတ်ပွဲတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပထမဆုကို ကိုမင်းထက်ဇော်(တသီးပုဂ္ဂလ)၊ ဒုတိယဆုကို ကိုထွန်းငြိမ်း(NLD)၊ တတိယဆုကို ကိုမျိုးမင်းဆွေ(ဗကသ)မှရရှိခဲ့သည်။ ထို့နောက် ရခိုင်ဒီမိုကရေစီချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၂) ဦးခင်မောင်ထွန်းမှ ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပဂျပန်)ဒုဥက္ကဌ(၁) ဦးထွန်းအောင်ခင်မှနိဂုံးချုပ်အမှာစကားပြောကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) သည် ယခင်နှစ်များက ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို အခမ်းအနား ပုံစံအတိုင်း ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် မျိုးဆက်သစ်လူငယ်များ ဆရာတော် ဦးဥတ္တမ အကြောင်းကို သိရှိစေရန်နှင့် တခြား တိုင်းရင်းသားများကလည်း ဆရာတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို နားလည်စေရန် စာတမ်းဖတ်ပွဲ အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ် (၁၀၀) ကျော်တက်ရောက်ခဲ့သည်။

အမေရိကန် (Buffalo-USA)
၇၁ နှစ်မြောက် ဆရာဦးဥတ္တနေ့ အခမ်းအနား အမေရိကန် နိုင်ငံ နယူးယောက် မြို့အနီးရှိ ဘက်ဖဲလိုမြို့ Buffalo တွင် ကမ္ဘာ့ ရခိုင်ဖွံ့ဖြိုးရေး အဖွဲ့ (World Arakan Foundation) မှ ဦးဆောင်ပြီး စက်တင်္ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားကျင်းပရာ မြို့မှာ နယူးယောက်မြို့ တောင်ဘက် ၁၈ မိုင်ခန့်တွင် တည်ရှိပြီး အခမ်းအနားကို အဆိုပါမြို့ရှိ Mettananda Temple ဘုန်းကြီး ကျောင်းတွင် ပြုလုပ် ခဲ့ကြောင်းသိရ သည်။
“ကျနော်တို့ ဆရာတော် ဦးဥတ္တမနေ့ကို ၉ ရက်နေ့က မလုပ်နိုင်ခဲ့တာက လူတွေ အလုပ် မအားလို့  ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် မနေ့က စက်တင်ဘာ ၁၁ ရက်နေ့မှာ လုပ်ဖြစ် တာပါ။ ကျနော်တို့ ဆရာတော်နေ့ကို နှစ်စဉ် နှစ်တိုင်း လုပ်ဖြစ်ပါတယ်” ဟု အခမ်းအနားကို ဦးဆောင်သူ ကိုခိုင်လင်းဇံက နိရဉ္စရာသို့ ပြောသည်။
အခမ်းအနားတွင် သဘာပတိ အဖြစ် ဦးခိုင်မင်းသိမ်းက တာဝန်ယူပြီး အခမ်းအနားမှူးအဖြစ် ကိုနေထက်ကျော်မှ တာဝန် ယူဆောင်ရွက်ခဲ့သည်။
တက်ရောက်လာသူများမှ ဆရာတော်နှင့် ပတ်သက်သည့် သမိုင်းကြောင်းများကို အသီးသီး ပြောကြားခဲ့ကြပြီး ဆရာတော်ဦးနန္ဒ၀ံမှ ယခုကဲ့သို့ မိန့်ကြား သည်။
“ဆရာတော်ဟာ ရခိုင်အမျိုးသား တစ်ဦး ဖြစ်ပေမဲ့ ရခိုင်အမျိုးသား တခုတည်းအတွက် လုပ်ဆောင်ခဲ့တာ မဟုတ် ဘူးဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ တခွင်လုံးမှာ ပထမဆုံး လွတ်လပ်ရေးကို ဦးဆောင် လမ်းပြခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်သလို မြန်မာ့ လွတ်လပ်ရေးကို အဓိက ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ အတွက် ရခိုင်တ မျိုးသားလုံး တောင်မက မြန်မာတနိုင်ငံလုံးက အမြဲတန်း အမှတ်ရစေဖို့ အတွက် ဦဇင်းတို့ မျိုးဆက်သစ် လူငယ် တွေကို လက်ဆင့်ကမ်း အသိပေးရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ အခမ်းအနားသို့ ဆရာတော် ၄ပါးကြွရောက် ချီးမြှင့်ခဲ့ပြီး ကရင်၊ ဗမာ၊ ကယား၊ ရှမ်း မွန်၊ ရခိုင်နှင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ စုစုပေါင်း လူအင်အား ၂၀၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဉ္စရာမှ မေးမြန်းကြည့်ရာ သဘာပတိ အဖြစ် ဆောင်ရွက်သူ ဦးခိုင်မင်းသိန်းမှ ယခုကဲ့သို့ ပြောသည်။
“အဓိကတော့ ဆရာတော် စွမ်းဆောင်ခဲ့တဲ့ သူ့ရဲ့သမိုင်းကြောင်းကို လူအများက သိစေဖို့ရယ်။ ပီးတော့ ဆရာတော် ဟာ မြန်မာ့ လွတ်လပ်ရေးကို မျိုးစေ့ ချပေးခဲ့တဲ့ ပုဂ္ဂိုလ် တပါး ဖြစ်သလို လွတ်လပ်ရေး တိုက်ပွဲကို အကြမ်း မဘက်တဲ့ နည်းလမ်းနဲ့ နယ်ချဲ့ဝါဒီတွေကို တော်လှန် နိုင်ခဲ့တဲ့ အတွက် ကျနော်တို့အားလုံးက အစဉ်အမြဲ အောက်မဲ့ အမှတ်ရစေဖို့ရယ်။ ပီးရင် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲမှာ ဆရာတော်ဟာ ဘုန်းကြီး တပါး အနေနဲ့ ပထမဆုံး ရှေ့ဆောင် လမ်းပြခဲ့တဲ့ အတွက်ကျနော်တို့ အားလုံးက ဂုဏ်ယူ သတိရစေရန် ဖြစ်ပါတယ်“ ဟုပြောသည်။
အခမ်းအနား မစတင်မီ နံနက် ၁၀ နာရီကနေ ၁၂ အတွင်း တက်ရောက် လာသည့် ဘုန်းကြီးများနှင့်လူပုဂ္ဂိုလ်များ အားဆွမ်းဘောဇံတို့ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်ဟု သိရသည်။

မလေးရှားနိုင်ငံ (Malaysia)
၇၁နှစ်မြောက် အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီရုးတန်ဆောင် ပြည်ထောင်စှု ဗိသုကာ ဆရာတော် အသျှင် ဥတ္တမ အောက်မေ့ဖွယ် အခမ်းအနားနေ့ကို မလေးရှားရှိ ရခိုင် အဖွဲ့အစည်း (၅) ခုမှ ပူပေါင်းပြီး စက်တင်္ဘာလ ၉ ရက်နေ့က ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ကြသည်။
ကျင်းပခဲ့ကြသော အဖွဲ့အစည်းများမှာ ရခိုင်ဒုက္ခသည်များ ကယ်ဆယ်နေရာ ချထားရေး ကော်မတီ(KL)၊ ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ
(မလေးရှားဌာနခွဲ)၊ ရခိုင်ဒုက္ခသည်များ ကယ်ဆယ်နေရာချထားရေး ကော်မတီ(ပူချုန်း)ှနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မလေးရှားဌာနခွဲတို့ ဖြစ်သည်။
အခမ်းအနားကို စက်တင်္ဘာလ နေ့လည် ၁ နာရီမှ ၄ နာရီခွဲ အထိ ကွာလာလမ်ပူရှိ တရုတ်တန်း အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ပရောက် ရဟန်း သံဃာတော်များ၊ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ၊ ပြည်ထောင် စုဖွား တိုင်းရင်းသား ပြည်သူများ စုစုပေါင်း(၁၀၀) ကျော် တက်ရောက် ခဲ့သည်။
တက်ရောက်လာကြသောရဟန်းသံဃာတော်များ၊ကိုယ်စားလှယ်တော်များနှင့်မိဘပြည်သူများကတစ်မိနစ် ငြိမ်သက်ပြီး ဆရာတော် အသျှင်ဥတ္တမ၏ တိုင်းပြည်လွတ်လပ်ရေး အတွက် ကိုယ်ကျိုး စွန့် လွတ် အနစ်နာခံ ဆောင်ရွက်ခဲ့မှုများအား အမှတ်ရ ဂုဏ်ပြုပူဇော်ခဲ့ကြသည်။ ထို့နောက် ကြွရောက် လာကြသော အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသား ကိုယ်စားလှယ် များမှ ဆရာတော် အတွက် အမှတ်တရ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
ဆရာတော်ရဲ့ ၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရသော ရည်ရွယ်ချက်ကို ကျင်းပရေး ကော်မီတီ ကိုယ်စား ကိုမျိုးခိုင်က ယခုကဲသို့ ပြောသည်။
“ ကျွန်တော်တို့ ဆရာတော်ဦးဥတ္တမနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဆရာတော် ဦးဥတ္တမဟာ အာရှနေ၀န်းလို့ တင်စားခံရတဲ့ လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်တယ်။ နောက် င်္ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့တဲ့ အာဇာနည် ပုဂ္ဂိုလ် တစ်ပါးဖြစ်ပါတယ်။ “ဂရက်တောက် ထွက်သွား” ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ မြန်မာ့ နိုင်ငံရေးနိုးကြားလာအောင် လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တပါးဖြစ်တယ်။ ဒါပေမယ့် ဆရာတော် ဦးဥတ္တမရဲ့ အခန်းကဏ္ဍကို ဗမာအာဏာရ စစ်ကောင်စီအဆက်ဆက်ကနေပြီးတော့ မြန်မာ့ သမိုင်းကနေ မှေးမှိန်အောင် လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။ ယနေ့ထက်ထိ ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်ပြီးတော့ အောက်မေ့ဖွယ် အခမ်းအနားတွေကိုလည်း ပြည်တွင်းမှာ ကျင်းပခွင့် မရခဲ့ဘူး။ နောက်ပြီးတော့ မြန်မာသင်ရိုးညွန်းတမ်းတွေမှာလည်း ဆရာတော် ဦးဥတ္တမရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် အခမ်းကဏ္ဍတွေကို မှေးမှိန် အောင် လုပ်ဆောင် လာတယ်။ နောက်ပြီး ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို ဖျောက်ဖျက်လာတယ်။ ဒါတွေကို ကျွန်တော်တို့ ရခိုင်လူငယ်တွေက နေပြီးတော့ ဖေါ်ထုတ်ဖို့တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့် မလေးရှားနိုင်ငံမှာ ရှိကြတဲ့ ရခိုင် အဖွဲ့ အစည်း ၅ ဖွဲ့ကနေပြီးတော့ ဆရာတော်ရဲ့ အခန်းကဏ္ဍကို မှေးမှိန် မပျောက်သွားရအောင်နဲ့ နောင်လာ နောက်သားတွေ အစဉ်အမြဲ သတိရနေစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။”
အိန္ဒိယ (New Delhi- India)
၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်အမျိုးသားကောင်စီက ကြီးမှူးပြီးတော့ အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ BCRC မြန်မာရိပ်သာ ခန်းမမှာ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သံဃာတော်များ အပါအ၀င် လူပေါင်း ၄၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
http://www.narinjara.com/detailsbur.asp?id=2731
Read article
Add Comment
ဆရာတော် ဦးဥတ္တမကို မီဒီယာများ လျစ်လျူ မရှုသင့်
Posted on 9/11/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၁) နှစ် မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများကို ရခိုင်ပြည်နယ်အတွင်း အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြသော်လည်း ပြည်တွင်း ပြည်ပ မီဒီယာများတွင် ထည့်သွင်း ဖော်ပြမှု မရှိသလောက် နည်းပါးသည်ကို တွေ့ရပါသည်။ နအဖစစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဟန်ပြကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲ သတင်းကို ဇောင်းပေးထုတ် လွှင့်နေရ၍ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုကို လျစ်လျူရှုလေသလော (သို့တည်းမဟုတ်) မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေကြ၍လော (သို့တည်းမဟုတ်) ရခိုင်လူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို ထုတ်ဖော်ခြင်းငှာ မ၀ံ့ရဲလေ၍လော (သို့တည်းမဟုတ်) မိမိတို့၏မီဒီယာမူဝါဒ ပြောင်းလဲလာ၍ ပေလော…… အဘယ်ကြောင့်များ ယခုကဲ့သို့ ဥပေက္ခာပြု လျစ်လျူရှုလေကြကုန်သနည်း ဆိုသည်ကို မသိရသော်လည်း ရခိုင်အမျိုးသားတို့ကား မိမိတို့၏ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်နေကြဆဲပင်။ မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင် အသက်၊ သွေး ချွေးတို့ ဖြင့်ရေးသားလျက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည်သာ။ မီဒီယာတို့၌ မှတ်တမ်းတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ကျရာတာဝန်ကို ထမ်းဆောင်ခြင်းသည်ပင်လျှင် ရခိုင်တို့၏ လှုပ်ရှားမှုများမှာ အဟောသိကံတော့ ဖြစ်လိမ့်မည်မဟုတ်။ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်၊ ကိုယ့်သမိုင်း ကိုယ်ဆက်ရေး နေကြမည်သာဖြစ်ပါသည်။
(၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလ (၇) ရက်နေ့တွင် ရခိုင်ပြည်နယ် (၃) မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။ စစ်တွေမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးမောင်ကြွင်းအောင်၊ စစ်တွေမြို့နယ် ဥက္ကဋ္ဌဦးစံရွှေထွန်း၊ ဗဟို အမျိုးသမီး အဖွဲ့ဝင် ဒေါ်ညိုအေးတို့ ဦးဆောင်ပြီး လူ (၂၀) ကျော်တို့က ကျောင်းတက်လမ်း၊ ဓမ္မာရုံရှေ့တွင် သံဃာတော်အပါး (၁၀၀) ကျော်ကို ဆွမ်းလောင်းခဲ့သည်။ တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်စေတီတွင် ရခိုင်လူငယ် (၂၀) ကျော်၊ မအီမြို့နယ် အိုးထိန်းစေတီတော်မှာ ရခိုင်လူငယ် (၁၀)ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းခဲ့ကြသည်။
စက်တင်ဘာ (၈) ရက်နေ့ ညနေတွင်လည်း မအီမြို့နယ် ဆားပြင်ရွာ၌ ရွာလမ်းများ တလျောက် ဆီမီးထွန်းပူဇော်ပွဲပြုလုပ်ကာ ဆရာတော် ဦးဥတ္တမနေ့ အမှတ်တရ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆုတောင်းခဲ့ကြသည်။ ကျေးရွာနေ ရခိုင်ကျောင်းသားနှင့် လူငယ်များက ပြည်သူလူထုအား ဆရာတော်ဦးဥတ္တမနေ့ အကြောင်းရှင်းပြခဲ့ကြသည်။
စက်တင်ဘာ (၉) ရက်နေ့ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့် (၇၁)နှစ်မြောက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုကို (၅) မြို့နယ်တွင် တွေ့ရသည်။ စစ်တွေမြို့နယ်တွင် (၂) နေရာပြုလုပ်သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဌာနချုပ်တွင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားနှင့် ဟောပြောပွဲကို ပရိတ်သတ် (၁၀၀) ကျော်ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။ နံနက် (၉) နာရီတွင် ရခိုင်ကျောင်းသား၊ လူငယ် (၂၀) ကျော်က စစ်တွေ၊ လမ်းမတော် တောင်ရပ်ကွက်တွင် သံဃာတော် (၇၁) ပါးကို ဆွမ်းလောင်းလှူဒါန်းကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လွတ်ရေး ဆုတောင်းခဲ့ကြသည်။ ဆရာတော်၏ရုပ်ပုံတော်ဖြင့် မိုးပျံဗူဘောင်းများကို ရိုသေစွာ လွှတ်တင်ခဲ့ကြသည်။
စက်တင်ဘာ (၉) ရက်နေ့ နံနက် (၉) နာရီတွင် တောင်ကုတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်သိန်းအောင် နေအိမ်တွင် အဖွဲ့ဝင် (၂၀) ဦးနှင့် ဦးဥတ္တမနေ့ အခမ်းအနားတရပ်ကို ကျင်းပခဲ့သည်။ မအီမြို့၊ လမူးမော်ရွာ၊ ကြက်ကိုင်း ဘုရားတွင်လည်း သည်နေ့ နံနက် (၇) နာရီခန့် တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲကို ကျောင်းသား၊ လူငယ် (၁၅) ဦးဖြင့် ပြုလုပ်ကျင်းပခဲ့ကြသည်။
ထိုနည်းတူစွာ မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့တို့တွင်လည်း စက်တင်ဘာ (၉) ရက်နေ့တွင် ဆရာတော်ဦးဥတ္တမနေ့ ကိုဂုဏ်ပြုလျက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေးအတွက် ရည်မှန်းကာ ဆွမ်းကပ် လှူဒါန်းမှုများ ပြုခဲ့ကြပါ သည်။ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရခိုင်စာပေသမားများနှင့် ပူးပေါင်းကာ မြို့နယ် (၁၅) မြို့နယ်တွင် ဆရာတော်၏ဓါတ်ပုံနှင့် ထေရုပ္ပတ္တိပေါင်း (၃၀၀၀) ကျော် ဖြန့်ဝေခဲ့ကြသည်။
ထို့အပြင် စစ်တွေမြို့ ဆရာတော်ဦးဥတ္တမပန်းခြံတွင် လုံခြုံရေး ထူထပ်စွာချထားသည့်ကြားမှ ရဟန်းတော်များနှင့် ရခိုင် ကျောင်းသားလူငယ်များက ပန်းခွေချ ပူဇော်ခဲ့ကြသေးသည်။ အဆင်မသင့်လျှင် ထောင်ထဲ တန်းပို့ ခံရမည့် အနေအထားပင် ဖြစ်သည်။
ဤမျှများပြားလှသောလှုပ်ရှားမှုများအတွက် အခက်အခဲကြား၊ အန္တရာယ်များကြားက စွန့်စားခဲ့ကြသူများကို လွန်စွာ ဂုဏ်ပြုရပေမည်။ စစ်အစိုးရသည် ဆရာတော်ဦးဥတ္တမနေ့ကို အသိအမှတ် မပြုလိုပေ။ ရဲရင့်ခိုင်မာလှသည့် ရခိုင်တို့၏ နှလုံးသွေးထဲတွင် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်လှသော ဆရာတော် ဦးဥတ္တမ စိတ်ဓာတ် လှည့်ပတ် စီးဆင်းမည်ကို ကြောက်လျက်ရှိသည်။ ထို့ ကြောင့် ယခင်နှစ်များက ဆရာတော် ဦးဥတ္တမနေ့ လှုပ်ရှားခဲ့ကြသည့် အပြစ်မဲ့ ရခိုင်ကျောင်းသားလူငယ် (၁၁) ဦးကို ပုဒ်မ အမျိုးမျိုးတပ်ကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခဲ့သည်။ သည်ကြားထဲ ရုန်းကန် လှုပ်ရှားကြသည့် မျိုးဆက်သစ်လူငယ်များကို မြန်မာနိုင်ငံသား မီဒီယာသမားများ အနေဖြင့် လူမျိုးရေး မခွဲခြားဘဲ အလေး ဂရုပြုသင့်ပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြသူများ အနေဖြင့် မည်သည့်သတင်းဌာနတွင် ပါ၊ မပါ ဂရု စိုက်လိမ့်မည်မဟုတ်။ ထောင်အကျခံရလည်း သူတို့အရေး လုပ်ကြမည် မဟုတ်။ သို့သော် ၎င်းတို့၏ သတ္တိ၊ ရဲရင့်မှုတိုကို ပြည်သူ့ အတွက် ဆောင်ရွက်နေကြကုန်သော ပြည်သူ့ မီဒီယာသမားများ အနေဖြင့် လျစ်လျူမရှုသင့်ဟု ထင်မြင် ယူဆလျက် အပြုသဘောဆောင် ရေးသား တင်ပြလိုက်ပါသည်။
ဦးကျော်မောင်
http://arakanreview.net/?p=2010#more-2010
Read article
Add Comment
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရတပ မှ စစ်တွေတွင် ကျင်းပ
Posted on 9/10/2010 by
thesunofasia_ashonottama
Tags: သတင်း
သင်းသဇင်ခိုင် (မောင်တော)
------------------------------

၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) မှ စစ်တွေမြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဖွဲ့ဝင် တစ်ဦးက “ မနက်ပိုင်းမှာ ပါတီရုံးမှာ သံဃာတော် ကိုးပါးကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကပ် လှူဒါန်းပီး အမျှအတန်း ပေးဝေပါတယ်။ အခမ်းအနားကတော့ ပါတီရုံးမှာ တစ်နေ့လုံး လိုလိုဘဲ လုပ်ဖြစ်ပါတယ်။ နေ့လည် ပိုင်း တစ်နာရီမှာတော့ ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်ပီး ဟောပြောပွဲ လုပ်ပါတယ်။ ညနေ ၄ နာရီမှာ အခမ်းအနားက ပီးဆုံး သွားခဲ့ ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
အခမ်းအနားသို့ လူပေါင်း ၇၀ ခန့်တက်ရောက်ခဲ့ကြပြီး ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေး လမ်းစဉ်နှင့် ဖြတ်သန်းမူ ဘ၀ ပုံရိပ်လွှာများကို တက်ရောက်လာသူ စာရေးဆရာများနှင့် သမိုင်းဆရာများက ဟောပြော ခဲ့ကြသည်။
အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်း ယခုကဲ့သို့ သူက ရှင်းလင်း ပြောကြားသည်။
“ အဓိကတော့ ရည်ရွယ်ချက် ၅ ရပ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ စာရွက်စာတန်းတွေ ထုတ်ဝေတဲ့ အထဲမှာလည်း ရိုက်နှိပ် ဖေါ်ပြထားပါတယ်။ အဓိက ၅ ချက်ကတော့ ရခိုင်တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေးကို ဦးဥတ္တမ စိတ်ဓါတ်နဲ့ လုပ်ဆောင် သွားရန်၊ မျိုးဆက်သစ်များကို ဦးဥတ္တစိတ်ဓါတ်ဖြင့် ရှေ့ဆောင် လမ်းပြ သွားရန်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွတ် အနစ်နာခံသော ဦးဥတ္တမ စိတ်ဓါတ် မွေးမြူရန်၊ ရသင့် ရထိုက်သော အခွင့်အရေးကို မကြောက်မရွံ့ပဲ တောင်းဆို ရဲသော ဦးဥတ္တမ စိတ်ဓါတ်ရှိစေရန်နဲ့ မည်သည့် အခက်အခဲရှိစေကာမူ ကြံ့ကြံ့ခံနိုင်သော ဦးဥတ္တမ ဇွဲသတ္တိရှိကြရန် စတဲ့ ရည်ရွယ်ချက်တွေကို ဖေါ်ဆောင်လိုတဲ့ အတွက် ကျင်းပ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။”

အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးသာလှမှ ဆောင်ရွက်ခဲ့သည်။ တက်ရောက် လာသောသူများကို ပါတီဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းချက်ချက်များ ပါသည့်စာရွက် စာတန်းများကိုလည်း ဖြန့်ဝေ ခဲ့ကြသည်။
မြန်မာ့ လွတ်လပ်ရေး မီးရှု့တန်ဆောင် ဆရာတော် ဦးဥတ္တမ အခမ်းအနားကို ရခိုင်နိုင်ငံရေး ပါတီ တစ်ခုအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ပထဆုံး အကြိမ် လူသိ ရှင်ကြား ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနား ကျင်းပရာ ရုံးအနီးတ၀ိုက်တွင် လုံခြုံရေးများ အပြည့် ချထားသော်လည်း တစုံတရာ တားမြစ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် ဆရာတော် ဦးဥတ္တမ အခမ်းအနား အား ပါတီဥက္ကဌ ဦးအေးမောင် အပါအ၀င်ဗဟိုကော်မတီဝင် ရှစ်ဦးတို့ဖြင့် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် အရှင် ဦးဥတ္တမ ရုပ်ထုတော်အား ဂါဝရပြု ပန်းခွေချပြီး အခမ်းအနား စတင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ကြောင်း သိရသည်။
စစ်တွေရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံမှာ လုံခြုံရေး အရ တင်းကျပ်ထားသော နယ်မြေ ထဲတွင် ပါဝင်သဖြင့် ပါတီ အဖွဲ့အစည်းများ အနေဖြင့် စုဝေးခွင့် မရှိဟု ဆိုကာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့သည်ဟု သိရသည်။ စက်တင်္ဘာလ ၉ ရက်နေ့ တွင် ဦးဥတ္တမ ပန်းခြံအား ၀င်းတံခါးအား မည်သူမျှ မ၀င်နိုင်အောင် ပိတ်ထား ခဲ့သည်ဟု မျက်မြင်များက ပြောသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
http://www.narinjara.com/detailsbur.asp?id=2726
Read article
Add Comment
ဦးဥတ္တမနေ့ အခမ်းအနား ဘင်္ဂလားဒေ့ခ်ျ့တွင် ကျင်းပဦးဥတ္တမနေ့ အခမ်းအနား ဘင်္ဂလားဒေ့ခ်ျ့တွင် ကျင်းပ
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: သတင်း
ထွန်းထွန်း
-------------

မြန်မာ့ လွတ်လပ်ရေး မီးရှုးတန်ဆောင် အာရှနေ၀န်း ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့တွင် ရက္ခိတ အားမာန် စာကြည့်တိုက် အဖွဲ့မှ ဦးဆောင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိ အဖြစ် ဦးမောင်ဟန်၊ ဆရာတော် အရှင် စန္ဒာဝရနှင့် ဦးအာဏာနီတို့က ဆောင်ရွက်ပြီး အခမ်းနားမှူး အဖြစ် ကိုအောင်သန်းမှ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို မဖွင့်လှစ်မှီ ဆရာတော်အား အမျိုးသားရေး ကိုနိုင်နိုင်မှ ဆရာတော်၏ ပုံတော်ရှေ့တွင် လွမ်းသူ့ ပန်းခွေများချပြီး တမိနစ်ခန့် ဆရာတော်အား ဂရ၀ပြုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူ အသီးသီးမှ ဆရာတော်နှင့် ပတ်သက်သည့် အတ္ထုပတ္တိ သမိုင်းအ ကျဉ်းချုပ်များပြောကြားကြသည်။ အခမ်းအနားတွင် ကျေညာချက် စာရွက်စာတမ်းများကို ဖြန့်ဝေ ခဲ့ကြသည်။
အခမ်းအနားသို့ ရဟန်းတော်များ၊ ရခိုင်ဒီမိုကရေစီ အင်အားများစုနှင့် တသီး ပုဂ္ဂလများ စုစုပေါင်း လူအင်အား ၃၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆရာတော် ဦးဥတ္တမနေ့တွင် ရက္ခိတ အားမာန်အဖွဲ့ ကျေညာချက် တစ်စောင် ထုတ်ပြန်ရာ ကျေညာချက်ထဲတွင် အောက်ပါ အချက်များကို တောင်းဆိုထားသည်။
(က) မြန်မာနိုင်ငံအစိုးရမှ ဦးဥတ္တမပန်းခြံအဖြစ် ယခင်အသိအမှတ်ပြုခဲ့ပြီးဖြစ်သော ကန်တော်မန် ပန်းခြံကိုပြန် လည်၍ ဦးဥတ္တမပန်းခြံ အဖြစ် အသိအမှတ်ပြုပြီး သက်ဆိုင်ရာ အစိုးရမှ တရားဝင်ကြေ ငြာပေးရန်၊ (ခ) အာရှနေ ၀န်းကြီး၏ အတ္ထုပတ္ထိအကျဉ်းကို သက်ဆိုင်ရာ အစိုးရကျောင်းများတွင် သာမက ပုဂ္ဂလိက ကျောင်းများတွင်ပါ သမိုင်းသင်္ခန်းစာတခု အဖြစ် သင်ကြားပေးရန်၊ (င) မြန်မာနိုင်ငံတွင် ဆရာတော်ဦး ဥတ္တမနေ့ကို နိုင်ငံတော်ရုံးပိတ် ရက်အဖြစ် သတ်မှတ်ပေးရန်တို့ ဖြစ်သည်။
အခမ်းအနားတက်ရောက်သူများအား နံနက် ၈ နာရီတွင် ရခိုင်မှုန့်တီဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အခမ်းအနားကို နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
http://www.narinjara.com/detailsbur.asp?id=2725
Read article
Add Comment
မြန်မာနိုင်ငံ၏ ပထမဆုံးအာဇာနည်နေ့
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
မြန်မာနိုင်ငံသမိုင်းတွင် အာဇာနည်နေ့ကို ဇူလိုင်လ ၁၉-ရက်နေ့ဟု သတ်မှတ်ထားသည်။ အကြောင်းမှာ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်ကြီးများကို သတ်ဖြတ် လိုက်သည့်နေ့ဖြစ်ပါသည်။ ဤနေ့ကို သတိရစေရန် ဂျုလိုင်လ ၁၉ ရက် နေ့ရောက်တိုင်း အာဇာနည်နေ့ကို ကျင်းပကြသည်။ အမှန်အားဖြင့် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အာဇာနည်နေ့ မဟုတ်၊ ပထမဆုံး အာဇာနည်နေ့ကား ၁၉၂၁ ခ၊ု မတ်လ ၂၁ ၊ရက်နေ့ဖြစ်သည်။ ဤနေ့တွင် ဆရာတော်ဦးဥတ္တမအား ဖျာပုံ စိစရိတ်ရာဇာဝင် တရားသူကြီးရုံး၌ အမူစစ်ဆေး သည့် နေ့ပင်ဖြစ်ပါသည်။
ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လတွင် နောက်ပါ ဦးဝေပုလ္လ ကိုယ်တော်၊ ဦးဘစော၊ မဒန်ဂျစ်၊ ကျောင်းဆရာ ကိုသတ်ပန်တို့နှင့်အတူ အောက်ပြည်အောက်ရွာကိုလှည့်၍ နိုင်ငံရေးတရားဟော၍ စည်းရုံးခြင်း၊ အမျိုးသားရေး စိတ်ဓာတ် နိုးကြားအောင် ဆောင်ရွက်ခဲ့ပေသည်။ ဤသို့ဆောင်ရွက်နေစဉ် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ရောက်ပြီး နိုင်ငံရေး တရားဟောနေစဉ် ဗြိတိသျှအစိုးရက ဆရာတော်အား ရာဇာသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၁၃၅ (က) အရ ဖမ်းဆီးလိုက် လေသည်။ ဖမ်းဆီးပြီး ဖျာပုံမြို့ ရာဇာဝတ် တရားသူကြီးရုံး၌ ၁၉၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမူစစ်ဆေးသည့်နေ့ကို မြန်မာနိုင်ငံအဝှမ်း အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်သည်။ တိုင်းရင်းသားများအားလုံးက ကြည်ညိုလေးစားခြင်း ခံရ သော ဆရာတော် ဦးဥတ္တမအား ဤသို့ တရားစွဲ အမှုစစ်ဆေးသည့်နေ့ကို အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အကျွန်၏ မြန်မာနိုင်ငံအမျိုးသား ပညာရေး သမိုင်းစာအုပ် စာမျက်နှာ ၁၁၄- တွင် ၁၉၂၁-ခု ဧပြီလ ၁၁-ရက်နေ့ ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ သပိတ်မှောက် အထက်တန်းကျောင်းသားများ၏ ကွန်ဖရင့်တွင် အင်္ဂပူမြို့မှ ဦးမောင်လူဖေဝင်းက “ဦးဥတ္တမ ကိုယ်တော်သည် အမိနိုင်ငံအတွက် တန်ဘိုး မဖြတ်နိင်လောက်အောင် အမူထမ်းသဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဦးဥတ္တမ ကိုယ်တော်အား ဖမ်းဆီးလိုက်သဖြင့် များစွာဝမ်းနည်းကြောင်းကို မှတ်တမ်းတင်ရန်” အဆိုတင်သွင်းရာ ရန်ကုန်အမျိုးသမီး အထက်တန်းကျောင်းမှ မခင်လေးက ထောက်ခံသဖြင့် ကွန်ဖရင့်က ပြဌာန်း ဆုံးဖြတ် လိုက်ပါသည်။
၁၉၂၁-ခု၊ မတ်လ ၂၁-ရက်နေ့တွင် ဖျာပုံဒိစရိတ် ရာဇာဝတ်တရားသူကြီးရုံး၌ စစ်ဆေးမည်ဟု တရားသူကြီးက အမိန့်ချမှတ် ထား၏။ ထို့နေ့တွင် မြန်မာတဝှမ်းလုံးရှိ ဈေးဆိုင်များ၊ ဈေးများ၊ အလုပ်အကိုင်များပိတ်၍ အခြား အလုပ်အကိုင်များကိုပါ ရပ်၍ ဥပုဒ်သီလ ဆောက်တည်ကြရန် ၁၉၂၁-ခု၊ မတ်လ ၁၃-ရက်နေ့ ဗဟန်း ဥပသကာဇရပ်၌ ကျုင်းပသော ရန်ကုန်မြို့ အသင်း အစည်းအဝေးက အကြံပေးသည့်အတိုင်း မြန်မာကောင်စီကလည်း သဘောတူခဲ့ပေသည်။ ဦးဥတ္တမ ကိုယ်တော်အား အမှုစစ်ဆေးသည့်နေ့တွင် မြန်မာတနိုင်ငံလုံး တိတ်ဆိတ်နေ၏။ အလုပ်တိုက်များကိုလည်း ပိတ်ထား ကြ၏။ အလုပ်အကိုင်များကို ရပ်ထားကြ၏။ အမျိုးသားကျောင်းများကို ပိတ်ထားကြ၏။ တပြည်လုံးနှင့်အဝှမ်း ပထမဆုံး ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြစ်သော အာဇာနည်နေ့ကား ဦးဥတ္တမကိုယ်တော်ကို အမှုစစ်ဆေးသည့်နေ့ပင် ဖြစ်သည်ဟု မှတ်တမ်း တင်ထားပေသည်။
မတ်လ-၂၁ ရက်နေ့ ပထမဆုံး၊ ဇူလိုင်လ-၁၉ ရက် ဒုတိယ အာဇာနည်တို့ ဖြစ်ရပ်နှင့် အခြေအနေတို့ မတူပါ။ ပထမ အာဇာနည်နေ့သည် မြန်မာလွပ်လပ်ရေးတိုက်ပွဲတွင် မဟုတ်မခံ မြန်မာသတ္တိကို ပြလိုက်သည့်နေ့ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မတော်တရား လုပ်ကြံခံလိုက်ရသည့် အာဇာနည်နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား ညအခါတွင် စန္ဒာလမင်း ထွက်ပြီး တညလုံး ထိန်လင်းနေသည့်ပမာ မြန်မာနိုင်ငံ၏ အလင်းရောင်သည် ကျက်သရေ ပြည့်နှက်ပြီး ထိန်လင်း နေပါသည်။ ဤတွင် စန္ဒာလမင်းကား ဆရာတော် ဦးဥတ္တမ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမှောင်ကို အလင်းရောင်ရအောင် ထွန်းလင်းပေးသော အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မြန်မာနိုင်ငံ၏ အလင်းကို အမှောင်ထု ကျသွားသကဲ့သို့ ဖြစ်သွားသည့် နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား မိုးတိမ်မိုးရိမ်များကို ဖယ်ရှား၍ တနေ့လုံး ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံအောင် ဆောင်ရွက်ပေးသည့် ဆရာတော် ဦးဥတ္တမကား သူရိယ နေမင်းကြီးကဲ့သို့ ရှိပေသည်။ ဒုတိယ အာဇာနည်နေ့ကား နေ့အခါတွင် နေမထွက်ဘဲ မိုးရိပ်မိုးသား ဖုံးလွမ်းနေသည့် အမှောင် ကျနေသည့် နေ့နှင့် တူပေသည်။ ခေါင်းဆောင်ကြီးများကို အစားထိုး၍မရ၊ ခေါင်းဆောင်များကို ခေါင်းဆောင် နေရာမှာ ထားနိုင်အောင် အကျွန်တို့ နိုင်ငံသားများ၊ နိုင်ငံ့ကောင်းဆောင်များ စိတ်ဓာတ်ရေးရာ ပြောင်းလဲသင့်သည်။ ခေါင်းဆောင်ကို ချိုးနှိမ် သတ်ဖြတ်သည့် မြန်မာ့အစဉ်အလာကား ကုန်းဘောင်ခေတ်တွင်လည်း ရှိခဲ့သည်။ ဤမကောင်းသည့် အစဉ်အလာကို အကျွန်တို့ အားလုံးက ဖျက်ပယ် ရပ်တန့်သင့်ပါသည်။ ဤအစဉ်အလာကို ရပ်ပြီး အာဇာနည်နေ့ကို ဂုဏ်ပြု အလေးပေးသင့်သည်။ “အာဇာနည်ဆိုသည်မှာ မှန်ကန်သည်ကို မှန်ကန်သည်ဟု မြင်ပြီး ကိုယ်ကျိုးစွန့်ကာ လူမျိုးနှင့် တိုင်းပြည်အတွက် ဆောင်ရွက်သည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့် တရားတို့ဖြစ်ည်။ တနည်း အားဖြင့် ဆိုသော် အာဇာနည်ဆိုသည်မှာ ဘုရားလောင်းတို့၏ သတ္တိဗျတ္တိကို ဆိုလိုသည်။”
ဆရာတော် ဦးဥတ္တမကား အသက်ငယ်ငယ်ပင် ရှိသေးသည်။ သို့သော် ဆရာတော်သည် လွတ်လပ်ရေးမျိုးစေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးချပေးခဲ့သော အာဇာနည်ပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၌ အကြမ်းမဖက် ဝါဒကို ဦးစွာပထမ မျိုးစေ့ ချခဲ့ပြီး လက်တွေ့ကျင့်သုံးခဲ့သော အာဇာနည်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် ဆရာတော်သည် အူရဒူဘာသာ၊ ဟိန္ဒူဘာသာ၊ ပါဋ္ဌိဘာသာ၊ သက္ကဋဘာသာ၊ ကိုးရီးယန်ဘာသာ၊ ရုရှဘာသာ၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗမာဘာသာ တို့ကို ကျွမ်းကျွမ်းကျင်ကျင်တတ်သော ပညာရှင် အာဇာနည်တပါးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသမိုင်း၌ လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံသမိုင်း၌လည်းကောင်း၊ ဆရာတော်ဦးဥတ္တမလောက် ဘာသာစာပေ များများ တတ်ကျွမ်းသည့် ခေါင်းဆောင်ကား ယခုအချိန်ထိ ထွက်ပေါ်လာသည်ကို မတွေ့ရပေ။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယနိုင်ငံ ခေါင်းဆောင် မဟတ္တဂန္ဒိနှင့် နေးရူးကဲ့သို့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ တရုတ်နိုင်ငံမှာ ဒေါက်တာ ဆွန်ယက်ဆန်ကဲ့သို့ ပုဂ္ဂိုလ်များနှင့် လည်းကောင်း အလွန်ရင်းနှီးခဲ့ပါသည်။ ဆရာတော်ဦးဥတ္တမခေတ် အခြေအနေကို ကမ္ဘာအဝှမ်း အတိုင်း အတာနှင့်ကြည့်လျှင် ၁၈၈၅-ခုနှစ် အိန္ဒိယနိုင်ငံ ကွန်ဂရက် တည်ထောင်ပြီး အိန္ဒိနိုင်ငံရေးလူပ်ရှားမူ တိုးတက် ကျယ်ပြန့်လာသည်ကို တွေ့ရပေသည်။ ၁၉၁၇-ခုနှစ်တွင် ရုရှနိုင်ငံ၌ ဘော်ရိုဗစ် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည်။ လီနင်၏ ဝါဒများလည်း ကျယ်ပြန့်လာခဲ့သည်။ တရုတ်နိုင်ငံတွင်မူကား ၁၉၁၁-ခုနှစ်တွင် မန်ချုးအစိုးရ အင်အားလျော့နည်းနေသော အချိန်ဖြစ်သည်။ ၁၉၁၀-ခုနှစ်တွင် ဂျပန်က ကိုးရိယားကို တက်သိမ်းသည်။ ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် အရှိန်အဟုန်ပြင်းစွာ တိုးတက်ထွန်းကား လာခဲ့ပေသည်။ ၁၈၆၇-ခုနှစ်တွင် မတ်စူးဟီတို ဘုရင်သည် နန်းတက်ပြီး ဂျပန်နိုင်ငံကို စက်မူလက်မူ နိုင်ငံအဖြစ် တိုးတက်လာရန် ဆောင်ရွက်ခဲ့သော အချိန်ကာလဖြစ်သည်။ ဤခေတ်ကို ဥာဏ်ရောင် လင်းသောခေတ် သို့မဟုတ် မီးကျီးခေတ်ဟု သမိုင်းဆရာတို့က မှတ်တမ်းတင်ကြသည်။ မတ်စူးဟီတို ဘုရင်ခေတ်သည် သက္ကရာဇ် ၁၉၁၂-ခုနှစ်လောက်တွင် ဆုံးခဲ့သည်။ သို့သော် ဤခေတ်တွင် ပြုလုပ်လိုက် သော စက်မှုလက်မူ တော်လှန်ရေးသည် ဂျပန်နိုင်ငံ၏ ကြီးပွားတိုးတက်ရေးတွင် အလွန်အရေးပါလှပါသည်။ ဤကာလတွင် ဂျပန်အစိုးရသည် နိုင်ငံခြားသို့ ဂျပန်နိုင်ငံခြား ပညာတော်သင် ကျောင်းသားပေါင်း ၆၀၀ ကျော်ကို ပြည်ပသို့ ပို့၍ ပညာ သင်ကြားစေခဲ့သည်။
တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုသည် ပညာရေးပေါ်တွင် များစွာအခြေခံပါသည်။ ဂျပန်နိုင်ငံက ပညာတော်သင် ၆၀၀ ကျော် လွှတ်ထားသောအချိန်တွင် မြန်မာနိုင်ငံ မင်းတုံးမင်းကြီး လက်ထက်၌ မြန်မာကျောင်းသား ၃၀ ခန့်ကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခဲ့သည်။ ဤအချက်ကား လက်ရှိ ဂျပန်နိုင်ငံတိုးတက်မှုနှင့် ယခုလက်ရှိ စုတ်ပြတ်နေသော မြန်မာနိုင်ငံ၏ အခြေအနေကွာခြားမူကို သမိုင်းသာဓကအနေဖြင့် သိမှတ်သင့်သည်။ မီးကျီးခေတ် ဆုံးပြီးနောက် ဂျပန်နိုင်ငံ သည် စီးပွားရေး၊ နိုင်ငံရေး စသည့် အဖက်ဖက်မှ တိုးတက်ထွန်းကားနေသော အချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ တက္ကသိုလ်ပါမောက္ခအဖြစ် အမှုထမ်းလျက်ရိုသည်။ ဂျပန်နိုင်ငံတွင် စက်မှုလက်မှု တိုးတက်ပုံ၊ ကျောင်းသူ ကျောင်းသားများ စာကိုကြိုးစားပုံ၊ မိမိတို့နိုင်ငံတွင် တက်ညီလက်ညီ ကြိုးစားကြပုံတို့ကို တက္ကသိုလ် ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် များစွာ အားကျခဲ့ပေသည်။ မြန်မာလူငယ်များလည်း ဂျပန်တို့လို ကြိုးစားစေလိုသည့် ဆန္ဒ ဂျပန်နိုင်တို့လို တက်ညီလက်ညီ ဆောင်ရွက်လိုသည့် ဆန္ဒကို အခြေခံ၍ ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်တွင် ထုတ်ဝေသော သူရိယသတင်းစာသို့ ဆောင်းပါးများရေးသားပေးပို့ခဲ့သည်။ ၁၉၆၄- ခုနှစ်လောက်တွင် အကျွန်သည် ငွေတာရီ မဂ္ဂဇင်း၌ ဂျပန်ပြည်မှ ဆရာတော် ဦးဥတ္တမ ပေးစာများ ခေါင်းစဉ်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပါသည်။ ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဦးသန့်သည် မြန်မာနိုင်ငံ တနိုင်ငံလုံးက ဂုဏ်ယူသင့်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုနည်းတူ ဗိုလ်ချူပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းလည်း နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည်။
ဤသို့ နိုင်ငံ ကျက်သရေဆောင် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဦးသန့်အတွက် အမှတ်ရစေသည့် အုတ်ဂူကို မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် ထားရှိသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းမှင့် ဗိုလ်ချူပ်အောင်ဆန်းတို့၏ အုတ်ဂူများကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင် တွေ့ရသည်။ ဆရာတော် ဦးဥတ္တမအတွက်မူ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် အမှတ်တရဟူ၍ တစုံတခုမျှ မရှိ။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် အမျိုးသားခေါင်းဆောင် မဟုတ်၍ ထိုက်ထိုက်တန်တန် နေရာမပေးလျှင် ဦးသန့်၏ အုတ်ဂူကို ပန်းတနော်သို့ ပြန်ပို့လိုက်ပါ။ ထိုနည်းတူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ရွှေတောင်ကို ပြန်ပို့ပေးပါ။ ဗိုလ်ချူပ်အောင်ဆန်းကိုလည်း နတ်မောက်သို့ ပြန်ပို့လိုက်ပါ။
ပါမောက္ခ ဒေါက်တာအေးကျော်
သုခ၀တီ (နယူးယောက်မြို့)
၀၈၊ ၁၉၊ ၂၀၁၀
http://arakanreview.net/?p=1894#more-1894
Read article
Add Comment
ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည်
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
ဇင်လင်း / ၀၉ စက်တင်ဘာ ၂၀၁၀
ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် စက်တင်ဘာလသို့ ရောက်ပြန်ပြီ။ စစ်အာဏာရှင်တို့ကလည်း သူတို့အာဏာသက်ဆိုးရှည်ရေးအတွက် ရွေးကောက်ပွဲအတုအယောင်ကို နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး မြေအောက်စာရွက်စာတမ်း ဖြန့်ဝေမှုများကို ကျောင်းသားနှင့် သံဃာ တက်ကြွလှုပ်ရှားသူများက စစ်ဆင်ရေးသဖွယ် လုပ်ဆောင်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ယင်းဥပဒေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်ရေးတို့သည် ယနေ့လူထုကြွေးကြော်သံ ဖြစ်လာနေသည်။ ဤလှုပ်ရှားမှု ကြွေးကြော်သံများကို ယနေ့ ပြည်တွင်းပြည်ပရှိ သံဃာ့သမဂ္ဂီများကလည်း ထောက်ခံမှုပြုနေကြောင်း တွေ့ရသည်။ တနည်းအားဖြင့် ရွှေဝါရောင် သံဃာ့အရေးတော်ပုံ စိတ်ဓာတ်သည် ရှစ်လေးလုံး လူထုအရေးတော်ပုံစိတ်ဓာတ်နှင့်အတူ ဆက်လက် အရှိန်အဟုန်မြင့်မားနေဆဲဖြစ်သည်။ တနည်းအားဖြင့် သံဃာ့အရေးတော်ပုံနှင့် လူထုအရေးတော်ပုံ၊ သံဃာတော်တို့ဆန္ဒနှင့် လူထုဆန္ဒသည် တထပ်တည်းဖြစ်ကြောင်း ဖော်ပြချက်လည်းဖြစ်သည်။
တိုက်ဆိုင်စွာပင် ဤစက်တင်ဘာလသည် မြန်မာနိုင်ငံပြည်သူလူထုအား နိုင်ငံရေး နား၊ မျက်စိ အဦးဆုံး ဖွင့်ပေးခဲ့သော ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိသည့်အချိန် ဖြစ်ပေသည်။ ရွှေဝါရောင် သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် ယခုနှစ်သည် ‘ဆရာတော် ဦးဥတ္တမ’ ပျံလွန်တော်မူခြင်း (၇၁) နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။ ဆရာတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား ‘ဆရာတော် ဦးဥတ္တမ’ ဖြစ်သည်ကို မှတ်မိကြမည်ထင်ပါသည်။ ‘ကရက်ဒေါက်’ (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံဖြစ်သည်။
ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့၊ ရေစကြိုစာသင်တိုက်၌ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်းဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျို ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။
၁၉၁၁ ခုနှစ် မြန်မာနိုင်ငံ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာတိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတ ရစေရန် ရေးသားတင်ပြခဲ့သည်။ ‘၀ိုင်အမ်ဘီအေ’ ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ လုပ်ခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ် လူငယ်လူလတ်များအား ဟုမ္မရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေးရရှိရန် ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။
ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိ ရှိလှသဖြင့် တရားပွဲတိုင်း ကျိတ်ကျိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျ စိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင် လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့လက်ထဲမှာသာရှိတယ်။˝
ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများ ပေါ်ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။
ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်းခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူပရိသတ် ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။
ဆရာတော်သည် ပထမအကြိမ် ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံး လှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ်ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသား ဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော်ရုပ်ရှင်ရုံ တရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှ ပါဝင်ပေသည်။
ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွ ပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး ဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။ ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေးဟောပြောလာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူး တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။
ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော် ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေး ဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။
“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”
ဆရာတော် ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန် အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။
ဤရက်ပိုင်းမှာပင် ပခုက္ကူ သံဃာအရေးတော်ပုံ (၃) နှစ်ပြည့်ချိန်မှ အစပြု၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေး ပြင်ဆင်လျက်ရှိသည့် ရွေးကောက်ပွဲအား အကြမ်းမဖက်နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်ကြရန် အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်တရပ် RFA မှတဆင့် ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ “၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်၊ (၆) ရက်နေ့များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်းကြံ့ဖွံ့လူမိုက်များ၏ပါတီမှ ဦးဆောင်၍ ပြည်သူလူထုအား ထာဝစဉ် စစ်ကျွန်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖန်တီးလျက်ရှိသည်။”
“သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင်သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့်ပတ်လည် (၅) ရက် (၆) ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်သွားရန် တိုက်တွန်းနှိုးဆော်အပ်သည်။ (သောသုဇနသမဂ္ဂ၊ ပခုက္ကူ)” စသည်ဖြင့် ဦးဆောင် သံဃာတပါးဖြစ်သည့် ဦးသောဘိတက RFA မှတဆင့် မိန့်ကြားခဲ့သည်။
အထက်ဗမာပြည် သံဃာတော်များအနေဖြင့် စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေခြင်းကို စတင်နေပြီဟုလည်း သိရှိရသည်။ ထို့ပြင် ရနိုင်သမျှ နည်းလမ်းများဖြင့် စစ်အာဏာတည်မြဲရေး ရွေးကောက်ပွဲအား ဆန္ဒပြ ဆန့်ကျင်သွားကြရန်လည်း သောသုဇနသမဂ္ဂ (ပခုက္ကူ) အဖွဲ့က ပြည်သူလူထုအား တိုက်တွန်းလျက်ရှိသည်။ ထို့ကြောင့် ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ်မျိုးဆက်သစ်တို့သည် သောသုဇနသမဂ္ဂ၊ (ပခုက္ကူ) အဖွဲ့၏ နှိုးဆော်ချက်ကို အထူးအလေးဂရုပြုကြရပေလိမ့်မည်။ မကြာမီ မြန်မာနိုင်ငံအ၀ှမ်းတွင် ဆင်နွှဲတော့မည့် စစ်အာဏာကြံ့ခိုင်ဖွံ့ဖြိုးရေးရွေးကောက်ပွဲအား သပိတ်မှောက်ရာတွင် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ သံဃာ့သမဂ္ဂီများက ဦးဆောင်ဦးရွက်ပြုဦးမည့် လက္ခဏာများ မြင်တွေ့နေရပေသည်။
ဦးဥတ္တမခေတ် ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃသမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) ကျော် သက်တမ်းရင့်ရှည်ခဲ့လျက် ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီများ၊ သောသုဇနသမဂ္ဂအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက်ရှိသည်ကို လက်တွေ့မြင်တွေ့နေရပေသည်။ သံဃာတော်တို့၏ အစဉ်အလာမှာ တရားမျှတမှုဘက်၊ ဓမ္မဘက်မှ ရပ်တည်လေ့ရှိပါသည်။ မတရား အနိုင့်အထက်ပြုသည့်ဘက်၊ အဓမ္မဘက်မှ ရပ်တည်သူတို့သည် အာဏာလက်မလွှတ်ရရေး တခုသာကြည့်လေ့ရှိပါသည်။ လူထုဆင်းရဲဒုက္ခကို စာနာထောက်ထားလေ့မရှိပါ။ လူထုဒုက္ခကို စာနာသည့် ဆရာတော် သံဃာတော်တို့ဘက်၊ တရားမျှတမှုဖွံ့ဖြိုးရေးဘက်က တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးသည် “ဆရာတော် ဦးဥတ္တမ” ၏ အာဇာနည်စိတ်ဓာတ်ကို စံနမူထားရာရောက်ပေသည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး” ဟူသော ဆရာတော်၏ မိန့်ထုံး သြ၀ါဒကို နှလုံးသွင်းလျက် ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျရာအခန်းမှ တာဝန်ကျေအောင် ထမ်းကြရပေတော့မည်။ ။
ကျမ်းကိုးစာရင်း ။ ။
(၁) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
http://www.khitpyaing.org/index.php?route=detail&id=4346
Read article
Add Comment
ပြည်တွင်းမှာ ခွင့်မပြုသည့် ဦးဥတ္တမ အခမ်းအနား ချင်းမိုင်မှာ ကျင်းပ
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: သတင်း
ပြည်တွင်းမှာ ခွင့်မပြုသည့် ဦးဥတ္တမ အခမ်းအနား ချင်းမိုင်မှာ ကျင်းပ
http://www.rfa.org/burmese/news/arakanese_commemorate_martyr_monk-09082010165433.html
အောက်က Proxy ကိုသုံးလို့ဖတ်နိုင်
www.4proxy.de
Read article
Add Comment
နယ်ချဲ့တို့အား တော်လှန်ခဲ့သော ဆရာတော် ဦးဥတ္တမ
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: ဆောင်းပါးကဏ္ဍ
သန်းရွှေနိုင် / ၀၈ စက်တင်ဘာ ၂၀၁၀
ရဟန်းတော်များထဲမှ နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ သူသည် ရခိုင်အမျိုးသား ထေရ၀ါဒဗုဒ္ဓဘာသာ သံဃာတော်တပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော အင်္ဂလိပ်စာတတ် ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ ယခုနှစ် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် (၇၁) နှစ်ပြည့်ပြီဖြစ်သည်။
ဆရာတာ် ဦးဥတ္တမအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ်၌ အဖ ဦးမြ၊ အမိ ဒေါ်အောင်သူတို့မှ ခရစ် ၁၈၇၉ ခု၊ ဒီဇင်ဘာ (၂၇) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး မွေးချင်း (၃) ဦးအနက် အကြီးဆုံးဖြစ်သည်။ ဆရာတော်၏ ညီမှာ ကျော်ထွန်းအောင်ဖြစ်ပြီး ညီမမှာ မအိမ်စိုး ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင်သည် နောင်အခါတွင် ရှင်အရိယဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။
ဆရာတော် ပေါ်ထွန်းအောင်သည် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ‘ရှင်ဥတ္တမ’ ဟု တွင်ခဲ့သည်။ ဆရာတော်သည် တောင်ငူမြို့တွင် ကျင်းပသော ရှင်သာမဏေ စာပြန်ပွဲ၌ ပထမရခဲ့သဖြင့် ချမ်းသာကြွယ်ဝသော ရှမ်းအမျိုးသမီးတစ်ဦးက ဆရာတော်အား သားအဖြစ် မွေးစားကာ ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ပို့၍ ပညာသင်စေသည်။ ကာလကတ္တားတွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀) တန်း အဆင့်အောင်မြင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်ကြွလာခဲ့သည်။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့ သွားရောက်၍ ရေစကြိုတိုက်တွင် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သာမဏေ၀တ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့သင်ကြားနေစဉ်ပင် ဆရာတော်အား ဆွေမျိုးနီးစပ်တော်စပ်သူ ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံပေးခဲ့သည်။
ဆရာတော်သည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ တဖန်ပြန်သွားသည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ်တခုတွင် ပါဋ္ဌိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာများကို ဧည့်ပါမောက္ခအဖြစ် သင်ကြားပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်နေစဉ် သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းဂန်များကို သင်ကြားခဲ့သည်။ အိန္ဒိယတွင် သီတင်းသုံးနေစဉ်အတွင်း ဆရာတော်အား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
အိန္ဒိယတွင် (၈) နှစ်မျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပညာသင်သွားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားနေစဉ် ရုရှား- ဂျပန်စစ်ပွဲ (၁၉၀၄-၀၅) ၌ ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံငယ်လေးက ရုရှားကဲ့သို့ အင်အားကြီးမားသော နိုင်ငံအား အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်အား အထင်ကြီးလေးစားကာ ဂျပန်သို့ ပညာသင်ထွက်ခဲ့သည်။ ဂျပန်တွင် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုစဉ်က စက်မှုလက်မှုဝန်ကြီး) ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျပန်ဘာသာစကားကို (၂) နှစ်ခန့် သင်ယူခဲ့သည်။ ယင်းကျောင်း၌ပင် ဆရာတော်သည် သက္ကတနှင့် ပါဠိဘာသာကို ဘာသာဗေဒပါမောက္ခအဖြစ် ပြန်လည်ပို့ချပေးခဲ့သည်။
ဆရာတော် ဂျပန်ပြည်၌ ရှိနေစဉ်တွင် ဂျပန်ပြည်သို့ ခေတ္တရောက်ရှိနေသော တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ တရုတ်ကျောင်းသားများကလည်း ဆရာတော်၏ သြ၀ါဒခံယူကြသည်။ ဆရာတော် ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော် ဦးဥတ္တမအား အထူးကြည်ညိုလေးစား၍ သူနှင့်အတူ တရုတ်ပြည် လိုက်လည်ရန် ပင့်ဖိတ်လေသည်။ ဆရာတော်သည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ပီကင်း၊ ပီကင်းမှ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည်ခဲ့သည်။
ထိုခေတ်ထိုအခါက မြန်မာလူမျိုးတဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွားလာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်မှုပြုလုပ်နိုင်ခြင်းမှာ အံ့ချီးဖွယ်ပင်ဖြစ်လေသည်။
ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်သာယူ၍ စေတနာဖြင့် သင်ကြားပြသခဲ့ပေသည်။ ဂျပန်မှအပြန် မြောက်ကိုရီးယား၊ ယင်းမှတဆင့် တရုတ်ပြည်၊ တရုတ်ပြည်မှတဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တော်) သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာသည်။
မြန်မာပြည်သို့ ပြန်ကြွပြီးနောက် ဆရာတော် ဦးဥတ္တမသည် ခရီးလှည့်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “၀ံသာနု” အသင်းများ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့သည်။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရက စစ်ပုလိပ်များဖြင့် ၎င်းအစုအဖွဲ့များကို လိုက်လံဖြိုခွင်းခဲ့လေသည်။
ဆရာတော်သည် နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောပြောတတ်သည့်အတိုင်း သံဃာတော်များအား ကျောင်းတွင်သာ ကျိန်း၍ မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ သက်ဆင်းနေ၍ တိုင်းသူပြည်သားများ ကျွန်ဘ၀ရောက်နေကြောင်း၊ ကျွန်များကိုးကွယ်သော ဘာသာမှာလည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင်ဖြစ်ကြောင်း၊ ကျွန်ဘ၀မှ လွတ်မြောက်အောင် သံဃ့ာသမဂ္ဂီအသင်းအဖွဲ့များ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိအောင် ကြိုးစားသင့်ကြောင်း ဟောပြောခဲ့လေသည်။
သို့ကလို ဆရာတော်၏ ရဲရဲတောက် မိန့်ခွန်းများကြောင့် ဆရာတော် ဦးဥတ္တမအား အင်္ဂလိပ်အစိုးရ ၁၉၂၁ ခု မတ်လ (၃၁) ရက်နေ့တွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခဲ့ပေသည်။ ဆရာတော်သည် မြန်မာပြည်တွင် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသော ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ (သမ္မတ ဒေါက်တာဘဦး၏ဖခင်) ဖြစ်သည်။
ဆရာတော်အား ကျောင်းကုန်းမှ အစိုးရသင်္ဘောဖြင့် မအူပင်တရားရုံးသို့ ခေါ်ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၂) လ အပြစ်ပေးပြီး မအူပင်ထောင်၌ အကျဉ်းချခဲ့သည်။ ဆရာတော်သည် အကျဉ်းခံသည့်နေ့မှစ၍ သင်္ကန်းချွတ်၍ ထောင်အ၀တ်ကို ၀တ်ဆင်ရသည်။ ထို့နောက် ဆရာတော်သည် ၁၉၂၂ ခု ဇွန်လ (၂၆) ရက်နေ့ မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် လွတ်မြောက်ခဲ့ပြီးနောက် အစိုးရအား ဦးမညွတ်ဘဲ ဆက်လက်၍ မြန်မာပြည်အနှံ့လှည့်ကာ နိုင်ငံရေးတရားများ ဟောပြောခဲ့လေသည်။
ဤသို့ဖြင့် ဆရာတော်သည် ၁၉၂၄ ခု အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပေးခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်သည်။ ဆရာတော်သည် ၁၉၂၇ ဖေဖော်ဝါရီလတွင် အကျဉ်းမှ ပြန်လည်လွတ်မြောက်လာပြန်သည်။ ထောင်မှ လွတ်မြောက်ပြီးနောက် အမြို့မြို့အနယ်နယ်သို့ လှည့်လည်၍ အမျိုးသားနိုးကြားရေးတရားများကို ဟောကြားရာ ၁၉၂၈ ခုနှစ်တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။
ဤသို့လျှင် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တလျှောက် ပျံလွန်တော်မူသည့်တိုင်အောင် အကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရလေသည်။ ထို့နောက် ဆရာတော်သည် ကျန်းမာရေးချို့ယွင်းကာ ၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့လေသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၆၀) နှစ် ရှိ၍ သိက္ခာတော်မှာ (၄၁) ၀ါ ရှိပြီဖြစ်သည်။
ဆရာတော်၏ ရုပ်ကလာပ်ကို ဆေးရုံမှ ယူဆောင်၍ မပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး မှန်ခေါင်းသွင်းကာ ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်း၌ ထား၍ ဈာပနအခမ်းအနား ကျင်းပခဲ့သည်။ ပျံလွန်တော်မူပြီး (၃) ရက်မြောက်နေ့ စက်တင်ဘာ (၁၁) ရက်နေ့ တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီး၍ ဆရာတော်၏ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခဲ့လေသည်။ ဆရာတော် ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ပြည်သူလူထုတရပ်လုံးသည် ဆရာတော် မျှော်မှန်းခဲ့သည့် လုံးဝလွတ်လပ်ရေးပန်းတိုင်သို့ အရောက်ချီတက်နိုင်ခဲ့လေသည်။
ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ အမည်ရှိသော စာပေအဖွဲ့အစည်းတခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော် ဦးဥတ္တမအကြောင်းကို တခမ်းတနား ရေးသားဖော်ပြထားလေသည်။ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော် ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်။ တချိန်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်များ၌လည်း ဆရာတော်၏ အထ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားစေသည်။
သို့ကလို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည် ဆရာတော် ဦးဥတ္တမကို နောင်လာနောက်သားတို့ အမြဲတစေ သတိတရရှိစေရန်အတွက် စစ်တွေမြို့ရှိ သမဂ္ဂအဖွဲ့က ဦးစီးကာ ၁၉၄ရ ခု စက်တာဘာ (၉) ရက်နေ့တွင် အခမ်းအနားတရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ ထိုနေ့ကိုပင် “ဦးဥတ္တမအထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ထို့အပြင် စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ခဲ့ကြသည်။ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ၁၉၆၃ ဇန်န၀ါရီလ (၁၀) ရက် ကြာသပတေးနေ့၌ ဆရာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခဲ့လေသည်။
ရန်ကုန်မြို့တွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ အနစ်နာခံကာ လူထုအား နိုင်ငံရေးအသိအမြင် နိုးကြားလာစေရန် ဆောင်ရွက်ခဲ့သော ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့ကျရောက်တိုင်း ဦးဥတ္တမနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခဲ့လေသည်။
ထို့နောက် ဗိုလ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံရေးဆောင်ရွက်သော ရဟန်းသံဃာတော်များ ပေါ်ပေါက်လာမည်ကို အကြောက်လွန်၍ ဗိုလ်နေ၀င်း၏ အမိန့်ဖြင့် တနိုင်ငံလုံးတွင် ဦးဥတ္တမနေ့ ကျင်းပမှုကို ပိတ်ပင်တားဆီးလိုက်လေသည်။ ထိုမျှသာမက ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင်္ဂလာပန်းခြံဟု အမည်ပြောင်းလဲလိုက်လေသည်။ ထိုနည်းတူစွာ နအဖစစ်အစိုးရလက်ထက်တွင်လည်း ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဥတ္တမကဲ့သို့ နိုင်ငံရေးဆောင်ရွက်ခဲ့သော ဆရာတော်ကြီးများ၏ အကြောင်းကို စာနယ်ဇင်းများ၌ ရေးသားဖော်ပြခြင်းကို စာပေစိစစ်ရေးဌာနမှ ပိတ်ပင်လိုက်သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။
မည်သို့ဆိုစေ ယခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ်ပတ်လည်နေ့တွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဆရာတော်၏ နိုင်ငံရေးပုံရိပ်လွှာကို ခေတ်ပြိုင်တွင် ရေးသား၍ ကျေးဇူးဆပ်လိုက်ရပေသည်။ ။
http://www.khitpyaing.org/index.php?route=detail&id=4318
Read article
Add Comment
ဦးဥတ္တမရုပ်တု ဂါရဝမပြုရန် ရခိုင်ပါတီကို တားမြစ်
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: သတင်း
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ (RNDP) က မနက်ဖြန်တွင် ကျရောက်မည့် ဦးဥတ္တမနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဆရာတော်ရုပ်တုအား ဦးချဂါရဝပြုမည့် အစီအစဉ်ကို ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်သည်။
ဆရာတော်ပျံလွန်ခြင်း ၇၁ နှစ်မြောက်တွင် RNDP ပါတီဗဟိုကော်မတီဝင် ၉ ဦးက ဦးဥတ္တမပန်းခြံအတွင်းရှိ ရုပ်တုရှေ့၌ ၅ မိနစ်ခန့် ဦးချ ဂါရဝပြုမည့် အစီအစဉ်ကို “နိုင်ငံရေးပါတီများ ဟောပြောစည်းရုံး မဲဆွယ် ရန်မသင့်သည့် လုံခြုံရေးအရ ကန့်သတ်ဧရိယာ” ဟု အကြောင်းပြ တားမြစ်ခဲ့သည်။
လွတ်လပ်ရေးမီးရှူးတန်ဆောင် ရခိုင်အမျိုးသား ဆရာတော် ပျံလွန်တော်မူသည့် ၁၉၃၉ ခု စက်တင်ဘာ ၉ ရက်ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ထားသည်။
RNDP ဥက္ကဌ ဒေါက်တာအေးမောင်က “ဒီဥစ္စာ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ အမျိုးသားခေါင်းဆောင်၊ ဝံသာနုရက္ခိတ စိတ်ဓာတ်ကို မြန်မာပြည်မှာ မျိုးစေ့ချပေးခဲ့တဲ့ ပုဂ္ဂိုလ်ကို လွတ်လပ်စွာ ပူဇော်တဲ့အခမ်းအနားလေးပါ” ဟု မဇ္ဈိမကိုပြောသည်။
သို့သော် ပါတီဌာနချုပ်၌ ဆရာတော်၏ ဓာတ်ပုံရှေ့တွင် ဆက်လက် ကျင်းပရန် စီစဉ်ထားကြသည်။ မနက်ဖြန်နေ့လည်ပိုင်းတွင် စာရေးဆရာ ဦးမောင်ဘသိန်း၊ ပန်းချီမင်းညို (RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ စာရေးဆရာမတဦးနှင့် နာမည်ရကဗျာဆရာတဦးက မြို့မိ မြို့ဖ ၅ဝ ကျော် ရှေ့ တွင် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးများကို ဟောပြောကြမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာစာသင်သံဃာတော်များသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား၌ သံဃာ ၄၁ ပါး ယနေ့ မေတ္တာပို့ခဲ့ကြသည်။
“ ဟိုက ၅ပါး၊ ဒီက ၃ ပါး လာကြပြီး ဆရာတော် ဦးဥတ္တမပုံပါတဲ့ စာစောင်လေး အမှတ်တမဲ့ ကိုင်ထားကြတယ်ပေါ့။ အချင်းချင်း မသိတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်။ နောက်တော့ ဓမ္မာရုံတခုမှာပဲ စုလိုက်တယ်” ဟု ဆုတောင်းပွဲ စီစဉ်သူ ဦးဇင်းက မဇ္ဈိမကို မိန့်သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်မှ ပါတီဝင်များနှင့် ရခိုင်စာပေဝါသနာရှင်များ စုပေါင်း၍ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဆရာတော် ထေရုပ္ပတ္တိနှင့် ဓာတ်ပုံပါ စာစောင် ၃,ဝဝဝ ခန့်ကို ယခုလဆန်းမှစ၍ ဖြန့်ဝေနေကြောင်း ရခိုင်ပြည်နယ်စည်း တွဲဘက် အတွင်းရေးမှူး ကိုသိန်းလှိုင်က မဇ္ဈိမကို ပြောသည်။
စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်များတွင် ဖြန့်ဝေခဲ့သည်ဟုဆိုသည်။
ထို့ပြင် ၂ဝဝ၇ က စစ်တပ်က သံဃာတော်အချို့ကို ရိုက်နှက်ခဲ့သော ပခုက္ကူမြို့တွင် ယခုရက်ပိုင်းအတွင်း သံဃာတော်များက အစိုးရဆန့်ကျင်ရေးလှုံ့ဆော်စာကပ်ခဲ့ကြသည်ဟု ရန်ကုန် မဇ္ဈိမသတင်းထောက်က ပြောသည်။ အာဏာပိုင်များက အလျင်အမြန် လိုက်ခွာရသည် ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/6003-2010-09-08-15-10-24.html
Read article
Add Comment
ရွေးကောက်ပွဲကော်မရှင်က ဦးဥတ္တမရုပ်တုကို ဂါရ၀ပြုခွင့် ပိတ်ပင်
Posted on 9/9/2010 by
thesunofasia_ashonottama
Tags: သတင်း
Read article
Add Comment
CTRL
earlier →
http://vzochat.com/en/blog/thesunofasia_ashonottama/page/2