တာတေကြီးရဲ့ ရင်ခွဲမှူ။ ။ RSS Available

တာတေရဲ.စာများကို လာရောက်အားပေးသောသူများအားလည်းကောင်း၊ လာရောက်ဆဲရေးကြသူများအားလည်းကောင်း လှိုက်လှဲစွာ ကြိုဆိုပါ၏။ အားမနာတမ်းဆဲပေးကြပါခင်ဗျား။ ကျနော် မဟုတ်တာ မမှန်တာတွေတွေ့ လျှင် ပြောပြကြပါ။

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသို့ အိတ်ဖွင့်ပေးစာ

Posted on 6/8/2009 byာတေကြီး

သို့ ... စေတနာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရှင့် …

ကျေးဇူးတင်လွန်းလို့ ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက
တကယ့် စေတနာရှင်ကြီးပါပဲ။ ဗိုလ်ချုပ်မှူးကြီးကြောင့်သာ ကျမကို တကမ္ဘာလုံးက လူတွေ
သတိတရနဲ့ အာရုံစိုက်လာကြတာပါ။

တကယ်ဆို ကျမကို အားလုံးက မေ့နေကြပြီလေ။ အော်နေကြတဲ့သူတွေလည်း မောကြပြီ။
ဝတ္တရားမပျက် အော်ကြရင်း အသံတွေလည်း ဝင်ကုန်ပြီ။

ဒီကြားထဲ ကျမတို့ထက် အရေးကြီးတဲ့ နိုင်ငံတွေရဲ့ ကိစ္စတွေက ဟိုကပေါ်လာ ဒီက
ပေါ်လာနဲ့ ဆိုတော့ နိုင်ငံ တကာကလည်း “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူ့အိမ်ထဲမှာ သူ
အေးရာအေးကြောင်း နေနေရတဲ့ နိုဗဲလ် ဆုရှင်ပဲလေ။ တချက်တချက် ထအော်ပေးလိုက်
တော်ရောပေါ့၊ တခြား ပိုအရေးကြီးတဲ့ နိုင်ငံတွေ ရှိသေးတယ်” ဆိုပြီး
ကျမနဲ့ပတ်သက်တဲ့ ကိစ္စကို ပျင်းကုန်ကြပြီ မဟုတ်လား။

နိုင်ငံတကာမပြောနဲ့ ကျမတို့ နိုင်ငံထဲက လူတွေတောင် ကျမကို မေ့တေ့တေ့
ဖြစ်နေပါပြီလေ။ ကျမလည်း အိမ်ထဲ မှာ အကြာကြီးနေနေရတာ ပျင်းလှပြီ။ တနေ့တနေ့
ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ .. ဒီမျက်နှာ နှစ်ခုပဲ မြင်နေရ၊ ဒီပစ္စည်းတွေနဲ့ပဲ
ထိတွေ့နေရတာလည်း ညည်းငွေ့လှပြီ။

အဲဒီလိုကျမ ပျင်းနေ၊ ညည်းငွေ့နေတာကို ဗိုလ်ချုပ်မှူးကြီးက သိပုံပေါ်တယ်။ တကယ့်ကို
အမျှော်အမြင်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးပါပဲ။ ကျမကို လူတွေမေ့နေတာကို ကြည့်ပြီး
စိတ်မကောင်း ဖြစ်သွားတယ်ထင်တယ်၊ ရုတ်တရက် ကြီး တကယ့်ကို ရယ်စရာကောင်းတဲ့
လူတယောက်ကို ကျမဆီ လွှတ်လိုက်တဲ့ကိစ္စ .. တော်ရုံစဉ်းစားဥာဏ်နဲ့ ဘယ်သူက
တွေးမိမှာလဲ။ ဗိုလ်ချုပ်မှူးကြီးလို ဦးနှောက်ကောင်းတဲ့ သူမို့လို့ပေါ့။

ကျမတို့ ၃ ယောက်လုံး အိမ်ထဲမှာ ညည်းငွေ့နေကြတုန်း လူစိမ်းတယောက်ကို
လွှတ်လိုက်တော့ အရုပ်သစ်ရတဲ့ ကလေးတွေလိုပဲ ကျမတို့ ပျော်ကြတာပေါ့။ သူ့ခမျာလည်း
ရေသေကြီးထဲ မနည်းကူးလာရတာ ဆိုတော့ ကျမတို့ အားလုံး ရှိတာလေးတွေ ထုတ်ကျွေးကြရင်း
စကားပြောဖော် အသစ်တယောက် ရောက်လာသလို ဖြစ်သွားတာ ပေါ့လေ။

ဗိုလ်ချုပ်မှူးကြီးက ဒီလောက်နဲ့တင် မကျေနပ်ဘူး။ မစ္စတာယက်ထော
အိမ်ထဲဝင်တဲ့ကိစ္စကြောင့် “ကျမကို အကျယ်ချုပ်ရက် ထပ်တိုးတယ်” လို့ အာဏာသုံးပြီး
ပြောလိုက်လည်း ရရဲ့သားနဲ့ စေတနာဗရပွနဲ့ အလုပ်ရှုပ် ခံရှာတယ်။

“သြော် ကောင်မလေးခမျာ ပျင်းနေရှာတယ်၊ လူတွေနဲ့လည်း မတွေ့ရတာ ၆ နှစ်နီးပါး
ရှိနေရှာပြီ။ လူတွေနဲ့ တွေ့ရအောင် လုပ်ပေးဦးမှ” ဆိုပြီး ဗိုလ်ချုပ်မှူးကြီး
စဉ်းစားတယ် မဟုတ်လား။ အဲဒီလို စေတနာ ထားတာ။

လူနှစ်ယောက်ထဲနဲ့ နေခဲ့ရတဲ့ ကျမ .. ခုလို လူပေါင်းများစွာနဲ့ တွေ့လိုက်ရတာ
ဘယ်လောက် ပျော်လိုက်မလဲ စဉ်းစားသာကြည့်။ စကားတွေလည်း ပြောရသေးတယ်၊ ပြီးတော့
ကျမရဲ့ ရှေ့နေကြီးတွေဆိုလည်း တွေ့ရ ပါတော့မလား ထင်တာ ခုပြန်တွေ့ခွင့်၊
စကားပြောခွင့်ရတယ်။ ဘာပဲဖြစ်ဖြစ် ခုလို ကျမကို မပျင်းရအောင် ဒီလို အခြေအနေတွေ
ဖန်တီးပေးတာ ဗိုလ်ချုပ်မှူးကြီးကို ကျေးဇူးတင်ထိုက်တာပေါ့ မဟုတ်ဘူးလား။

နောက်တခုရှိသေးတယ် .. ဘယ်သူတွေက “တံခါးဖွင့် တရားစီရင်ရေးလုပ်ပါ” ဆိုပြီး
ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို .. လုပ်ချင်ရာလုပ်နေကျ ဗိုလ်ချုပ်မှူးကြီးရဲ့
ဉာဉ်အတိုင်း “မဖွင့်ဘူးကွာ ဒီတိုင်းစစ်” လို့ လုပ်လို့ရရဲ့သားနဲ့ စေတနာတွေ
ဝေဖြာပြီး သံတမန်တွေ၊ သတင်းထောက်တွေကို (ဟန်ပြပဲဖြစ်ဖြစ်) ဝင်ခွင့်
ပေးခိုင်းတာလည်း ကျေးဇူးတင်ရမှာပဲလေ။

အဲဒီတော့ ပွဲက ပိုဆူသွားတာပေါ့၊ အဲဒီမှာ နိုင်ငံတကာက ပိုအာရုံစိုက်လာတဲ့ အပြင်
ကျမရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေ ဆိုတာ နိုင်ငံတကာက မီဒီယာတွေ၊
ရုပ်သံတွေမှာ တင်းကြမ်းပြည့် ပါလာပြီး လူတွေကလည်း အန်တီစု၊ အမေစု၊ မမစု၊
ညီမလေးစု .. ဘာစု၊ ညာစုနဲ့ အုတ်အုတ်ကျက်ကျက် လုပ်ကုန်ကြရော မဟုတ်လား။

ကျမ ပြောနေကျ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စကို ထပ်ပြောခွင့်ရအောင်လည်း
ဗိုလ်ချုပ်မှူးကြီးက ဖန်တီး ပေးပြန်တယ်။ သံတမန် ၃ ယောက်နဲ့ အင်းစိန်ထောင်ထဲမှာ
စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲနော်။ ကျမလို
နေအိမ်အကျယ်ချုပ်ကျခံထားရပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ သူတယောက်အဖို့
ပိုတောင် မလွယ်သေး တယ်။

ကျမကို ၂ ပတ်လောက်အတွင်းမှာ တကမ္ဘာလုံးကလူတွေ အာရုံစိုက်လာအောင် လုပ်ပေးတဲ့
ဗိုလ်ချုပ်မှူးကြီးရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ ခုဆို ကျမအမှုတရားစီရင်ရေးက
၂၀၀၉ အတွက် အထူးခြားဆုံး တရားစီရင်မှု ဖြစ် သွားလောက်ပြီ။

ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးက တရုတ်နဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်တတ်တယ်
ထင်တယ်နော်။ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ရေးတာလည်းတော်တော် တော်တယ်။
ဗိုလ်ချုပ်မှူးကြီးသာ ရုပ်ရှင်ဝင်ရိုက်ရင် ဒါရိုက်တာ မောင်မျိုးမင်းတို့၊
စင်ရော် မောင်မောင်တို့တောင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။

ဗိုလ်ချုပ်မှူးကြီးကြိုက်တတ်တဲ့ ရုပ်ရှင် စကားနဲ့ပြောရရင်တော့ ဒီဇာတ်လမ်းမှာ
ဗိုလ်ချုပ်မှူးကြီးက ကျမကို မင်းသမီး တင်ပေးလိုက်တာပဲ။ နာမည်မြုပ်စ ပြုနေတဲ့
မင်းသမီးကို တကားတည်းနဲ့ နာမည်ပြန်ကြီးအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပဲ။
စိတ်မကောင်းစရာ အချက်က ဗိုလ်ချုပ်မှူးကြီးကတော့ လူကြမ်း ဖြစ်သွားတာ ပေါ့လေ။
ကျမကတော့ လူကြမ်းက နာနာရိုက်တာကိုခံရတဲ့ မင်းသမီးပေါ့။

ဇာတ်ထဲမှာ လူကြမ်းက မင်းသမီးကို နာနာနှက်လေ ပရိသတ်က မင်းသမီးကို ဂရုဏာသက်လေ၊
လူကြမ်းကို မုန်းလေ ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း စိတ်မညစ်ပါနဲ့
လူကြမ်းတွေလည်း အကယ်ဒမီတော့ ရနိုင်ပါသေးတယ်။ အံ့ကျော်ကြီးတို့
အောင်ခိုင်တို့တောင် အကယ်ဒမီ ရသေးတာပဲ။

ချီးကျူးစရာကောင်းတာ တချက်ရှိသေးတယ် .. ဗိုလ်ချုပ်မှူးကြီးတင်
ဇာတ်ညွှန်းရေးတော်တယ် ထင်တာ ဗိုလ်ချုပ်မှူးကြီးရဲ့ နောက်လိုက်နောက်ပါတွေကလည်း
စိတ်ကူးယဉ် ဝတ္ထုရေးတဲ့နေရာမှာ တော်တော် တော်ပါလား။ ဟောင်ကောင်က ကောင်စစ်ဝန်
ဦးရဲမြင့်အောင်က ကျမနဲ့ မစ္စတာ ယက်ထောက သမီး ရည်းစားတွေ လို့ ပြောတယ်တဲ့။
ကြည့်ရတာ အလွန်ဆွတ်ပျံ့ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း တပုဒ် ဖန်တီးချင်ပုံရတယ်။
ဒီလိုလူတွေရှိနေရဲ့သားနဲ့ မြန်မာ့ရုပ်ရှင် ကမ္ဘာကို ဘာလို့မလွှမ်းသလဲ
စဉ်းစားမရဘူး။ သူ့ခမျာလည်း သူ့ ပါပါ ဗိုလ်ချုပ်မှူးကြီး သူ့ကို မေ့နေမှာစိုးလို့
ထအော်ပေးတာ ထင်ပါရဲ့။ သတိရကြောင်းလေး စာလှမ်းရေးလိုက်ပါဦး။

ဗိုလ်ချုပ်မှူးကြီးအတွက် နောက်ထပ် စိတ်မကောင်းဖြစ်မိတာတခု ရှိသေတယ်။ ၂၀၁၀
ရွေးကောက်ပွဲမှာ NLD သာ ဝင်အရွေးခံရင် ၁၉၉၀ ရွေးကောက်ပွဲလို မဲအပြတ်အသတ်နဲ့
နိုင်ဦးတော့မှာ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်ချုပ်မှူး ကြီးက လုပ်ပေးလိုက်တာပါ။
နှစ် ၂၀ လုံးလုံး မနည်းကို ကျားကန်ထားရတဲ့ NLD ပါတီက ဗိုလ်ချုပ်မှူးကြီး လုပ်ပေး
လိုက်တာနဲ့ မေ့နေတဲ့သူတွေ သတိပြန်ရ၊ လုံးဝမသိသေးတဲ့သူတွေလည်း သိလာကြနဲ့ လူတွေ
တော်တော် အာရုံစိုက်လာတာ ခံနေရပြီ။ ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျေးဇူးကြောင့်ပဲ။

ဗိုလ်ချုပ်မှူးကြီးက ဒါရိုက်တာလုပ်တာ၊ ဇာတ်ညွှန်းရေးတာတင် တော်တာမဟုတ်ဘူး
ပရိုမိုးရှင်းလုပ်တဲ့ နေရာ မှာလည်း တော်တော် တော်တာပဲ။ ကျမကတော့
ဗိုလ်ချုပ်မှူးကြီးကို လစာကောင်းကောင်းပေးပြီး ကျမပါတီကို လူပိုသိအောင်၊
နာမည်တက်အောင် လုပ်ပေးတဲ့ ကိုယ်စားလှယ် (PR) ခန့်ချင်လာပြီ။

စဉ်းစားကြည့်တော့ ဗိုလ်ချုပ်မှူးကြီးက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ၊
လူကြမ်းအဖြစ်ခံပြီး ကျမနဲ့ ကျမရဲ့ပါတီကို ကမ္ဘာက ပိုသိအောင် နာမည်တက်အောင်
လုပ်ပေးလိုက်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပဲ နိုင်ဦးမှာ ဆိုတော့ ခုကတည်းက
ဗိုလ်ချုပ်မှူးကြီးတို့လို လူတော်တွေ မွေးထားဖို့ လိုတယ်လေ။ ဆက်သွယ်ဖို့
မမေ့နဲ့နော်..။ လစာ ကောင်းကောင်း ပေးမှာပါ။     ။

ကျေးဇူးတင်စွာဖြင့် …
အောင်ဆန်းစုကြည်
ခေတ္တ အင်းစိန်ထောင်

*မှတ်ချက်။     ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စာရေးသည့်
သဘော စိတ်ကူး ပုံဖော်ကာ သရော်စာအဖြစ် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။*

Read article   Discuss [2]

ဘယ်သူမှမကြောက်လို့ မိုက်နေတာပါဆို။ကျုပ်တို့  လူမျိုးတွေ မပါဘဲ ကု လ က ဘာမှမကူညီနှိုင်ပါ။ အိုဘားမား တောင်းပေးလည်း တောင်းတောင်းပါဘဲ။လေကို လေနဲ့ပဲ ရှင်းကြပါသည်။ လက်မပါက အလုပ်မပြီးပါကြောင်း။

Posted on 5/28/2009 byာတေကြီး

ကြာသပတေးနေ့၊ မေလ 28 2009 11:36 - မြန်မာစံတော်ချိန်



ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်မှု ရရှိရေးအတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို စစ်အစိုးရက လစ်လျူရှုလိုက်ပြီး ရွေးကောက်ပွဲ လုပ်မည်ဟုသာ တုံ့ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ထားမှု ဖြစ်ပွားပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည့်အပေါ် နေပြည်တော်က တုံ့ပြန်ချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားရာ လူထုလူတန်းစား အသီးသီး ပါဝင်ရေးဆွဲသော အခြေခံဥပဒေ တရပ်ရှိနေပြီး ဆက်လက်၍ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်သည်ဟု ပြောထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံ ဆွေးနွေးရေးအတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီးပြီး ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ပါရှိသည်။

သို့သော် နအဖစစ် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် တရားဥပဒေ စိုးမိုးရေး လုပ်ငန်း တရပ်သာဖြစ်ပြီး နိုင်ငံရေးအရ အကျိုးသက်ရောက်မှု တစုံတရာ မရှိနိုင်ကြောင်း စစ်အစိုးရက ပြောဆိုလိုက်သည်။

စစ်အစိုးရက လူထုလူတန်းစား အသီးသီးမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်ဖြင့် အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံမှု ပေးခဲ့သည်။ ထို့ကြောင့် လမ်းပြမြေပုံ၏ နောက်တဆင့်အရ ရွေးကောက်ပွဲကို ပြုလုပ်မှာ ဖြစ်သည်ဟု ဆိုသည်။

Read article   Add Comment

ကျနော်သိသမျှပါခင်ဗျ။ ။

Posted on 5/28/2009 byာတေကြီး

 ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်အပြီး ဒုတိယမြောက်နေ့ဖြစ်သည့် ယမန်နေ့က တရားရုံးတော်သို့ သူမ ကိုယ်တိုင် ရေးသား တင်သွင်းခဲ့သည့် လျှောက်လဲစာအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ သိရှိရန်အတွက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

''မနေ့က ဒေါ်စုက တရားသူကြီးကို တင်တာ။ ကျနော်တို့က မနေ့က ဒါကို အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာသင့်သလား၊ မကြေညာသင့်သလားဆိုတာ ဥပဒေ ပညာရှင်များနဲ့ တိုင်ပင်ကြတယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ တိုင်ပင်ကြည့်တော့ ဒါဟာ အများပြည်သူ သိသင့်တယ်ဆိုပြီးတော့ ဆုံးဖြတ်တဲ့အတိုင်း အစအဆုံး မူရင်းအတိုင်း ကြေညာလိုက်တာ ဖြစ်ပါတယ်'' ဟု အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။  

မဇ္ဈိမသတင်းထောက် နန်းဒေဝီကို ဦးအုန်းကြိုင်က ဖတ်ကြားပြသည့်အတိုင်း ဖော်ပြလိုက်ပါသည်။  

-----------------------------------

ကြေညာချက်အမှတ် - ၁၄၊ ၀၅၊ ဝ၉

၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက်

၁၃၇၁ ခုနှစ်၊ နယုန်လဆန်း ၄ ရက်  


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား စွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှု ဥပဒေပုဒ်မ ၂၅၆ အရ တရားရုံးသို့ ရေးသားတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။  

(က) - ၁ ။ ။ အထက်အမည်ပါ အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်၎င်း၊ ထိုသို့ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီခဲ့ကြသော ဒေါ်ခင်ခင်ဝင်း (အဖ ဦးတင်အုံး) ဒေါ်ဝင်းမမ (အဖ ဦးဉာဏ်လင်း) နှင့် John William Yettaw တို့ သုံးဦးတို့အား ယင်း ဥပဒေပုဒ်မ ၂၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အရ၎င်း၊ အမှုဖွင့်အရေးယူပေးပါရန် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းအောင်က ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ၁၁ ရက်၊ ၅ လ၊ ၂ဝဝ၉ ခုနှစ်တွင် တိုင်ကြားခဲ့သော အမှု ဖြစ်ပါသည်။   

၂ ။ ။ မစ္စတာ ဂျွန်ဝီလျံယက်တောသည် ကျမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိခဲ့သော ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော ၃ဝ ရက်၊ ၁၁ လ၊ ၂၀၀၈ နေ့တွင် ရောက်ရှိခဲ့ခြင်းသည် ကျမနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှတဆင့် ကြားသိရပါသည်။ ၄ ရက်၊ ၁၂ လ၊ ၂၀၀၈ ခုနှစ်တွင် ဆေးစစ်ရန် ရောက်ရှိလာသူ ဒေါက်တာ တင်မျိုးဝင်းထံမှတဆင့် ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပို့ခဲ့ပါသည်။ အာဏာပိုင်များက အဆိုပါ ကိစ္စအတွက် ကျမတို့ထံသို့ စုံစမ်းမေးမြန်းခြင်း မပြုလုပ်ခဲ့ကြပါ။ အရေးယူဆောင်ရွက်သည်ဟူသည် ကြားသိရခြင်း မရှိပါ။ ဤကဲ့သို့ ခြံဝင်းအတွင်း လူဝင်ရောက်သည့် ကိစ္စများတွင် အာဏာပိုင်များထံ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးမှုခြင်း မရှိပါ။ ဒုတိယအကြိမ် မစ္စတာဂျွန်ဝီလျံယက်တော ရောက်ရှိခဲ့ခြင်းကို ၄ ရက်၊ ၅ လ ၂၀၀၉ နံနက်ပိုင်းတွင်မှ တွေ့ရှိရပါသည်။ ကျမက ပြန်ထွက်သွားရန် ပြောကြားခဲ့ပါသည်။ မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျှင် ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်သောအခါ ပြန်ပါမည်ဟု ပြောပါသည်။ သို့သော် ညရောက်သောအခါ ကျန်းမာရေးအခြေအနေအရ ၁ ညအိပ်ခွင့်ပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။   

၃ ။ ။ ယခုအချိန်တွင် များစွာသော ကျမ၏ နိုင်ငံရေး လုပ်ဘော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှုနှင့် သက်ညှာမှုတို့ကို မခံရစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျမအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး အချုပ်အနှောင်ခံရစေရန် တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခိုလှုံခွင့်တောင်းသည်ကို ခေတ္တ ခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။  

၎ ။ ။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည်၊ ၎င်း၏ ရည်ရွယ်ချက်များ မည်သို့မည်ပုံ ဖြစ်သည်မှာ ကျမအတွက် အရေးမပါပါ။ ကျမ၏ နိုင်ငံရေး ခံယူချက်အရသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ လစဉ်ဆေးစစ်ရန် ၇ ရက်၊ ၅ လ၊ ၂ဝဝ၉ နေ့တွင် ဒေါက်တာတင်မျိုးဝင်း လာသောအခါ ၎င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် ၇ ရက်၊ ၅ လ၊ ၂၀၀၉ နေ့တွင် ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ဝင်ခွင့် မရခဲ့ပါ။   

၅ ။ ။ ကျမသည် နိုဝင်ဘာလ ၃ဝ ရက်နေ့ အဖြစ်အပျက်နှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ရာတွင် ကြီးသည့်အမှုကို ငယ်စေရန်နှင့် ငယ်သည့်အမှု ပပျောက်စေရန်နှင့် ခြံအတွင်းသို့ ဝင်ရောက်ခဲ့သူအား၎င်း၊ ခြံလုံခြုံရေးကို ယူထားရသော တပ်သားများအား၎င်း မလိုအပ်ဘဲ မထိခိုက်စေလိုသော  ဆန္ဒဖြင့် ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ဆောင်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်း တစုံတရာ မပြုလုပ်ခဲ့သောကြောင့် ၎င်းတို့သည် ကျမ၏ လုပ်ရပ်ကို လက်ခံသဘောတူသည်ဟု ထင်မြင်ရပါသည်။ တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျမ၏ နေအိမ်ခြံဝင်း လုံခြုံရေးအတွက် အာဏာပိုင်နှင့် ကျမတို့ ပူးတွဲတာဝန်ရှိပါသည်ဟု ထွက်ဆိုခဲ့ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝ မမှန်ကန်ပါ။   

၆ ။ ။ ကျမအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟု စွပ်စွဲထားပါသည်။   

က - ယခု ရုံးရှေ့ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ၊ သက်သေခံ ဆက်လက် တားဆီးမိန့်များအရ စည်းကမ်းချက်များကို ကျမက ဖောက်ဖျက်ခြင်း မရှိကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။   

ခ - ကန့်သတ်မိန့်မှာ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မူလအခွင့်အရေးကို ကန့်သတ်မှု သို့မဟုတ် ရုပ်သိမ်းမှုဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့ကြပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ်၊ စစ်တပ် အာဏာသိမ်းသည့် နေ့မှစ၍ အာဏာတည်ခြင်းမရှိ၊ ပြိုကျပျက်စီးသွားပြီ ဖြစ်ပါသည်။ အာဏာတည်ခြင်း မရှိသည့် ဥပဒေ၏ ပုဒ်မများအရ ကန့်သတ်အမိန့်မှာလည်း တရားဝင်မှု မရှိပါ။   

၇ ။ ။ ယခု အမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းအရင်းမှာ လုံခြုံမှု၊ လုံခြုံရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေး ဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်ထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူမှုခြင်း မရှိဘဲ၊ ကျမကိုသာ အရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။   

၈ ။ ။ ကျမသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်း မရှိကြောင်း ကျမ၏ တင်ပြချက်ကို တင်သွင်းပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်။   

Read article   Add Comment

ကျောက်မဲက“ ကူညီပါ၇စေ ”တဲ့ ။ ။

Posted on 5/23/2009 byာတေကြီး

နအဖ လက်အောက်ခံ ရဲတွေ ရဲ့ ပြည်သူတွေကို ကူညီပုံလေးပါ။

ကျနော့် ထံ ရောက်လာတဲ့ မေး တစ်စောင်ကို ဖော်ပြပေးလိုက်ပါတယ်။

 လွန်ခဲ့တဲ့(၆)ရက်လောက်ည(၁၂၀၀)နာရီကျော်ကျော်ကလေးမှာအသက်(၃၀)ကျော်ကျော်ကောင်လေးတစ်ယောက်ဆိုင်ကယ်ကိုကျောက်မဲမြို့၊အောင်ဆန်းလမ်းအတိုင်းစီးခဲ့တာ

လမ်းဘေးမှာစည်းကမ်းမဲ့ရပ်ထားတဲ့ကားနဲ့ဝင်တိုက်မိတော့သတိလစ်သွားတယ်။ဒါကိုမြို့နယ်ရဲစခန်းကကားပိုင်ရှင်များကိုဘာမှမလုပ်ဘဲ

ဒုရဲအုပ်မျိုးလွင်ဆိုတဲ့ရဲကသတိလစ်နေတဲ့အိုက်စိုးကိုအချုပ်ထဲထည့်လိုက်တယ်။

နောက်တစ်နေ့ညနေမှသူ့အိမ်ကသိတာနဲ့အချုပ်ကနေသွားထုတ်တော့အဲဒီဒုရဲအုပ်မျိုးလွင်ဆိုသူကို

ငွေကျပ်(၅၀၀၀၀)ပေးလိုက်ရတယ်။

ဒါ့အပြင်နောင်ဒီအမှုနဲ့ပတ်သက်ပြီးဘာမှပြသနာမလုပ်ပါဘူးလို့လက်မှတ်ထိုးပေးလိုက်ရပါတယ်။

အဲဒီလိုမထိုးပေးရင်တရားခံအဖြစ်တရားစွဲဆိုမယ်လို့ပြောတာနဲ့လက်မှတ်ထိုးပြီးထုတ်လာတော့အိုက်စိုးခင်ဗျာမှာ

အဲဒီအချိန်အထိသတိမရရှာသေးရှာဘူး။

သူ့ကိုရဲစခန်းကနေအိမ်ကိုခေါ်အလာအိမ်လဲရောက်ရောအသက်ထွက်သွားပါလေရောတဲ့ဗျာ။

ကဲစဉ်းစားစမ်းပါ။ဘယ်မှာလဲပြည်သူ့ရဲ။ဘယ်မှာလဲပြည်သူ့အတွက်တရားဥပဒေ။

ကားပိုင်ရှင်ကတော့ငွေဘယ်လောက်လာဘ်ထိုးလိုက်တယ်မသိဘူးဗျာ။

ဆင်းရဲတဲ့အိုက်စိုးခင်ဗျာမှာတော့အသက်လည်းသေ။ရဲကိုငွေငါးသောင်းပေးပြီးမှသေရတာ ရဲတွေကလည်းဒီလောက်ဖြစ်နေတဲ့ကောင်ကိုဘာလို့ဆေးရုံမတင်တာလဲ။ဘာလို့အချုပ်ထဲကိုထည့်ရတာလဲ။

ဖြစ်နိုင်ရင်ဒါကိုအစ်ကိုကကူညီပြီးBBCကိုပို့ပေးပါဦးဗျာ။အကူအညီတောင်းတာပါ။ကျွန်တော်လည်းဘေးကနေကြည့်မနေနိုင်တော့တာနဲ့ပါ။

Read article   Add Comment

မလေး မှာနော်ဗျာ။

Posted on 5/23/2009 byာတေကြီး

မြန်မာဆန်ဆန် ဖြူဖြူချောချာ မိန်းကလေးတယောက် မလေး ( မမလေး )၊ကြားနေကြပုံပြင်လေးပဲလို. မထင်လိုက်ကြပါနဲ့ ။

လုပ်ကြံရေးသား ....ကြားနေကြပုံပြင်လေးပဲလို. လည်းမထင်လိုက်ကြပါနဲ့ ။

ဒါတကယ့် သတင်းပါ။

မလေးရှားမြန်မာ သံရုံးအကြောင်းလေ့လာနေသူ တစ်ဦး (မလေးရှား)။ကနေ ရေးသားတင်ဆက်ထားခြင်းဖြစ်ကြောင်း။


မလေးရှားနိုင်ငံမှာ မြန်မာပြည်မှ တရားဝင်အလုပ်သမား မြောက်များစွာလာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့  ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကို အဓိက အားထားနေရပြီး၊ တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင် အတော်လေး အဆင်ပြေသော အလုပ်လို့ ပြောလို့ ရပါတယ်။ အဲဒီ ၉၀၀-၁၀၀၀ ထဲကမှ လဲဗီးကြေး တစ်လကို ၁၅၀-၂၀၀ လောက်နုတ်ရပါသေးတယ်။ ပြီးတော့ နေ့ စဉ် စားသောက်စရိတ် ချိုးခြံချွေတာစားမယ်ဆိုလျှင် တစ်လကို ၁၅၀-၂၀၀လောက်တော့ ကုန်ပါတယ်။

ဒါတောင် ဆေးလိပ်၊ ကွမ်းယာ၊ အခြေခံလိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူစရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါတယ်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာစီးပွားရှာနေသောသူများ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးမှ သတင်းပေးပို့ ခဲ့ပါတယ်။

သံရုံးအတွင်း၌ဖြစ်ပေါ်နေသော မသမာစီးပွားရေးသမားတစ်စုမှာ မြန်မာနိုင်ငံကူးလက်မှတ်ကို သံရုံးကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက်တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်း၌ မသမာစီးပွားရှာသူများ (ပွဲစားများ) ထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါတယ်။ သို့ သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀သာ ပိုပေးရပါတယ်။

ဒါ့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ ပိုပေးလိုက်ရုံပါပဲ။ တရားဝင်သက်တမ်းတိုးကြေးမှာ ရင်းဂစ် ၆၀၀ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်းတိုးပြီးသား စာအုပ်ကို ရရှိနိုင်ပါတယ်။ အကယ်၍ Passport စာအုပ်ပျောက်ဆုံးလို့ အသစ်ပြန်လျှောက်မည်ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။ စာအုပ်ပျောက်ဆုံးလျှောက်ထားချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်ယောက်၊ တစ်စောင်လျှင် ၅၀ပေးရပါတယ်။ ထို့ အပြင် စာအုပ်စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လျှောက်လျှင် ၁ပတ်မှ ၂ပတ်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ပွဲစားများထံတွင် နေ့ ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ် ၇၀၀ တိတိ ပိုပေးရပါတယ်။ သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ ဟု သတ်မှတ်ထားသဖြင့် ပွဲစားများအား စာအုပ်အမြန်ရလိုသူများက ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့ တွင်းချင်း ရရှိနိုင်ပါတယ်။

ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး၊ အဆိုပါ ပွဲစားများတွင်တမျိုး နှစ်မျိုးဖြစ်နေရခြင်းမှာ ဘာကြောင့်ဖြစ်နေသလဲဆိုတာ လူတိုင်းတွေးဆကြည့်နိုင်ပါလိမ့်မည်။

ထိုကိစ္စများကို ဆောင်ရွက်ပေးနေသော သူများ၏ အမည်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။ ထိုပွဲစားများမှာ သန်းနိုင်၊ မင်းအောင်၊ ထွန်းထွန်း၊ တင်အောင်မိုး၊ အောင်မြတ်၊ တင်စိုး၊ ထွန်းခိုင်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်များမှာ သပုပ်လေလွင့် အပုတ်ချပြောဆိုခြင်းမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ အရုပ်ဆိုး အကျည်းတန်လှတဲ့ ကိစ္စများ သံရုံးကောင်တာအတွင်း၌ ဖြစ်ပေါ်နေခြင်းကို သံရုံးအကြီးအကဲများ မသိနိုင်စရာ မရှိဟု ယုံကြည်ပါတယ်။

သံရုံးရောက်ဖူးသူတိုင်းလဲ သိကြပါတယ်။ ဒါ့အပြင် ထိုပွဲစားများမှာ နေ့ စဉ်ကိစ္စအ၀၀ကို လာရောက်ဆောင်ရွက်ကြသူများနှင့် စကားမပြောချင်လဲ အတင်းဝင်ရောပြောဆိုပြီး အလုပ်ကိစ္စများကို ဖျားရောင်းသွေးဆောင်ပြီး "ဆောင်ရွက်ပေးမယ်။ ဘယ်လောက်ကျမယ်။ သူတို့ ကိုမယုံလျှင် အမြဲလာခဲ့ပါ ဒီသံရုံးထဲမှာ အမြဲရှိတယ်"လို့ ပြောပါသေးတယ်။ ဘာကြောင့်များ စီးပွားရှာသူတွေကို ဒီလိုမြန်မာသံရုံးမှာ တွေ့ နေရတာ စဉ်းစားစရာပါ။ ထိုကိစ္စရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခုပါ သိစေချင်ပါတယ်။

မြန်မာအလုပ်သမားပေါင်း ၃၀၀ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှားချပေးထားသော အလုပ်သမားများထဲမှ စာအုပ်သက်တမ်းတိုးဖို့ လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့ လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင်သက်တမ်းတိုးကြေးအပြင် ၀န်ဆောင်ခအတွက် ရင်းဂစ် ၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်းခံရကြောင်းသိရပါတယ်။ ဘာကြောင့်အဖြတ်ခံရတာလဲ ရင်းဂစ် ၃၀၀ ကြီးများတောင်လို့ မေးတဲ့အခါ သံရုံးကောင်တာမှ လူမပါလျှင် ကိုယ်စားလာလုပ်လို့ မရဘူးလို့ မင်းတို့ သံရုံးက ပြောကြောင်း ဒါပေမဲ့ သူတို့ သံရုံးထဲမှာရှိသော ပွဲစားများနှင့် လုပ်လျှင်ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက်ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထိုကုပ္မဏီမှ လိုက်လံဆောင်ရွက်ပေးသူ မလေးတရုတ်က ပြောသွားပါတယ်ဟု သိရှိရပါတယ်။

ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ အဆင်မပြေလှသော ဘ၀များဖြင့်နေထိုင်နေရသော မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသောနည်းလမ်းများဖြင့် စီးပွားရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲများမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသလဲ။ စဉ်းစားစရာ အလွန်ကောင်းလှပါတယ်။ အကြီးအကဲများကိုယ်တိုင် ဆောင်ရွက်လျှင် နာမည်ပျက်မှာ စိုး၍ ထိုပွဲစားများမှာ သံရုံးရှိအကြီးအကဲများ၏ ပြယုဂ်သာ ဖြစ်နိုင်ကြောင်း။ ထို့ အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ်အမြန်ထုတ် ၅၀၀၊ အခွန်မဆောင်လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ ပုံမှန်အားဖြင့် ရုံးအတွင်းတွင် ထိုကဲ့သို့ အတိအလင်း ဆောင်ရွက်နေခြင်းမှာ သံရုံးရှိ အကြီးအကဲများ မသိနိုင်စရာမရှိခြင်း၊ ၀န်ထမ်းများက အခြားသော ပွဲစားများ (ပြင်ပမှ) လာရောက်ဆောင်ရွက်ပေးလျှင် ပွဲစားလက်မခံဘူးဟု ပြောဆိုမောင်းထုတ်သော်လည်း ရုံးအတွင်းရှိ ပွဲစားများမှာ မည်သည့်ကိစ္စမဆို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်းများကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဖြစ်အပျက်မှန်များကို အများပြည်သူ သိရှိစေချင်တဲ့ ဆန္ဒအမှန်ဖြင့် သံရုံးသို့ တစေ့တစောင်းလေ့လာမိသူတစ်ဦးမှ အမှန်ကို ဖော်ထုတ်လိုက်ပါတယ်။

မလေးရှားမြန်မာ သံရုံးအကြောင်းလေ့လာနေသူ တစ်ဦး (မလေးရှား)။

Read article   Add Comment

ကိုနစ်ဆီမှ နောက်ဆုံးရသတင်းများ

Posted on 5/22/2009 byာတေကြီး

ဒီနေ့  မိုးရွာတာကြောင့် အင်းစိန်ကို လာရောက်ကြည့်ရှူကြသူတွေ ယမန်နေ့ များထက် နည်းပါးတာ တွေ့ ရပါတယ်။ လာတဲ့သူတွေထဲမှာ သန်လျင်ကလည်း လာရောက်သူများ ရှိကြောင်း သိရပါတယ်။

အင်းစိန်ဈေး ပတ်ဝန်းကျင်က အင်တာနက်ဆိုင်များကို နအဖမှ ပိတ်ထားခဲ့ခိုင်းကြောင်း သိရပါတယ်။

နေ့ လည် ဆယ့် တစ်နာရီခွဲလောက်က အင်းစိန်ဈေးရှေ့ ပိတ်ထားတဲ့ လမ်းနားက ဆိုက်ကားဂိတ်က ဆိုက်ကားသမားတယောက်က "ခွေးသူတောင်းစားတွေ" နအဖလက်ပါးစေတွေကို ဆိုပြီး ပတ်ဆဲနေပါတယ်။

အဆိုပါ ဆိုက်ကားသမားက ရဲတွေရှေ့ မှာကို ဆဲတာပါ။ ရဲတွေက သူတို့ ကို အော်ဆဲနေမှန်း သိပေမယ့် မသိချင်ယောင်ဆောင်နေပါတယ်။

အဆိုပါ ဆိုက်ကားသမား ပြောတာကတော့ - သူတို့  (နအဖလက်ပါးစေတွေ) ထစ်ကနဲရှိ ဟိုပိတ်ဒီပိတ် လမ်းပိတ်တာတွေ လုပ်နေတယ်။ ငါတို့ ကတော့ ထမင်းတလုတ်စားရဖို့  ဆိုက်ကားကို လမ်းတွေအဝေးကြီး ပတ်နင်းနေရတယ်ဆိုပြီး ဗြောင်ကြီး အော်ဆဲနေတာ ဖြစ်ပါတယ်။

ဒီနေ့ မိုးရွာတဲ့အတွက် အင်းစိန်ရှေ့  သွားရောက်ကြသူတွေမှာ အမိုးအကာ မပါကြလို့  ပြည်သူအချို့ က ထီးတွေ ထွက်ပေးကြပါတယ်။ အသက်အရွယ်ကြီးသူတွေကို ဦးစားပေးကြပါတယ်။ ကြာဇံကျော်များလည်း ကျွေးကြပါတယ်။ ပြည်သူတွေရဲ့  အားပေးမှုပါ။

ဒီနေ့  မိုးရွာနေတာတောင် မိုးရေထဲမှာ ထီးကိုယ်စီနဲ့ ၊ အချို့ က ထီးတောင် မပါဘဲ ဒီအတိုင်း ဇွဲကောင်းကောင်းနဲ့ ရပ်စောင့် နေကြတာ အင်မတန် လေးစားစရာပါဘဲ။

အရင်ရက်တွေက နေသာလို့  မသိသာပေမယ့် ဒီနေ့ လို မိုးတအားရွာချနေတဲ့ အချိန်မှာ ဘယ်သူမှ ပြန်ဖို့ စိတ်မကူးကြဘူး။ အသက်အရွယ်ကြီးတဲ့သူတွေလည်း မိုးစိုစို ချမ်းချမ်းစီးစီးနဲ့  နေကြတာ။

တနင်္လာနေ့  ရုံးချိန်းထားပါတယ်။ ဒီနေ့  မိုးရွာထဲ စိုစွတ်ချမ်းအေးနေတဲ့ကြားထဲက တစ်နေကုန် သွားရောက်နေခဲ့ကြတဲ့ အသက်အရွယ်ကြီးသူများကို ကြည့်ပြီး ကျန်တဲ့သူတွေအနေနဲ့  နောက်နေ့ တွေမှာ သွားရောက်အားပေးကြစေလိုပါတယ်။

ယနေ့  အထူးတရားရုံးတွင်း အခြေအနေ။

အထူးတရားရုံး အခြေအနေနဲ့  ပတ်သက်ပြီး ဆက်ပြောရရင် ယခင်နေ့ များက သက်သေ (၂၂) ဘဲ သတ်မှတ်ထားရှိခဲ့တာပါ။ ဒီနေ့ ကြတော့ နအဖက သက်သေတစ်ယောက်ထပ်တိုးပါတယ်။ လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှုး ၀င်းနိုင်ထွန်း ဆိုသူပါ။ ဒါကြောင့် ဒီနေ့ မှာ သက်သေ စုစုပေါင်း (၂၃) ဦး ဖြစ်သွားပါတယ်။

ဒီလို နအဖဘက်ကနေ ချက်ချင်းဘဲ လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှုး ၀င်းနိုင်ထွန်း ဆိုသူကို သက်သေထပ်ထည့်တာနဲ့  ပတ်သက်ပြီး၊ ရှေ့ နေတွေက နအဖဘက်က အရင်ကတည်း ပေးထားတဲ့ (၂၂) ယောက်ထဲမှာ သူ မပါဖူးဆိုပြီး မေးခွန်းထုတ်ပါတယ်။ တရားရုံးက စာရွက်မှာကျတော့ နောက်ဆက်တွဲစာရင်းမှာ သူတစ်ယောက်ထဲ ပါတယ်ဆိုပြီး လုပ်ချလိုက်ပါတယ်။

ဒီနေ့ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် နေ့လည်ကျမှ ရောက်လာပါတယ်။ နေ့ လည် (၁) နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းပါတယ်။

မနက်ပိုင်းမှာ ၀ီလီယန်ယက်တောကို စစ်ပါတယ်။ ၀ီလီယန်ယက်တောကို စည်ပင်က မေးပါတယ်။ ဘာလို့ အင်းယားကန်မှာ ရေကူးရတာလည်းဆိုတာ မေးပါတယ်။ ၀ီလီယန်ယက်တောက သူရေထဲမှာ လမ်းမလျှောက်တက်လို့ ရေကူးရတာပါလို့  ပြန်ဖြေပါတယ်။

နောက်ပြီး ၀ီလီယန်ယက်တောက သူ့ကို မစစ်ခင်အချိန်မှာ၊နောက်ဘက်ကို လှည့်ပြီး သူဖာသာ သူပြောနေတာတွေ ကြားတွေ့ ရပါတယ်။ သူပြောဆိုရေရွတ်နေတာ “ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူး” လို့ သူပြောနေတာပါ။

တရားရုံးက (၁၅) မိနစ်လောက်နားမယ်ဆိုပြီ သတ်မှတ်လိုက်ပေမယ့် (၄၅) မိနစ်လောက်ကြာမှ ပြန်စပါတယ်။ တရားရုံး ပြန်စတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေကို ဘာမှ ကြိုတင်မပြောထားဘဲ သက်သေ တောင်းတာလုပ်ပါတယ်။ နောက်တစ်ခါ ရုံးချိန်းကျမှ တင်မယ်လို့ ပြောခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိပါဘူးလို့  ပြောပါတယ်။ ဘာလို့လည်းဆိုတော့
သူဟာ ဘာအပြစ်မှ မကျူးလွန်တာကြောင့်ဆိုတာ ပြောပါတယ်။ ဒီအမှုနဲ့ ပက်သက်ပြီး ဆက်ပြောတာက - (၁) အချက်က သူဟာ ၀ီလီယန်ယက်တောကို လက်ခံတာ လူလူချင်းစာနာလို့ ဖြစ်ကြောင်း။ (၂) အချက်က သူ့ကြောင့် တခြားလူတွေ ဒုက္ခရောက်မှာစိုးလို့ မလုပ်ချင်လို့ပါလို့  ပြောပါတယ်။ သူကြောင့် ၀ီလီယန်ယက်တောရယ် တာဝန်ကျနေကြတဲ့ လုံခြုံရေးတွေရယ် ထိခိုက်မှာ စိုးလို့ပါလို့  ပြောပါတယ်။

လာမယ့် ရှေ့ အပါတ် တနလာင်္နေ့ကို အထူးတရားရုံးက ရုံးပြန်ချိန်းပါတယ်။ စစ်ဆေးမေးမြန်းပြီးတဲ့အထဲက (၅) ယောက်ကိုပါ ပြန်လည်စစ်ဆေးမေးမြန်းမယ်လို့  သိရပါတယ်။ သက်သေ (၂၃) ဦးမှာ (၁၃) ယောက်ကို စစ်ဆေးမေးမြန်းပြီးကြောင်း သိရှိရပါတယ်။

(ပြောပြပေးလာသူများအားလုံးအား နစ်နေမန်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း ဤနေရာကနေ မှတ်တမ်းတင် ပြောကြားလိုပါတယ်)။

Read article   Add Comment

ဒေါ်အောင်ဆန်းစုကြည် သံတမန်များနှင့် တွေစုံသတင်း MRTV မှာပြသ

Posted on 5/22/2009 byာတေကြီး

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်မြင် သံကြားက ထုတ်လွှင့် ပေးသည့် အတွက် ရန်ကုန်မြို့ခံများက အတိုင်းထက် အလွန် ကျေနပ်လျက် ရှိကြောင်း သိရသည်။ ပြည်တွင်းမှ ဂီတစာဆိုတဦးက “တည်ကြည် လိုက်တဲ့ ရုပ်ရည်၊ ကြည်လင်လိုက်တဲ့ မျက်နှာဗျာ။ ဒီ အမျိုးသမီးက သူ့စိတ်ထဲမှာ ဥပေက္ခာ တရားတွေ နှလုံးသွင်းထား ပုံပေါ်တယ်။ ပြီးတော့ ဒီစစ်အစိုးရကို လုံးဝ မတုန်လှုပ်ဘူး ဆိုတဲ့ ပုံပေါ်တယ်။ သူ့ကို အခုအချိန်မှာ ရုပ်မြင် သံကြားက ပြသလို့ လူတွေရဲ့ စိတ်မှာ ကြည်လင် အေးမြမှု တခုရတယ်ဗျ” ဟု ပြောသည်။ YCDC (ရန်ကုန်စည်ပင်) ၏ အငြိမ်းစား ဗိုလ်မှူး တဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို (၁၀) နှစ်ကျော် မတွေ့ မမြင်ခဲ့ရဘဲ ယခုကဲ့သို့ ရုပ်မြင် သံကြားပေါ်မှာ တွေ့လိုက်ရသည့် အတွက် အတိုင်းထက် အလွန် ၀မ်းသာ ကြည်နူးမိ ကြောင်း ပြောသည်။ “သူ့ကို အစိုးရက အခုလို ထားလေလေ သူက ပါဝါတွေ တက်လာလေပါပဲ။ သူ့ကို ကြည့်ရတာ အန်ကယ်တို့ စိတ်ထဲမှာ ချမ်းမြေ့တယ်။ ဒါပေမယ့် အခုလို နေရတာမျိုးတော့ မဖြစ်စေချင်ဘူး။ စစ်အစိုးရ ၀န်ထမ်းတဦး ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကရုဏာရှိပြီးသားပါ” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ (ယက်တောအိမ်ထဲ ၀င်ရောက်မှု) တရားခံဟု စွပ်စွဲသုံးနှုန်း စစ်ဆေးသည်ကို မကျေနပ်ကြကြောင်း၊ သို့သော် ပြောမိပါကလည်း ၎င်းတို့၏ စားဝတ်နေရေး အတွက် အလုပ်ပြုတ်သွားမည်ကို စိုးရိမ်ကြကြောင်း အစိုးရ ၀န်ထမ်းများကလည်း ပြောကြသည်။ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သော ဆက်သွယ်ရေး အရာရှိတဦးက “ဘယ်သူ့ကိုဖြစ်ဖြစ် မေးလိုက်ပါ။ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီကြားထဲ ရဲကားတွေက မြို့ထဲမှာ အင်အားပြ နေသေးတယ်။ ရှင်းရှင်းလင်းလင်း ပြောမယ်ဗျာ။ ဘယ်သူမှ သူတို့ကို မလိုလားဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ ပိုဆိုးသွားတယ်” ဟု ပြောသည်။ ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်း ဂျာနယ်တစောင်၏ အယ်ဒီတာ တဦးကလည်း ယခုကဲ့သို့ စစ်အစိုးရ၏ လုပ်ရပ်အပေါ် စာပေ စာနယ်ဇင်းသမား အတော်များများက မနှစ်သက် ကြကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား ရေကူး ၀င်ရောက်မှုနှင့် ပတ်သက်၍ အင်းစိန် အထူး တရားရုံးတွင် မေ (၁၈) ရက်မှ စတင်၍ အမှုစစ်ဆေး ကြားနာခဲ့သည်။

တတိယနေ့ဖြစ်သည့် ယမန်နေ့တွင် နိုင်ငံခြား သံတမန် (၂၉) ဦးနှင့် ပြည်တွင်းပြည်ပ သတင်းနှင့် စာနယ်ဇင်းများမှ သတင်းထောက် (၁၀) ဦးတို့ကို တရားခွင်သို့ လာရောက်ခွင့် ပြုခဲ့သည်။ စင်ကာပူ သမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနှင့် ထိုင်းတို့မှ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည့် သတင်းကို ယမန်နေ့ည (၈) နာရီတွင် စစ်အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသခဲ့သည်။

ယနေ့ မေလ (၂၁) ရက်နေ့ထုတ် အစိုးရ သတင်းစာများ တွင်လည်း အလားတူ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန် အကျဉ်းထောင် အထူးတရားရုံးတွင် တွေ့ဆုံသော သတင်းကို ဖော်ပြထားသည်။

ခေတ်ပြိုင်မှ

Read article   Add Comment

တောင်းပန်တယ်..

Posted on 5/20/2009 byာတေကြီး

တောင်တောက သာယာတာ၊

 မြောက်တော က နာစရာပေပ။

ငါကိုယ်က အသားတစ်ချီပြီး

အမြင့်ကို ပျံ မှိရက်သား။

အမြင့်ပျံမှတော့ လေဆန်တာ မဆန်း၊

ငါ လမ်းမှာပျံရင်းနဲ.သေသေ။

ခွေးအ တစ်ကောင် ငါ့ လှမ်းဟောင်သေး၊

ဘာကြောင့်မေးတော့ သူပြန်ဖြေ။

“အကိုရေ...... ဆေးမဲတစ်ဘူးလောက်ပေးပါ၊

ကျနော်မှ မဖြူတာ ကျန်လူတွေဆေးမည်းသုတ်မလို.”တဲ့။

ငါ့မလည်းအတော်ကို သည်းခံ၊

အော်ဟော် ...ပါရမီတွေတောင်ရင့်သန်လို.၊။

အဲ တစ်ခုတော့တောင်းပန်ပါရဲ့။

ယောင်္ကျားစကားတော့ပြော...။      ။

Read article   Add Comment

ဘီလူးဆိုင်း

Posted on 5/19/2009 byာတေကြီး

အချည်ပေါင်းသည် ဖြတ်တယ်ထင်ပါ.။

မောင်း သံ တော့ကြားနေရပီ။
အထမ်းသမားတွေကို အော် ပြောလိုက်ကြပါ။
 

ဒါပေမဲ့ သိပ်မဆူကြပါနဲ့လား...ဟော...
ငါ့နားမှာ ပင်လယ်လှိုင်းသံတွေလည်းကြားနေရတုန်း...။

မနှစ်က သစ္ဆေက ခုချိန်ထိခြောက်တုန်း...။

တကတည်းဗျာ....
တ “မ”တည်း“မ”နေလိုက်ကြရတာ..မနိုင်ဝန်တွေ။

အနှစ် ၂၀ ကျော်လည်း ဒုံရင်းက ဒုံရင်း၊

အက္ခရာ၊ဂဏန်း လေးလုံးကလည်း

အနီရောင်တွေ ရဲခဲ့ပါရောလား။

ရွှေဝါမြေ မှာ တနှစ်ကလည်း

ရဲရဲတောက်ခဲ့ပါသေးရဲ့။

နတ်နေမျိုးအနွယ် အလံ...

အခု လွှင့်ဖို.ကြံကြစမ်း။


ကိုင်း လာစမ်းပါ။    ညာသံတွေးပေးပြီးတော.။   ။

ဟားဟား ..ညှီစို.စို. ပစ်စာတွေလောက်နဲ့
မီးဝင်းဝင်းတောက်နေကြပါေ၇ာလား..။

ဝံပုလွေတွေ  က ကွက်ဆန်းထွင်ကြပေါ့။

သိုးရေကတိုပြီး အမြှီးကရှည်နေတယ်။

တောင်အာရှမှာ သူတော်တော်ကြမ်းတာဟေ့။

မရဏတေးတွေ တွင်တွင်သြီပီးခဲ့ပါပေါ့။


အမယ်ဘုတ်ရေ ....
ဝါပင်တွေခုတ်ဖြတ်ထားပါရဲ့လား။

ကြပ်ကုန်းမှာ တိမ်မည်းလိပ်တွေဆင်လာမှတော့ ...
မကြာခင် မိုးကြီးချုပ်တော့မယ်။

သိုက်စာတွေ ပလူပျံနေမှတော့.....တို.လူတွေ.
ချည်မန်းကွင်းတင်းပါစေနော်...။
ဒူးလေးတွေပြင်ကြစို....၊
တဆက်တည်း ဆေးမှင်ကြောင်တွေကို ဂါထာစုပ်ထားဟေ.။

ခတ်ကွင်းပြင်ထားနော်....ရှေ.အနားမှာရွာသစ်ကြီးရှိတယ်။

နေရာဒေသကြောင့် ဘာသာဗေဒတွေကွဲပေမဲ့
သစ္စာဆိုတာတော့ စူးတတ်တယ်ဆိုကြတာပဲ။
ပင်လုံက ခေါပုတ်ကောင်းခဲ့တာ မင်းမေ့နေပြီလား။

အမေ့ ကို မင်းသနားရင်၊တရားကို မင်းချစ်ရင်၊

ဘိုးဘွားတွေမင်းရှက်ရင်၊  အမှားတွေမင်းဖျက်ချင်မှာပါ။

မင်းရဲ့ “တတ်တူး ”တွေထက် သာတာ ...

ယောင်္ကျားမှာဒဏ်ရာတဲ.။

စွမ်းအားရှင်တွေတော့ ရှိကြတာပဲ။သူတို့ က သံ စားကြသလား။

ဂျင်ကလိတွေတောင် ကိုယ်ရောင်ဖျောက်နေကြပါပေါ.လား။

ဓါတ်ဆီပုံး ရှိတဲ.နေရာ ဆေးလိပ်တို မချရ။ သတိ ရေရှားသည်။

ကိုင်!!!!း မိုးခါး၇ည်မူးနေတဲ.ခွေးအတွေလာမှတော့


ငါတို့ ဇာတ် ထွက်  က လိုက်ကြမယ်!!!!!

ယောင်္ကျားတွေ မဟုတ်လား....

ဓါးတစ်ချောင်းတော့ ကိုင်တတ်ပါတယ်...

ကိုင်း ပြောနေကြာတယ်.....၊


ရွာစားရေ!!! ဘီလူးဆိုင်းသာတီး။

Read article   Discuss [1]

AMERICA AND MYANMAR......

Posted on 5/19/2009 byာတေကြီး

ဒေါ်အောင်ဆန်းစုကြည် တရားခွင် စစ်ဆေးမှု အများပြည်သူ ကြားနာခွင့် အမေရိကန် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော (John Yettaw) တို့အပေါ် စွဲဆိုထားတဲ့ တရားခွင်ကို အမေရိကန် အစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့် နေတယ်လို့ ပြောရမှာပါ။ ဒီတရားခွင်ကို အများပြည်သူ သိရှိနိုင်အောင် ဖွင့်ပေးသင့်တယ်လို့လည်း အမေရိကန်အစိုးရက မြန်မာအာဏာပိုင်တွေကို တောင်းဆိုနေပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုဟာ သူမကို ထပ်ပြီး ဖမ်းဆီးထိန်းသိမ်း ထားနိုင်ဖို့ အကြောင်းပြချက်ပဲ ဖြစ်တယ်လို့ အမေရိကန် အစိုးရအနေနဲ ယုံကြည်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ (Ian Kelly) က ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုစွဲဆိုထားတဲ့ စွဲချက်တွေအပေါ် ကျနော်တို့ အလွန်တရာ စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်တိုးဖို့၊ ဒါမှမဟုတ် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ဖို့ အထိတောင် ပြင်ဆင်တဲ့ အကြောင်းပြချက် တခုအနေနဲ့ ဒီစွဲချက်တွေကို အသုံးချတာပါ။ မစ္စတာယက်ထော ကိစ္စနဲ့ ပတ်သက်လို့တော့ ကျနော်လည်း ရှေ့နေမဟုတ်တော့ သူ့အပေါ်တင်ထားတဲ့ စွဲချက်မျိုးနဲ့ ပတ်သက်လို့ မှတ်ချက် မပေးနိုင်ပါဘူး။ ဒါပေမယ့်လည်း တရားရုံးတင် စစ်ဆေးတာ မှန်သမျှကို မြန်မာအာဏာပိုင်တွေ အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ အများပြည်သူ နားလည်သိရှိနိုင်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။” မနေ့က ကြားနာမှုကိုတော့ ရန်ကုန် အမေရိကန်သံရုံး တာဝန်ရှိသူတဦး ၀င်ရောက် လေ့လာနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထောရဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စ တွေအတွက် ကူညီဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထောတို့ စွဲချက်တင်ထားတဲ့ တရားခွင်ကို အမေရိကန်သံရုံး တာဝန်ရှိသူတဦး ၀င်ရောက်ပြီး လေ့လာ ကြားနာခဲ့ပါတယ်။ မစ္စတာယက်ထောကိုတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတော် လုံခြုံရေးအတွက် တားမြစ်ထားတဲ့ နေရာကို ဖြတ်ကျော် ၀င်ရောက်မှုနဲ့ တရားစွဲတာပါ။ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကတော့ မစ္စတာယက်ထော အမှုကိစ္စ၊ သူ့ကျန်းမာရေး၊ လူမှုရေး အစစအရာရာ အတွက် စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။”

အမေရိကန်အစိုးရအနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာအစိုးရက ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခု မြန်မာနိုင်ငံ အခြေအနေအတွက် အမေရိကန်အစိုးရအနေနဲ့ ထောင့်ပေါင်းစုံက ကြိုးစားနေ တယ်လို့လည်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ အခုကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ကို ဆွေးနွေး ပြောထားသလိုပဲ အခြား ဒေသတွင်း ခေါင်းဆောင်တွေနဲ့လည်း ပြောဆိုဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ အခြေအနေအပေါ်မှာ အမေရိကန် အစိုးရပိုင်းတင်မက အမေရိကန် လွှတ်တော်မှာပါ အတော်လေး စိတ်ဝင်တစား စိုးရိမ်တကြီး ရှိကြတယ်လို့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်မစ်ခ်ျ မက်ကော်နဲလ် (Mitch McConnell) ကလည်း ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ သူ့လုပ်ရပ်တွေဟာ တကမ္ဘာလုံးက ဒီမိုကရေစီ နိုင်ငံတွေကို အတော်လေး စိတ်အနှောင့်အယှက် ပေးနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအခြေအနေတွေဟာ အမေရိကန် အစိုးရအဖွဲ့အသစ်ထဲမှာတင် မကပါဘူး၊ ဗမာပြည်သူတွေ ဘက်က အခိုင်အမာ ထောက်ခံထားတဲ့ အမေရိကန် လွှတ်တော်ထဲ အထိပါ ဂယက်ရိုက်ခတ်မှု ရှိပါတယ်။ ကျနော်နဲ့အတူ လွှတ်တော် နှစ်ရပ်လုံးက အမတ်မင်းတွေဟာ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ကို စိုးရိမ်တကြီး၊ စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။”

အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်ပြီး သုံးသပ်နေဆဲ ရှိပေမယ့် သောကြာနေ့ ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု ဥပဒေကို နောက်ထပ် တနှစ်သက်တမ်း သမ္မတ အိုဘားမားက တိုးလိုက်ပါတယ်။

အမေရိကန်လွှတ်တော်ဘက်ကတော့ သမ္မတအိုဘားမားရဲ့ မြန်မာ့အရေး ချဉ်းကပ် ကိုင်တွယ်မှု တွေအပေါ် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်လို့ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ်က ပြောပါတယ်။

“မြန်မာအစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ် အရေးယူမှု နောက်တနှစ် သက်တမ်း တိုးလိုက်တဲ့ သမ္မတအိုဘားမား အစိုးရရဲ့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ကျနော့်အနေနဲ့ သြဘာပေး ထောက်ခံပါတယ်။ အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်ပြီးတာနဲ့ အစိုးရအဖွဲ့နဲ့အတူ မြန်မာ့အရေးတွေ အတူတကွ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။” အမေရိကန် အစိုးရအနေနဲ့တော့ မြန်မာ့ဒီမိုကရေစီ ရေးအတွက် အရေးယူ ဒဏ်ခတ်မှုဆိုတဲ့ နည်းလမ်းအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ အသေးစိတ် ထုတ်ဖော်မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို အမေရိကန်အစိုးရက မြန်မာ့အရေး မူဝါဒ ပြန်ပြီးသုံးသပ်နေတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စ ဖြစ်လာတာဟာ မူဝါဒ ပြန်လည်စဉ်းစား သုံးသပ်မှုမှာ ထည့်သွင်းပါလာမယ့်အချက် ဆိုတာကတော့ သေချာတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

voa burmese မှ

Read article   Add Comment

CTRL earlier
http://vzochat.com/en/blog/tar_tay_gyi/page/2

Photos

တာတေ့ရဲ့ေ…
1
ပင်ပန်းလို…
0
လက်ထက်တော်…
0
တန်ဆောင်မု…
0

Latest comments

ဘ၀ရှင်မင်းမတရားကြီး၏ “တံဆိပ်ခေါင်းတော်”
ဒါကြောင့်ဒီလို စာမျိုးဖတ်ဖူးတယ်ဆိုပြီး လက်ဆတ်သတ်တော့ ဘာသာပြန်ကိုး
ဘ၀များစွာထဲက ကျနော် လက်လှမ်းမီရာဘ၀အချို့အကြောင်း
ဖတ်တယ် ဘလော့တော်တော်များများဖတ်ပါတယ်   တကယ့်အမှန်တရားတွေဆိုတာလဲသိတယ်        …
ကျနော် လွမ်းနေတယ် အမေ။
ကိုတာတေကြီး ရေးထားတာကောင်းလိုက်တာဗျာ....ကျွန်တော်တောင် ခံစားရတယ်... ကိုတာတေကြီး ကြိုးစားလိုက်စမ်းပါ...ဘယ်သူအားပေးပေး..မပေးပေး…
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.