ဘ၀များစွာထဲက ကျနော် လက်လှမ်းမီရာဘ၀အချို့အကြောင်း

Posted on 5/16/2009 byာတေကြီး

ပြီးခဲ့တဲ့ မိုးတွင်းတုန်းကပေါ့။ ကျနော့်အစ်မ နေတဲ့ရွာကိုရောက်တယ်။ သူတို့ရွာမှာ သူတို့မိသားစုက အချမ်းသာဆုံးလို့ အစ်မက မြို့ကိုလာရင် မကြာခဏပြောတယ်။ အစ်မက ရွာမှာ အိမ်ဆိုင်လေးတည်ထားတယ်။ ဒါနဲ့ ဒီတစ်ခေါက်ကျနော် ဗမာပြည်ကိုရောက်တုန်း အစ်မ ရွာကို သွားလည်တယ်။ သူတို့ရွာက ပင်လယ် နဲ့ဆို လေး၊ ငါးမိုင်လောက်ပဲဝေးတာ၊ မိုးတွင်းဘက်ဆို ရွာထဲကမှာ ရေကလူ ကြီး နှစ်ရပ် စာလောက် နက်တယ်။ တစ်ရွာလုံးရေလွှမ်းတယ်။ အိမ်ကလေးတွေဆို မြေကြီးကုန်းဖို့ပြီး ဟိုတစ်လုံး၊ ဒီတစ်လုံး ဆောက်ထားတာ။


ယောက်ဖက လှေလေးတစ်စင်းကိုယ်တိုင် စပ်ထားတော့ မိုးတွင်းဘက်ဆို ရွာထဲကို လှည့်ရင် လှေရှိတာကြောင့် သွားရေးလာရေးပူစရာမလိုဘူး။ တစ်ညနေကျတော့ ကျနော့်တူက ဦးလေးရွာထဲကို သားလိုက်ပြမယ်ဆိုလို့ တူဝရီးနှစ်ဦးသား လှေနဲ့သွားကြတာပေါ့။ အဲဒီမှာ တစ်အိမ်က လှမ်းပြီးထမင်းစားခေါ်တယ်။ ခဏခဏ အော်အော်ခေါ်နေတော့ တူက ဦးလေးအားနာစရာကောင်းတယ်ဆိုလို့ ကျနော်လည်း ကဲဒါဆိုလည်း သွားကွာဆိုပြီး လှေကို အဲဒီအိမ်ရောက်တဲ့အထိ လှော်သွားတယ်။ တူကပြောတယ်။ အဲဒီအိမ်က ရွာမှာ သူတို့အိမ်ပြီးရင် အပြေလည်ဆုံးဘဲတဲ့။ ဒါနဲ့ ထမင်းဝိုင်းမှာ ထိုင်တော့ ဟင်းက ငြုပ်သီးမှုန့်ကြွပ်ကြွပ်လေး ခပ်ထားတဲ့ ငါးပိရည်မွှေးမွှေးလေးရယ်၊ တို့စရာက ကန်စွန်းရွက်အချဉ်ပြုတ်ရယ်၊ ဥာဏ်ပွင့်ချဉ်ပတ်လေးရယ်ပါ။ အဲဒီနေ့ညနေက ထမင်းဝိုင်းကလေးကို ကျနော်ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ အဲဒီနေ့က ၀ါဆိုလဆန်း ၁၃ ရက်ပါ။ ပင်လယ်ရေ ထ ရက်ဆိုတော့ရွာထဲမှာလည်း ရေတွေဖွေးနေလို့ပေါ့။

ကျနော်တို့ အစ်မအိမ်ကို ပြန်ရောက်တော့ ညနေ မှောင်ရီသန်းနေပြီ။ အိမ်ရောက်တော့ အစ်မက ထမင်းစားဖို့ပြောတော့ ကျနော်စားခဲ့ပြီးကြောင်း ပြောပါတယ်။ အစ်မက ဘာနဲ့ စားခဲ့လဲ ဟုမေရာ ကျနော်ကငါးပိရည်တို့စရာနှင့်စားခဲ့ကြောင်းပြောပါတယ်။ အစ်မက သူတို့ရွာမှာ လူတန်းစားသုံးမျိုးရှိကြောင်း ပြောပြပါသည်။ ပထမတန်းစားက ငါးပိရည်ကို ငြုပ်သီးမှုန့်၊ တို့စရာ အစုံအလင်နှင့် စားနိုင်တဲ့ အတန်းအစား၊ ငါးပိရည်ကို တို့စရာမပါ၊ ငြုပ်သီးမုန့် ခတ်ပြီးစားနိုင်တာက ဒုတိယတန်းစား၊ တတိယတန်းစားက ငါးပိရည်ကို တို့စရာဆိုတာ ဝေလာဝေး၊ ငြုပ်သီးမှုန့်တောင် ခတ်မစားနိုင်ပါဘူး။ အဲဒီရွာမှာ ကျနော့်အစ်မ မိသားစုက လှေလေးလည်းရှိတော့ တူလုပ်တဲ့သူက သူများ လာပေါင်ထားတဲ့ ပိုက်ကွန်လေးနဲ့ ငါးရှာတယ်။ ရတဲ့ငါးကို မီးကင်ပြီး၊ ဆူးပုပ်ရွက်၊ သို့မဟုတ် ကန်စွန်းရွက်ကလေးနှင့် ဟင်းရည်ကျဲလေးလုပ်၊ ပြီးလျှင် ငါးပိရည် တို့စရာ အစုံအလင်နဲ့ ထမင်းကို သူများနဲ့မတူ မြိန်ရေယှက်ရေ စားနိုင်ပါသေးတယ်။

အဲဒီအချိန်ကတည်းက ကျနော့်အစ်မဟာ တစ်ရွာလုံးမှာ အချမ်းသာဆုံး သူဋ္ဌေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျနော် ယုံသွားပါတယ်။ သူက ကုန်စုံဆိုင်လေးလည်းဖွင့်ထားတော့ ကျနော်က ဒီလို ဆင်းရဲလှတဲ့ရွာမှာ ဒီပစ္စည်းတွေကို ၀ယ်နိုင်တဲ့လူရော ရှိသေးလားဟု စပ်စုမိပါသည်။ ပစ္စည်းဆိုရာမှာလည်း အခြေခံစားကုန် လေးတွေပါ။ ဆန်၊ ဆီး၊ ငြုပ်၊ ကြက်သွန် နဲ့ သာမန်လူသုံးကုန်ပစ္စည်းလောက်ပါ။ အစ်မက နင် ဒီမှာ နောက်ထပ်တစ်ပတ်လောက်ထပ်နေရင် သိလာလိမ့်မယ်လို့ပြောပါသည်။ ကျနော်လည်း အစ်မ မိသားစုကို အားတော့နာသည်။ သို့သော်လည်း ဒီလိုနေရာမျိုးကို နောက်ထပ်ရောက်ဖို့ ဆိုသည်မှာ အတော်လေးကို မလွယ်သည့်အတွက်ကြောင့် ရောက်လက်စနှင့် နောက်ထပ် ရက်သတ္တပတ် ခုနှစ်ရက်လောက် ဆက်ပြီးနေဦးမည်ဟု ဆုံးဖြတ်လိုက်ပါ၏။

တစ်နေ့ကျတော့ အသက် ၆ နှစ်၊ ခုနစ်နှစ် ခန့်ရှိမည်ဟု ယူဆရသော ကလေးတစ်ယောက် အစ်မ ဆိုင်ကို ဈေးလာဝယ်ပါသည်။ အစ်မက အ၀တ်လျှော်နေတုန်းမို့ ကျနော်ကိုယ်တိုင်ပင် ဈေးထ ရောင်းသည်။ ကလေးက ထရံ တွင်ချိတ်ထားသည့် မုန့်ပဲလှော် ထုပ်လေးကို ယူမည်ပြောသဖြင့် ကျနော် ဖြုတ်ပေးလိုက်သည်။ သို့သော် ကလေးက ကျနော့်ကို စက္ကန့် ၃၀ လောက်စိုက်ကြည့်ပြီး သူ့တွင်ပါလာသော ဘဲဥတစ်လုံးကို ပေးပါသည်။ ကျနော်လည်း ရုတ်တရက်ကြောင်သွားပြီး၊ ပိုက်ဆံပေးလေဟုပြောရာ၊ ကလေးက ဘာမှ ဆက်မပြောတော့ဘဲ ငေးကြောင်ပြီးတော့သာ ကြည့်နေသဖြင့် ကျနော်က အစ်မအား လှမ်းခေါ်ကာ ကလေးက ပိုက်ဆံမပေးကြောင်း၊ ဘဲဥတစ်လုံးပေးနေကြောင်းပြောရာ အစ်မ က ထိုဘဲဥကိုပင် ယူထားလိုက်ရန်ပြောပါသည်။ ထိုအခါမှ ကျနော်ကောင်းကောင်း သဘောပေါက်လိုက်ပါသည်။


 
ကျေးလက်သဘာဝ
 

ကမ္ဘာပေါ်မှာ ငွေကြေးဆိုတာ မပေါ်ပေါက်သေးခင် ကာလက လူတွေဟာ ကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ် သည့်စနစ် (barter system) ကိုသုံးခဲ့တယ်ဆိုတာ ကျောင်းမှာတုန်းက သင်ခဲ့တာကို ပြန်ပြီးအမှတ်ရတယ်။ ငွေကြေးမရှိလို့ ကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်တယ်။ ထိုကမှ တစ်ဆင့်တိုးတက်လာပြီး လှည်းဘီး အစရှိသည်တို့ကို ငွေကြေးလိုလုပ်ပြီး သုံးစွဲတယ်။ အဲဒီနောက်ပိုင်းကျ မှ ခရုခွံ၊ သတ္ထု အစရှိသည်တို့ကို ငွေကြေးအဖြစ် သုံးစွဲပြန်သည်။ နောက်ပိုင်း ရွှေတုံးများ၊ ထိုမှတဆင့် ရွှေဒင်္ဂါးပြားများ သွန်းလုပ်လာသည့် ခေတ်တွင်မှ ရွှေကို တန်ဖိုးသတ်မှတ်ပြီး၊ ပစ္စည်းနှင့် ဖလှယ်ယူကြသည်။ နောက်ပိုင်းငွေဒင်္ဂါးပြားများ နှင့် ငွေစက္ကူများ ထုတ်လုပ်လာကာ ကုန်ပစ္စည်းကို ငွေကြေးဖြင့် အရောင်းအ၀ယ်ပြုလုပ်လာကြသည်။

သို့သော်လည်း ကျနော့် အစ်မနေထိုင်သည့်ရွာတွင် ကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်သည့်စနစ် (barter system)ကို ရုတ်တရက် တွေ့လိုက်ရသည့်အတွက်ကြောင့် ကျနော် အလွန်ပင်အံ့အားသင့်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ကျနော့်အစ်မ ရွာသည် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တစ်ခု၏ နယ်နိမိတ်အတွင်းတွင် ရှိပါလျှက် ဤမျှလောက် ငွေစက္ကူသုံးစွဲသည့်စနစ်ကို တွင်ကျယ်စွာ အသုံးမပြုနိုင်သေးသည်ကို သိရတော့ စိတ်ထဲမှာဘဲ အံ့သြရမလိုလို။ တစ်ခုခုကို ဒေါသထွက်ရမလိုလို ခံစားရသည်။

ကျနော်က အစ်မ ကိုမေးတယ်။ သူ့အနေနဲ့ အဲဒီလိုသာ ပစ္စည်းချင်းဖလှယ်နေရင် ပိုက်ဆံဘယ်လိုရတော့ မလဲလို့မေးတော့၊ သူက မုန့်လိုချင်တဲ့လူက ဘဲဥနဲ့လဲတယ်။ ဘဲဥလိုချင်တဲ့လူက စပါးနို့ဆီဗူးနှစ်ဗူး၊ သုံးဗူးနဲ့လာလဲတယ်။ စပါးကို တစ်ခါ အစ်မက သူ့အိမ်က စပါးပုပ်ထဲမှာ ထည့်တယ်။ စပါးကိုတော့ ပြန်မရောင်းတော့ဘူး။ ၀မ်းစာ အစပါးအဖြစ်ထားပြီး၊ လိုတဲ့အခါ စပါးကိုထောင်းပြီး စားတယ်။ တကယ်လို့ဘဲဥက ရက်အနည်းငယ်ကြာလို့ လာလဲတဲ့သူမရှိရင်၊ ဘဲဥလိုမျိုး အခြားလက်ထဲမှာ နည်းနည်းကြာလာတဲ့ ကုန်တွေကို စုပြီး၊ မြို့ပေါ်ကို တက်ပြီးရောင်းတယ်။ ထိုအခါမှ ပိုက်ဆံကို မြင်ရကြောင်း၊ အချို့ ပစ္စည်းချင်းဖလှယ်ဖို့ ဘဲဥတစ်လုံး၊ စပါးလေး တစ်ခွက်တောင် မတတ်နိုင်သူတွေကျတော့ အကြွေးဝယ်ကြကြောင်း၊ ထိုအကြွေးကို နောက်စပါးပေါ်ချိန် ဆောင်းကာလမှ ပြန်ဆပ်နိုင်ကြကြောင်း ပြောရာ ကျနော်စိတ်ထဲတွင် ယခုကဲ့သို့ စနစ်ဆိုးအောက်မှာ ထိုမျှလောက် ဆင်းရဲနိမ့်ကျလှတဲ့ ဘ၀တွေအကြောင်းကို တွေးမိရင်း စိတ်မကောင်းဖြစ် ရပါသည်။

ကျနော်တို့ ဆယ်တန်းမှာတုန်းက စလေဦးပုညရဲ့ “ဂင်္ဂါမာလ ရေသည်ဇာတ်” ကိုသင်ရတဲ့ အခါ ရေသည်မိန်မဆင်းရဲသား ပြောတဲ့စကားလေးကို ပြန်ပြီး အမှတ်ရပါသည်။ “သြော်…၊ လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ၀မ်းစာခဲခက်၊ မုရင်းထမင်း၊ ချဉ်ပေါင်ဟင်း နှင့် ဆန်တွင်းကနက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျှင်ကြီးဆန်၊ နီတာလျှံနှင့်၊ ငါးသန်သေးနုတ်၊ ရေလုံပြုတ်များကို၊ တစ်လုပ်ကယ် ၀၀၊ စားလိုက်ရရင်ဖြင့်၊ အာကပါးစပ်၊ လူဖြစ်ကြိုးနပ်လေငဲ့” ထိုရေသည်မ က ကျနော်တို ဘ၀များ ကိုမြင်လျင် ရှက်ကောင်းရှက်မိ လေမလား ကျနော် တွေးမိပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ရေသည်မ က မုရင်း ဆန် ကိုချက်ပြီး၊ ချဉ်ပေါင်ဟင်း နဲ့ စားရတာတောင် ညည်းနေသေးတယ်။ ကျနော်တို့ ခေတ်သစ် ဆင်းရဲသားတွေဆို ဘယ်လိုစားနေရလဲဆိုတာ လာကြည့်စေချင်စမ်းပါဘိ။

ထို့ကြောင့် ခေတ်သစ်ဆင်းရဲသား ရေသည်ယောက်ျား တမ်းချင်းကို ကျနော် ယခုလို ရေးလိုက်ချင်ပါသည်။ “သြော်…၊ လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ၀မ်းစာပြတ်လပ်၊ စားရတစ်ခါ၊ မစားရတစ်ရက်၊ ထမင်းငတ်လို့၊ အသက်ရှိစဉ် မသေခင်ကို ဖွဲပြာရောနှံ၊ ဆန်ကွဲဆန် (ဇကွဲဆန်) နှင့် အူတဂျုတ်ဂျုတ်၊ အမေဘုတ်ကို တစ်လုပ်ကယ်၀၀ ကျွေးလိုက်ရရင်ဖြင့် လူဖြစ်ရကျိုး နပ်ပါပြီ။” ဟုသာ ရေးလိုက်ချင်ပါသည်။

တောမှာ ငါးပိရည် နှင့် စားဖို့ဆိုသည်မှာ လွယ်လှသည်မဟုတ်။ အထူးသဖြင့် ၀ါဆို၊ ၀ါခေါင် ရေဖောင်ဖောင် ဖြစ်နေချိန်မှာ ပိုပြီးမလွယ်။ ချောင်း တွေ၊ မြောင်းတွေထဲ ရေများသည့်အချိန် ငါးတစ်ကောင် အလွယ်တစ်ကူ ဖမ်းမိဖို့က မလွယ်ပါ။ တောမှာနေသူများအဖို့ အနည်းဆုံး လှေခပ်သေးသေးတစ်စင်လောက်မှ မပိုင်လျှင် ငါးရှာဖို့မလွယ်သလို၊ ငါပိရည်နှင့် စားဖို့တောင် မလွယ်ပါ။ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လ လောက်ရောက်တော့မှ ချောင်းထဲမှာ ရေလည်းနည်းသည့်အချိန်၊ လယ်ထဲမှာရှိသည့် ဖားတွေကလည်း တစ်မိုးတွင်းလုံး စပါးကို ၀အီနေအောင်စားပြီးလို့ တွင်ပိတ်ပြီး အဆီရစ်နေချိန်တွေဟာ ငါး၊ ဖား ရှာလို့ကောင်း သည့်အချိန်ဖြစ်ပါသည်။ ထိုအချိန်သည် စပါးပေါ်ချိန်လည်း ဖြစ်သဖြင့် လယ်ပိုင်ရှင်တွေဆီက တစ်မိုးတွင်းလုံး စားစရာမရှိလို့ ချေးထားသည့် ၀မ်းစာစပါးအတွက် လုပ်အားဖြင့်ပေးဆပ်ကြရပြန်ပါသည်။ လက်ထဲတွင်ငွေကြေး ကိုင်ထားနိုင်ဖို့ဆိုသည်မှာ တွေးတောင်မတွေးရဲသေး။ အလုပ်ကြွေးကို အရင်ကျေအောင်ဆပ်ကြရသည်။


ကျနော်မှတ်မိပါသေးတယ်။ ကျနော့်တူတွေထဲက အလတ်ကောင်ကို ရွာမှာလေးတန်းအောင်လို့ ကျနော်က အစ်မအား သူ့ကို ကျောင်းမထုတ်ဘဲ၊ မြို့တွင် အလယ်တန်းကို ဆက်ပြီးထားမည်ဆိုပါက ကျနော် နှင့် အိမ်ရှိ ကျန်အစ်မများက တာဝန်ယူမည် ဖြစ်ကြောင်းပြောရာ၊ အစ်မက သဘောတူပြီး၊ သူ့သားအလတ်ကောင်ကို မြို့ကိုလွှတ်ပြီး ငါးတန်း ဆက်တက် ခိုင်းပါသည်။ မြို့ရောက်တော့ ကျနော်နှင့် အိမ်ထောင်မကျသေးသောအစ်ကို အစ်မတွေက တူဖြစ်သူကို ၀ိုင်းဝန်းထောက်ပံ့ကြပါသည်။ ကျောင်းသွားတိုင်း မုန့်ဖိုးပေးပါသည်။

သို့သော်သူကမယူ၊ ကျောင်းသွားလို့ အိပ်ကပ်ထဲ မုန့်ဖိုးထည့်ပေးလိုက်လျှင်၊ ညနေကျောင်းကပြန်လာတဲ့အထိ ပြန်ပါလာသည်။ ၀ယ်မစားပါ။ ကျနော်တို့က သူ မုန့်ဖိုးကို မသုံးဘဲ စုထားလိမ့်မည်ဟု ထင်ထားခဲ့ကြပါသည်။ သို့သော် တူဖြစ်သူက ပေးသမျှပိုက်ဆံတွေကို အိမ်က ဗီရိုတစ်လုံး၏ထောင့်တွင် သွားထားပါသည်။ ထိုအခါ အိမ်က အစ်ကိုအစ်မတွေက သူ့အမေဒီတစ်ခေါက် မြို့ကိုလာပြီး ကုန်ရောင်းရင် ထိုကိစ္စ နှင့်ပက်သက်၍ မေးမည်ဟုဆုံးဖြတ်ကာ ရွာက အစ်မလာတော့ မေးပါသည်။ ထိုအခါကမှ အခြေအနေမှန်ကို ကျနော်တို့ သိကြရပြီး စိတ်မကောင်းဖြစ်ကြရပါသည်။

ကလေးကတော့ လေးတန်းအောင်ပြီး၊ ငါးတန်းရောက်လာပါသည်။ သို့သော် သူတို့ရွာက ကလေးတွေမှာ ငယ်စဉ်ကတည်းက ပိုက်ဆံဆိုလို့ ကိုင်တွယ်သုံးနိုင်တဲ့အခြေအနေမရှိတော့၊ ယခုလို ပိုက်ဆံလက်ထဲ ထည့်ပေးတာတောင် မသုံးတတ်ရှာပါ။ ငွေအကြွေတွက် ချက်နည်း ဆိုတာ နှစ်တန်း၊ သုံးတန်းကတည်းက မူလတန်းပညာကို သင်သည့် ကလေးတိုင်း သင်္ချာဘာသာရပ်တွင် သင်ကြရပါသည်။ သို့သော် စာတွေ့သာရှိပြီး လက်တွေ့မရှိတော့၊ တကယ့်လက်တွေ့ဘ၀မှာ ကလေးတွေရဲ့ဘ၀ဟာ အတော်ကို နစ်နာစရာ ကောင်းလှ ပါသည်။ နောက်ပြီး ယခုသင်ရိုးမှာ ကျနော်တို့ငယ်ငယ်တုန်းက ကဲ့သို့ပင် သင်ရိုးဖြစ်သည်။ မြို့ကျောင်းတွင် ငါးလခန့်နေပြီး မပျော်ဟုဆိုကာ ကျနော့်တူမှာ ရွာသို့ပြန်သွားခဲ့ပါသည်။ ကျနော်တို့သိ လိုက်သည်မှာ ယခုလို ပညာရေး ချွတ်ချုံကျသည့်ခေတ်တွင် တော နှင့် မြို့ ပညာရေးကွာဟမှုမှာ အလွန်ကို သိသိသာသာကြီး ကြီးမားနေကြောင်း ကျနော်တို့ ကောင်းစွာ သတိပြုမိခဲ့ကြပါသည်။

စာဖတ်သူများအနေဖြင့် ယခုစာကို ဖတ်ပြီ မည်သို့ခံစားရမည်ကို မသိပါ။ ယခု စာရေးနေသည့်အချိန်တွင် ကျနော်တွေးမိသည်က ကျနော့်တူ အကြောင်းမဟုတ်ပါ။ ကျနော့်တူ အခြေအနေထက် ဆိုးပြီး၊ ပညာသင်ချိန်မှာ ပညာမရှာနိုင်ဘဲ။ ချောင်းကြို၊ ချောင်းကြား၊ မြောင်းကြို၊ မြောင်းကြားမှာ တစ်နေ့စာ ဟင်းလျှာရဖို့ ငါးရှာ၊ ဖားရှာ ရှာနေရသော ကလေးများ၏ဘ၀၊ စာသင်ခန်းကိုကျောခိုင်းပြီး လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေကြရတဲ့ ကလေးတွေရဲ့ဘ၀၊ ကလေးဖြစ်ပါလျှက် လူကြီးတွေရဲ့တာဝန်၊ အိမ်ထောင် ဦးစီးတွေရဲ့ တာဝန်တွေကို မိဘတွေနဲ့အတူ ခွဲဝေယူကြရပြီး၊ မိုးထဲ၊ ရေထဲမှာ နွားနဲ့ ဖက်ရုန်းနေကြရဲ့ ကလေးတွေရဲ့ဘ၀၊ တောထဲ တောင်ထဲမှာ အသက်လုပြေးရင်းလွှားရင်း နေစရာဘုံပျောက်နေရတဲ့ ကလေးတွေရဲ့ဘ၀၊ ဘ၀တွေ ဘယ်လောက်များ အဓိပ္ပါယ်မဲ့နေလဲဆိုတာကို တွေးနေမိရင်းနဲု့ အာဏာရှင်လက်အောက်က ဘ၀များစွာထဲက ကျနော် လက်လှမ်းမီရာဘ၀အချို့အကြောင်းကို ဝေမျှလိုက်ရပါသည်။ကျော်သိင်္ခ။

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမှာပါ။    ။

                                                                                    လေးစားစွာဖြင့် တာတေကြီး။    ။

Discussion

kinott on 5/17/2009 says:

i can feel it and wanna write post like you.

well,i also wish like you...

83minlwin09 on 5/17/2009 says:

      ဒါတောမှန်တယ်ဗျာ

     ခံစားရတယ် ကိုတာတေရယ်

ာတေကြီး on 5/17/2009 says:

ကျနော့် ကို၊ကျနော်စာတွေကို အချိန်ပေးဖတ်ပီးနားလည်ပေးကြသူတွေ၊comment ပေးကြသူတွေကို ကျေးဇူတင်ပါတယ်။

လာရောက်အားပေးကြသော်ညားလည်း comment မပေးပဲ တိတ်တိတ်ကလေး ပြန်သွားသူတွေကိုလည်း ကျေးဇူးတင်ပါတယ်နော်.။

mayphyogyi on 5/21/2009 says:

ကိုတာတေကြီးကျန်းမာပါစေလို့

စာတွေလဲဒီထက်အများကြီးစိတ်ရှိသလောက်ရေးနိုင်ပါစေလို့

ဒါမှကျနော်တို့လဲဗဟုသုတအစုံသိရတယ်လေ.........

             စာဖတ်ဝါသနာအိုး.....hallinar

 

ronggint75 on 7/9/2009 says:

ဖတ်တယ် ဘလော့တော်တော်များများဖတ်ပါတယ်   တကယ့်အမှန်တရားတွေဆိုတာလဲသိတယ်          

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဘ၀ရှင်မင်းမတရားကြီး၏ “တံဆိပ်ခေ…   Return to blog   ဒီလိုပဲ ကြည့်နေလို့သာ၊ ပြီးမှာ… →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.